ယနေ့အချိန်ကာလတွင် စွမ်းအင်ကဏ္ဍ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ တဖြည်းဖြည်းလျော့နည်းလာနေပြီဖြစ်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များ သုံးသပ် တင်ပြချက်များအရ သိရှိရပါတယ်။ ယင်းသို့လျော့နည်းလာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်း အမြစ်များအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ နေစွမ်းအင်၊ လေစွမ်းအင်နှင့် ရေအားလျှပ်စစ်တို့ ကို ထုတ်ယူသုံးစွဲ၍ အစားထိုးသုံးစွဲနေရကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ထို့နည်းတူစွာ ဇီဝစွမ်းအင် မှလည်း လောင်စာထုတ်လုပ်၍ လျော့နည်းသွားသော စွမ်းအင်များနေရာတွင် အစားထိုးသုံးစွဲနိုင်ရန် ဆောင်ရွက်လာခဲ့ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတွင်လည်း အလားတူ သုံးစွဲနေ ကြောင်း တွေ့ရှိရတဲ့အတွက် ဇီဝလောင်စာနှင့်စပ်လျဉ်းပြီး မေးခွန်း ၃ ခုအား မေးမြန်းလိုပါတယ် ခင်ဗျား။ (၁) ဇီဝလောင်စာနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံအနေနဲ့ မည်ကဲ့သို့ ဆောင်ရွက်နေပါသနည်း။ (၂) ဇီဝလောင်စာထုတ်လုပ်မှုအတွက် မည်သည့်အတိုင်းအတာအထိ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးပြီးဖြစ်ပါသနည်း။ (၃) ဇီဝလောင်စာဆီနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အလားအလာများ၊ အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
(၁) ဇီဝလောင်စာနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံအနေနဲ့ မည်ကဲ့သို့ဆောင်ရွက်နေပါသနည်း။ (၂) ဇီဝ လောင်စာထုတ်လုပ်မှုအတွက် မည်သည့်အတိုင်းအတာအထိ အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီး ပြီး ဖြစ်ပါသနည်း။ (၃) ဇီဝလောင်စာဆီနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အလားအလာများ၊ အခြေအနေများကို သိရှိလိုပါတယ်လို့ မေးမြန်းထားပါတယ်။ ယင်းမေးခွန်းကို အောက်ပါအတိုင်း ရှင်းလင်းတင်ပြလိုပါတယ်။
နိုင်ငံတော်အစိုးရဟာ ပြန်ပြည့်မြဲစွမ်းအင်များကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ဖို့ ဆောင်ရွက် လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီဟာလည်း ပြန်ပြည့်မြဲစွမ်းအင်ကို လျော့နည်းလာတဲ့ ရုပ်ကြွင်း လောင်စာ(Fossil Fuel)အစား အသုံးပြုပြီး ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ ပြန်ပြည့်မြဲ စွမ်းအင်ဇီဝလောင်စာများကတော့ ဇီဝအီသနော(Bioethanol)၊ အီသနောနှင့် ဓာတ်ဆီအရော (Gasohol)၊ ဇီဝဒီဇယ်ဆီ (Biodiesel)၊ ဇီဝဓာတ်ငွေ့(Biogas)၊ ဇီဝဒြပ်ထု (Biomass) တို့ပါဝင်ပြီး ယင်းဇီဝလောင်စာများ ဖွံ့ဖြိုးတိုးတက်သုံးစွဲရေးအတွက် စွမ်းအင် ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနတို့နှင့် စက်မှုဝန်ကြီးဌာနတို့မှ ဆောင်ရွက် လျက် ရှိကြပါသည်။ ဇီဝလောင်စာ Gasohol နှင့် Biodiesel ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်မှု၊ ဖြန့်ဖြူးရောင်းချမှုတို့နှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ဖို့ စွမ်းအင်ဝန်ကြီးဌာနသည် နည်းပညာအကြံပေးရေးအဖွဲ့များကို ဝန်ကြီးဌာနအသီးသီး နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများက ပညာရှင်များနဲ့ ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ကစပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အမိန့်ကြော်ငြာစာ (၁/၂၀၀၈) အရ ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ ပြည်တွင်းမှာ ဇီဝလောင်စာစက်သုံးဆီ လုပ်ငန်းဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ဟာ ဓာတ်ဆီအစားထိုး ဇီဝလောင်စာစက်သုံးဆီ ပြည်တွင်းမှာ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းအတွက် လိုင်စင် ထုတ်ပေးခြင်းကို စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်ဖို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၀၉) ကို ထုတ်ပြန်ပြီး သတ်မှတ်ပေးခဲ့ပါသည်။ အဲဒီအမိန့် ကြော်ငြာစာအရ ဂရိတ်ဝေါစားသောက်ကုန်လုပ်ငန်း ကုမ္ပဏီလီမိတက်ကို နေပြည်တော်ဒေသ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာလည်းကောင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကို နေပြည်တော်ဒေသနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ လည်းကောင်း ဓာတ်ဆီအစားထိုး ဇီဝလောင်စာစက်သုံးဆီ Gasohol ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း ခွင့်ပြုလိုင်စင်များကို ထုတ်ပေးခဲ့ပါသည်။ ဒါပေမဲ့ Gasohol ရောင်းဈေးဟာ ဓာတ်ဆီရောင်းဈေးထက် သက်သာမှုမရှိခြင်း၊ ဇီဝလောင်စာဆီရဲ့ Specification သုံးစွဲသူများအနေနဲ့ သူတို့ရဲ့ စက်ပိုင်းဆိုင်ရာ ပြုပြင်ဆောင်ရွက်ရခြင်း ဇီဝလောင်စာဆီရဲ့ Specification ကို ပိုမိုဂရု စိုက်ထိန်းသိမ်းရခြင်း၊ အသုံးပြုတဲ့ စက်သုံးဆီ ပမာဏတူညီသည့်တိုင် ပေါက်မြောက်သည့် ခရီးအကွာ အဝေး လျော့နည်းခြင်း၊ သုံးစွဲသူတွေ ယုံကြည်ကိုးစားမှုရရှိစေဖို့ ခက်ခဲခြင်းစတဲ့ ကန့်သတ်ချက်များ ကြောင့် လုပ်ငန်းတိုးချဲ့အောင်မြင်ဖို့အတွက် အဟန့်အတားတွေဖြစ်စေခဲ့လို့ ယနေ့အချိန်တွင် Gasohol ရောင်းတဲ့ ဆိုင်တွေအနေနှင့် ဓာတ်ဆီနှင့် ဒီဇယ်ဆီကိုသာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရ ပါသည်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအနေဖြင့် Gasohol အသုံးပြုလျက်ရှိသည့် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ဆက်လက် ဖြန့်ဖြူးပေးလျက်ရှိပါသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနဟာ လယ်ယာဘေးထွက်ပစ္စည်းများနှင့် သစ်စက်များက စွန့်ပစ်ပစ္စည်းတွေ ဖြစ်ကြတဲ့ ပင်လယ်မှော်၊ ကောက်ရိုး၊ လွှစာမှုန့်တွေကို အသုံးပြုပြီး ဇီဝနည်းစနစ်များ အသုံးပြုကာ Bioethanol ထုတ်လုပ်ခြင်း သုတေသနများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြန်မာနိုင်ငံ ဓာတုအင်ဂျင်နီယာအသင်းကလည်း လယ်ယာသုံးစက်ကိရိယာပစ္စည်းများမှာ တိုက်ရိုက် သုံးစွဲနိုင်တဲ့ ဇီဝအီသနော (Bioethanol) ထုတ်လုပ်ခြင်းကို ဆောင်ရွက်နေသော်လည်း အသုံးပြုရာ တွင် သုံးစွဲသူများအတွက် စက်ပိုင်းဆိုင်ရာ ပြုပြင်သုံးစွဲရခြင်း အကန့်အသတ်ရှိနေတာကြောင့် သုတေသနပြုလုပ် အဖြေရှာလျက်ရှိကြောင်း သိရှိရပါသည်။
ခြံစည်းရိုး ကြက်ဆူဆီမှ ဇီဝလောင်စာ Biodiesel ထုတ်လုပ်နိုင်မယ့် သုတေသနလုပ်ငန်း များကို စွမ်းအင်ဝန်ကြီးဌာနဟာ ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ဆောင်ရွက်ခဲ့ပါသည်။ ယင်း သုတေသနပြုလုပ်ချက်များ အပေါ်အခြေခံကာ တစ်ရက်လျှင် ၁၀၀ ဂါလန် ထုတ်လုပ်နိုင်သော Biodiesel Pilot Plant တည်ဆောက်ခဲ့ပြီး၊ ကုန်ကြမ်းရရှိမှုအပေါ် မူတည်ကာ စမ်းသပ်လည်ပတ် ဆောင်ရွက်လျက်ရှိနေပါသည်။
ထို့အတူ ကြက်ဆူဆီမှ Biodiesel ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့ ခြံစည်းရိုးကြက်ဆူဆီ (Jatropha Curcas Oil) နှင့် အခြားစွန့်ပစ် ဆီများမှ ဇီဝဒီဇယ်ဆီထုတ်လုပ်ခြင်းအတွက် စီးပွားရေးတွက်ခြေကိုက်ပြီး အရည်အသွေးကောင်း ဇီဝဒီဇယ်ထုတ်လုပ်နိုင်ဖို့ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေပါသည်။ ဒါ့အပြင် ဆီပေါ ကြွယ်ဝတဲ့ Algae လို့ခေါ်တဲ့ ရေမော်အမျိုးအစားများကို စုဆောင်းပွားများပြီး ဇီဝဒီဇယ်ထုတ်လုပ်ဖို့ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိနေပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဟာ ခြံစည်းရိုးကြက်ဆူဆီမှ Biodiesel ရဖို့ ၂၀၀၆ ခုနှစ်မှာ ခြံစည်းရိုးကြက်ဆူဧက ၁.၅၉ သန်း စတင် စိုက်ပျိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လအထိ ခြံစည်းရိုး ကြက်ဆူဧက ၁.၇၅ သန်းကျော် စိုက်ပျိုးခဲ့ပါသည်။ နိုင်ငံတော်က ခြံစည်းရိုးကြက်ဆူ စိုက်ပျိုး ခြင်းကို တွန်းအားပေးပြီး တစ်နိုင်ငံလုံးမှာ ဧက ၇ သန်း ကျော်စိုက်ပျိုးဖို့ ဆောင်ရွက်ခဲ့ပေမယ့် အမှန် စိုက်ပျိုးနိုင်မှုမှာ စာရင်းဇယားများအရ လျာထားဧကရဲ့ ၂၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရှိပါသည်။ စိုက်ပျိုးထားတဲ့ ခြံစည်းရိုး ကြက်ဆူပင်မှ ကြက်ဆူဆီ အထွက်နှုန်းနည်းပါးတာကြောင့် အပင်မျိုးသန့် ရရှိရေးဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပြီး၊ စိုက်ပျိုးသူများအတွက် ခိုင်မာတဲ့ ဈေးကွက်ရှိ ဖို့ လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ဒါ့ပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို ရည်ရွယ်ပြီး စွမ်းအင်ဝန်ကြီးဌာနဟာ ဂျပန်နိုင်ငံ Jissen Kankyo Kenkyusho(JKK)နှင့် ပူးပေါင်းကာ ကြက်ဆူဆီမှ Bio Diesel Fuel (BDF) ထုတ်လုပ်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ Letter of Intent (LOI)) ကို ၁၆-၁၂-၂၀၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပါသည်။ အဲဒီ စီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် လက်မောင်းကွေး (ဇီးယား) ကျေးရွာမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဟာလည်း တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ၊ လယ်ယာစွန့်ပစ်ပစ္စည်းများက လေနဲ့ အချဉ်ဖောက်နည်းစနစ်နဲ့ ဇီဝဓာတ်ငွေ့ (Biogas) ထုတ်လုပ်ပြီး ဇီဝဓာတ်ငွေ့သုံး အင်ဂျင် မောင်းနှင်ကာ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ထင်းအစားထိုး လောင်စာ အနေနဲ့ ဓာတ်ငွေ့သုံးမီးဖို အသုံးပြုပြီး ထမင်းဟင်းချက်ပြုတ်ရာမှာ အသုံးပြုခြင်း၊ ဇီဝဓာတ်ငွေ့ ထုတ်ကန်က ထွက်လာသော လျှံရည်များကို သဘာဝမြေသြဇာအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများမှာ အသုံးပြုခြင်းစတဲ့ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဟာ Biogas Plant (၆၊ ၈၊ ၁၀၊ ၁၂၊ ၁၅၊ ၃၅၊ ၅၀၊ ၁၀၀) ကုဗမီတာအထိ အရွယ်အစားမျိုးစုံ ၉ မျိုးကို ကျေးရွာများရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်များအပေါ် မူတည်ပြီး တည်ဆောက်ပေးလျက်ရှိရာ Biogas Plant Size စုံ စုစုပေါင်း ၁၇၇ လုံးကို နေပြည်တော် ဒေသ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ တည်ဆောက်ပေးခဲ့ပြီး လက်ရှိအသုံး ပြုလျက်ရှိနေပါသည်။
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းတွေနဲ့ ကျေးရွာမီးလင်းရေးအတွက် ဇီဝဒြပ်ထု (Biomass)က ဓာတ်ငွေ့ထုတ်ယူပြီး ဓာတ်ငွေ့သုံး အသေးစားစက်များနဲ့ လျှပ်စစ်ဓာတ်အားထုတ် ယူသုံးစွဲကြပါတယ်။ Biomass အဖြစ် ကျေးရွာများမှာ လွယ်လင့်တကူရယူနိုင်တဲ့ စပါးခွံများ၊ သစ်တော ဘေးထွက်ပစ္စည်းများနဲ့ အသုံးပြုနိုင်ပါသည်။ ဇီဝဒြပ်ထုလောင်စာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတို့က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေပါသည်။
ဇီဝလောင်စာဆီဖြစ်တဲ့ Gasohol နှင့် ပတ်သက်ပြီး အီသနောဟာလည်းကောင်း၊ Biodiesel မှာ ဆီထွက်သီးနှံဖြစ်သည့် ခြံစည်းရိုးကြက်ဆူဆီသည်လည်းကောင်း မြန်မာနိုင်ငံ၌ အဓိကကျပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အီသနောစက်ရုံများက ၉၉.၅ ရာခိုင်နှုန်း အီသနောကို တစ်ရက် လျှင် ဂါလန် ၃၅၀၀ နှင့် ၉၉.၉ ရာခိုင်နှုန်း ရေမဲ့အီသနောကို တစ်ရက်လျှင် ဂါလန် ၄၀၅၀၀ ထုတ်လုပ် နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အီသနောစက်ရုံများအတွက် အဓိကကုန်ကြမ်းဟာ ကြံသီးနှံဖြစ်၍ ယင်းကြံသီးနှံဟာ စက်မှုကုန်ကြမ်းဖြစ်တဲ့အပြင် စားသောက်ကုန်အမျိုးအစားမှာလည်း ပါဝင်နေ တာကြောင့် Food and Energy Security အရ ကန့်သတ်ချက်များရှိတဲ့ သီးနှံအမျိုးအစားဖြစ်နေလို့ ကုန်ကြမ်းလုံလောက်စွာရရှိရေးမှာ အကန့်အသတ်များ ရှိနေပါသည်။
ဇီဝလောင်စာထုတ်လုပ်ရောင်းချရာမှာ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ကုန်ကြမ်း လုံလောက်စွာရရှိရေး၊ စီးပွားဖြစ်ရောင်းချနိုင်တဲ့ ခိုင်မာတဲ့ ဈေးကွက်ဖြစ်ထွန်းရေးဟာ အဓိကကျတဲ့ အချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ စွမ်းအင်အမျိုးအစားသစ်များကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့ အခက်အခဲများ ရှိနေတာတွေ့ရှိရပါတယ်။ ဥပမာအနေနဲ့ တင်ပြရရင် ယခုအချိန်အထိ နိုင်ငံတကာမှာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ သတ်မှတ်အသုံးပြုလျက်ရှိသည့် 92 RON ဓါတ်ဆီကိုပင်လျှင် မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုမရှိသေးတာကို တွေ့ရှိရပါတယ်။ စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်း (MPTA) ကို 92 RON ဓာတ်ဆီ ပြည်တွင်းမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်ရေးအတွက် တင်သွင်းဖြန့်ဖြူးရောင်းချသွားဖို့ တိုက်တွန်းညွှန်ကြား ထားပါသည်။ ဒါကြောင့်မို့လို့ မိမိတို့နိုင်ငံမှာ ဇီဝလောင်စာကို ကျယ်ပြန့်စွာ ထုတ်လုပ်ရောင်းချနိုင်ရေး အတွက် သုံးစွဲသူ ပြည်သူလူထုမှလည်း အဓိကအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တင်ပြလိုပါတယ်။
မြန်မာနိုင်ငံတွင် မြေလွတ်မြေရိုင်းများစွာရှိတဲ့အတွက် ဇီဝလောင်စာ ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းဖြစ်တဲ့ ကြံ၊ ခြံစည်းရိုးကြက်ဆူစသည်တို့ကို တိုးချဲ့စိုက်ပျိုးနိုင်တဲ့ ရေမြေ အခြေအနေရှိပါ သည်။ ဒါကြောင့် ဇီဝလောင်စာထုတ်လုပ်နိုင်တဲ့ နည်းပညာသစ်များ ဥပမာ ဆီပေါကြွယ်ဝသော Algae လို့ခေါ်တဲ့ ရေမှော်အမျိုးအစားများ စုဆောင်းပွားများပြီး ဇီဝဒီဇယ်ထုတ်လုပ်ခြင်း၊ Lignocellulosic Biomass မှ Ethanol ထုတ်လုပ်ခြင်းတို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ဖို့ လိုအပ်နေသေးကြောင်းနှင့် ကစီဓာတ်ကြွယ်ဝတဲ့ သီးနှံများ ဖြစ်တဲ့ ပီလောပီနံနှင့် နှံစားပြောင်းချိုတို့ကိုလည်း စိုက်ပျိုးပြီး ဇီဝလောင်စာ ထုတ်လုပ်နိုင်ဖို့ စမ်းသပ်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။
မိမိတို့နိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင်နှင့် သက်ဆိုင်တဲ့ မူဝါဒတွေ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအတော်များများကတော့ ဇီဝလောင်စာနှင့် ပတ်သက်ပြီး အခွန်ကင်းလွတ်ခွင့် မူဝါဒများ ချမှတ်ထားကြတာကို တွေ့ရှိရပါတယ်။ ဒါ့ပြင် ပြန်ပြည့်မြဲစွမ်းအင်ဥပဒေနဲ့ ပတ်သက် ဆက်နွယ်တဲ့ အစိုးရအမိန့်ကြော်ငြာချက်များမှာလည်း အခွန်ဦးစားပေးမူဝါဒများ ထုတ်ပြန်ပေးကြပါ တယ်။ ဒီလို လုပ်ဆောင်ပေးမှသာ ဇီဝလောင်စာသုံးစွဲသူများ များပြားလာမည်ဖြစ်ပြီး မိမိတို့ နိုင်ငံအနေနှင့်လည်း ဇီဝလောင်စာဆိုင်ရာ အခွန်မူဝါဒများ ချမှတ်ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရရှိ ပါတယ်။
မကြာမီက နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒီကော်မတီအနေနဲ့ ပြန်ပြည့်မြဲ စွမ်းအင်မူဝါဒချမှတ်ရေး၊ ယင်းလုပ်ငန်းများမှာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ အားကောင်းလာစေရေး ဆွဲဆောင်နိုင်မယ့် အစီအစဉ်များကို ချမှတ် ဆောင်ရွက်သွားဖို့လိုမှာ ဖြစ်ပါသည်။
ရုပ်ကြွင်းလောင်စာ (Fossil Fuel) လက်ကျန်ပမာဏ တစ်ဖြည်းဖြည်း လျော့နည်းလာပြီဖြစ်တဲ့ အတွက် ပြန်ပြည့်မြဲ စွမ်းအင်များကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲစေရေးကိုလည်း အားပေးကူညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လိုအပ်တဲ့ နည်းပညာများ၊ အထောက်အပံ့ များလည်း တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
