(ဇ)-ကျူးကျော်သူများအား ဘဝရပ်တည်မှုအာမခံချက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၉.၇.၂၀၁၂)

လူ့ဘဝမှာအရေးကြီးဆုံးက စားဝတ်နေရေးဖြစ်ပါတယ်။ ဒီထဲမှာ နေရေး၊ ထိုင်ရေးဟာ မရှိမဖြစ် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်းမှာလည်း အလားတူ နေထိုင်ရေးအခက်အခဲများစွာနဲ့ တွေ့ကြုံနေရတဲ့ ကာလအားဖြင့် ကြာမြင့်ပြီဖြစ်တဲ့ ကျူးကျော်သူမြောက်မြားစွာရှိပါတယ်။ ဒီလိုအခြေအနေမျိုးရောက်နေသူများကို ကျူးကျော်သူများလို့ ပတ်ဝန်းကျင်က သုံးနှုန်းကြတာဖြစ်ပါတယ်။ ကျူးကျော်သူများကို လေ့လာရင် မိမိဒေသအတွင်းမှာ အိမ်ထောင်ခွဲထွက်ပြီးတော့ မိမိကျေးရွာရပ်ကွက်မှာပဲ ပြန်လည်နေထိုင်ကြတဲ့ ကျူးကျော်သူများနဲ့ နာဂစ်ဖြစ်တဲ့ကာလတုန်းကလို မြစ်ဝကျွန်းပေါ်ဒေသကနေ ရန်ကုန်တိုင်းအတွင်း ပြောင်းရွှေ့လာတဲ့ မိမိ ရဲ့ဘဝရပ်တည်ဖို့အတွက် ရေကြည်ရာမြက်နုရာရှာဖွေရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် ရောက်ရှိ လာတဲ့ ကျူးကျော်ဆိုပြီးတော့ ၂ မျိုးတွေ့ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ နိုင်ငံအတွင်းမှာ သွားလာလုပ်ကိုင်နေတဲ့ ဒေသတွင်းကျူးကျော်တွေလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီနှစ်မျိုးဟာ ကျွန်တော်တို့နိုင်ငံအတွင်းမှာ များစွာရှိပါတယ်။ ကျွန်တော်တို့ မဲဆန္ဒနယ်ဖြစ်တဲ့ ရွှေပြည်သာ မြို့နယ် မှာသာ ၂၀၀၀၀ နီးပါးခန့်ရှိပါတယ်။ ဒီလို ကျူးကျော်လို့ခေါ်တဲ့ လုပ်သားပြည်သူများဟာ နိုင်ငံသား များသာဖြစ်ပြီးတော့ စားဝတ်နေရေးမပြေလည်ကြသလို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာလည်း အခက်အခဲများစွာကို ကျော်လွှားပြီး‌တော့ ဘဝရပ်တည်နေရသူတွေလည်း ဖြစ်ပါတယ်။ ယနေ့ ရပ်ကွက်များအတွင်းမှာ ပလပ်နေတဲ့မြေတွေ၊ ပိုင်ရှင်ရှိပြီးတော့ ပိုင်ရှင်လာရောက် နေထိုင် ခြင်းမရှိတဲ့ကွက်လပ်တွေ၊ စက်မှုဇုန်လို့ သတ်မှတ်ထားတဲ့ကွက်လပ်တွေမှာ ရပ်ကွက်က တာဝန်ရှိသူများကို ညှိနှိုင်းပြီးတော့ ငွေကြေးအကုန်ကျခံပြီးတော့ နေထိုင်နေကြတာ ွဖစ်ပါတယ်။ ကျူးကျော်ဘဝကို ကြီးရင့်လာရင် အခြေအနေမဲ့ဘဝကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ကျင့်သားရနေပြီလို့ပြောတဲ့ တချို့နိုင်ငံကြီးတွေမှာတောင် လမ်းမကြီးတွေရဲ့ဘေးမှာ ဥပဒေမဲ့နေထိုင် ကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ နိုင်ငံအနေနဲ့တော့ မြေသယံဇာတ ကြွယ်ဝသလို ဖန်တီးနိုင်စွမ်းလည်းရှိတာမို့  နိုင်ငံတော်အပိုင်းကလည်း ကျူးကျော်လုပ်သားပြည်သူ များအတွက် စာရင်းကောက်ယူတာတွေ၊ ဥပဒေပြုတာတွေ၊ နေရာထိုင်ခင်းစီစဉ်ပေးတာတွေ အစီအမံတွေကို အလေးအနက်ထားဆောင်ရွက်ဖို့ လိုပြီဖြစ်သလို ဥပဒေနှင့်ဆောင်ရွက်မယ့်ကိစ္စတွေကို မလုပ်ခဲ့ရင် ဥပဒေမယ့်ဆောင်ရွက်မှုတွေ ဥပဒေမယ့်အားပေးကူညီမှုတွေ ဆက်ပြီးတော့ရှိလာမှာ ဖြစ်ပါတယ်။ ကျူးကျော်နေထိုင်ရေးဟာလည်း ဒီမိုကရေစီနိုင်ငံ လျှောက်လှမ်းနေတဲ့အချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကို စနစ်တကျနဲ့ Reform လုပ်ပေးနေတာတွေ  အလေးအနက်ထားပြီး စီမံပေးနေတာတွေ တစ်နှစ်ကျော်ကာလသာရှိသေးတဲ့ လွှတ်တော်ကြီးရဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့ စည်းကမ်းစနစ်တကျ ပြည်သူအသံနားထောင်ပြီး ပြောဆိုဆွေးနွေးဥပဒေပြုနေကြတာတွေကို သူတို့ အနေနဲ့ အတတ်ပညာအားနည်းပေမယ့်၊ အသိပညာပြည့်ဝစွာနဲ့ အားကိုးတကြီး စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကျူးကျော်သူများနဲ့ပတ်သက်လို့ မေးလိုတဲ့မေးခွန်းကတော့ -

(၁)     နိုင်ငံတော်မှာရှိတဲ့ ကျူးကျော်သူများစာရင်း ကောက်ယူထားွခင်းရှိ၊မရှိ။ မရှိခဲ့ရင် ကောက်ယူဖို့ အစီအစဉ်ရှိ၊မရှိ။

(၂)     ၎င်းကျူးကျော်သူများကို သူတို့ရဲ့ ဘဝရပ်တည်ဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အာမခံချက် ပေးနိုင်တဲ့အထိ နိုင်ငံတော်အနေနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ၊မရှိ။

(၃)     အစီအစဉ်မရှိခဲ့ရင် များစွာသောကျူးကျော်သူများနှင့် ထပ်မံတိုးပွားလာမယ့် ကျူးကျော် သူများကို ဘယ်လိုဆောင်ရွက် ပေးမလဲဆိုတဲ့ အစီအမံများကို သိလို၍ မေးမြန်းခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျူးကျော်သူများဆိုသည်မှာ စီမံခန့်ခွဲပိုင်ခွင့်မရှိသော အိမ်ရာမြေ၊ လုပ်ပိုင်ခွင့်ရလယ်မြေ၊ ယာမြေ၊ ဥယာဉ်ခြံမြေ၊ သစ်တောမြေ၊ ဌာနဆိုင်ရာမြေနှင့် သာသနာ့မြေ၊ မြေလွတ်မြေရိုင်းများပေါ်မှာ ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်နေထိုင်လုပ်ကိုင်ခြင်းပြုနေသူများပဲ ဖြစ်ပါ တယ်။ နိုင်ငံတော်အနေနဲ့ အစိုးရအဖွဲ့သစ်စတင်တာဝန်ယူချိန်မှစပြီး မြေယာစီမံခန့်ခွဲရေးကိစ္စရပ် များကို စနစ်တကျဖြစ်စေဖို့ ညွှန်ကြားဆောင်ရွက်လျက်ရှိပါတယ်။ ကျူးကျော်သူများဟာ မြန်မာနိုင်ငံရဲ့ မြို့ကြီးများမှာသာ နေထိုင်ကြသူများဖြစ်ပြီး အထူးသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့မြေများ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိတဲ့ မြေများ၊ စက်မှုဇုန်များ၊ စိုက်ပျိုးရေးအထူးဇုန်များနဲ့ မွေးမြူရေးအထူးဇုန် များပေါ်မှာ ကျူးကျော်ဝင်ရောက်နေထိုင်လျက်ရှိနေသည့် အမည်စာရင်းများကို ကောက်ယူရာတွင် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကျူးကျော်အဆောက်အဦပေါင်း ၄၄၉၆ ခု၊ ဌာနဆိုင်ရာ မြေပေါ်မှာ ကျူးကျော်အဆောက်အဦပေါင်း ၁၀၃၅၀ ခု၊ စက်မှုဇုန်မြေပေါ်မှာ ကျူးကျော် အဆောက်အဦပေါင်း ၃၄၁၄ ခုရှိကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေတိုးတက်များပြား မှုအပေါ် အခြေခံပြီးတော့ နယ်ပယ်အသီးသီးက လက်လုပ်လက်စားကျပန်းလူတန်းစားအချို့အနေနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းပိုမိုအားသာချက်ရှိတဲ့ မြို့ကြီးများကို ယခင် ကတည်းက ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း မြို့ကို မြို့နဲ့တူအောင် တည်ဆောက်ပြုပြင်ခြင်း၊ မြို့ကွက်များတိုးချဲ့ခြင်း၊ ရပ်ကွက်သစ်များတိုးချဲ့တည်ဆောက် ွခင်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းမှာ ရွှေပြည်သာမြို့သစ်၊ ဒဂုံမြို့သစ်၊ လှိုင်သာယာမြို့သစ်၊ ရွှေပေါက်ကံမြို့သစ်စတဲ့ မြို့သစ် များကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေနဲ့ ကျူးကျော်နယ်မြေမှာ နေထိုင်သူများဟာ ဥပဒေနှင့်အညီ နေထိုင်ခြင်းမဟုတ်တဲ့အတွက် လိပ်စာပါနေရာမှာ မည်သည့် အခြေအနေနဲ့ နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရဲ့ ထောက်ခံ ချက်တင်ပြနိုင်ခြင်းမရှိလို့ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးနိုြင်ခင်းမရှိကြောင်း သိရှိရပါတယ်။ ကျူးကျော်နယ်မြေမှာ နေထိုင်သူများကို သူတို့ရဲ့ မူရင်းဒေသက ပြောင်းရွှေ့ပုံစံ ၁၀ ထုတ်ယူခဲ့ခြင်း မရှိဘဲ လက်ရှိနေထိုင်ဖို့ ဒေသရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများရဲ့ ထောက်ခံချက်မပါရှိဘဲ အိမ်ထောင်စုလူဦးရေစာရင်းများကို ထုတ်ပေးခဲ့ပါက တစ်ဆက်တည်း နိုင်ငံသား စိစစ်ရေးကတ်ပြား များရရှိစေနိုင်ပြီး အကျိုးဆက်အဖြစ် မြို့နယ် ၂ ခုမှာ လူဦးရေစာရင်းထပ်သွားလို့ လူဦးရေ ဖောင်းပွ မှုတွေဖြစ်ပေါ်လာခြင်း၊ ကိုယ်ရေးအချက်အလက်တွေကို မမှန်မကန်ဖော်ပြပြီး မူလကိုယ်ရေးအချက် အလက်များကို ဖုံးကွယ်မှုတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တစ်ခုထက်ပိုမိုကိုင်ဆောင်ခြင်း များရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေမှာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကျူးကျော်နေသူများကို တရားဝင်အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးနိုင်ခြင်းမရှိကြောင်း သိရှိရပါတယ်။ သို့ပေမယ့်လည်း ကျူးကျော်သူများထဲမှာ အခြားဒေသက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ ၆၆/၆) ရရှိပြီးသူများ၊ ဥပဒေနှင့်အညီထုတ်ပေးထားတဲ့ ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ထားသူများလည်း ပါရှိလာနိုင်ပါတယ်။  အိမ်ထောင်စုလူဦးရေစာရင်း ဘယ်နေရာမှ မရှိသေး သူများရှိလို့ရှိရင်လည်း သူတို့နေထိုင်တဲ့နေရာက တရားဝင်နေထိုင်ခွင့်ပြုတဲ့ နေရာဖြစ်လာရင် ဒါမှ မဟုတ် သူတို့အနေနဲ့ တရားဝင်နေထိုင်ခွင့်ရှိတဲ့နေရာက ပြောင်းရွှေ့ရောက်ရှိခဲ့ရင် အိမ်ထောင်စု လူဦးရေစာရင်းကို သတ်မှတ်ချက်နှင့် ကိုက်ညီပါက အမြန်ဆုံးဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရပါ တယ်။

အဲဒီလို မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်နည်းပါးစေဖို့ နိုင်ငံတော်အနေနဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် များကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၈၈-၁၉၈၉ မှ ၂၀၁၁-၂၀၁၂ ခုနှစ်အထိ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကို ကဏ္ဍ ၈ ရပ်ချမှတ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀၊ မြို့နယ်ခွဲ ၈၂ ခုတို့မှာ လုပ်ငန်းပေါင်း ၈၁၈၂ ခုကို ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၄၅၈၂.၀၁ ခွဲဝေချထားဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များကို ကျေးလက်ဒေသဖွံ့ဖြိုးရေးထောက်ပံ့ငွေ စုစုပေါင်းကျပ်သန်း ၃၂၉.၅ ခွဲဝေချထားပေးခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းအတွက် စုစုပေါင်း ကျပ်သန်း ၁၄၀၀၀ ခွဲဝေချထားပေးခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းနေရွယ်ကလေးများ အားလုံးကျောင်းအပ်နိုင်ရေးကို နိုင်ငံတော်တစ်ဝန်းလုံး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ အခြေခံပညာကဏ္ဍ အမျိုးသားပညာရည်မြင့်မားရေး နှစ် ၃၀ နှစ်ရှည်စီမံကိန်း၏ လုပ်ငန်းစဉ်အရ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးအတွက် အခြေခံပညာမူလတန်း အဆင့်ကျောင်းနေနှုန်းတိုးတက်မြင့်မားရေး၊ အတန်းစဉ်အလိုက် ကူးပြောင်းသင်ယူနှုန်းမြင့်မားရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးလုပ်ငန်းများကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မသင်မနေရ မူလတန်းပညာရေးစနစ်ကိုဦးတည်ပြီး နိုင်ငံတော်က ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ မူလတန်းအဆင့် ကျောင်းသားကျောင်းသူအားလုံး အတွက် ကျောင်းသုံးစာအုပ်အပြည်‌့အစုံနဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို အခမဲ့ထောက်ပံ့ပေးခဲ့ပါတယ်။ ပညာရေးအဆင့်အတန်းမြင့်မားရေးအတွက် အခြေခံပညာကျောင်းပေါင်း ၄၀၈၇၆ ကျောင်း၊ အဆင့် မြင့်ပညာမြှင့်တင်မှု တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် ၆၄ ကျောင်း ဖွင်‌့လှစ်သင်ကြားပေးလျက် ရှိပါတယ်။ ကျန်းမာရေးအနေနဲ့နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လက်လှမ်းမီ ရေးအတွက်ကို ကျန်းမာရေးအသုံးစရိတ်များ စနစ်တကျ ခွဲဝေသုံးစွဲရေးကိုလည်း အလေးထားဆောင် ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုကို အရည်အသွေးပြည့်ဝပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေလွှမ်းခြုံမြှင့်တင်စေရေးအတွက် ပြည်တွင်း၊ ပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများအားလုံး လူတန်းစားမရွေး ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေမှသာ ကျေးလက်မြို့ပြ ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်တွေ လျှော့ချနိုင်မှာဖြစ်တဲ့အတွက် ဆေးရုံ ၈၉၈ ရုံနှင့် ကျန်းမာရေးလုပ်ငန်းဌာန ၂၀၂၂ ခု တို့ဖွင်‌့လှစ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒေသနေပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး အတွက် နိုင်ငံတော်အနေနဲ့ဖွံ့ဖြိုးရေးဒေသကြီး ၂၄ ခု၊ စက်မှုဇုန် ၁၈ ခု၊ ပုဂ္ဂလိကစက်ရုံ ၄၃၄၀၈ ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ၁၁၇၄၃ ခုနဲ့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ ၇၁၅ ရုံဖြင့် စီးပွားရေးဇုန် များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေတဲ့အတွက်ကြောင့် မြို့ပြနှင့်ကျေးလက် စီးပွားဖွံ့ဖြိုး တိုးတက်မှုကွာဟချက်များကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အနေနဲ့လည်း လူမှုဘဝချို့တဲ့စွာနဲ့ နေထိုင်ရပြီး ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့အတွက် ကလေး သူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် သူတို့ရဲ့မိသားစုများ ကျူးကျော်သူများအပါအဝင် ကျောင်းပြင်ပ ပညာသင်ကြားပေးခြင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်းများ သင်ကြားပေးခြင်းလုပ်ငန်းများကို ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်တဲ့ အဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၁၉-၆-၂၀၁၂ ရက်နေ့မှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များနဲ့စပ်လျဉ်းပြီး နိုင်ငံတော် သမ္မတက နှစ်တိုနှစ်ရှည် စက်မှုကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်နိုင်ရန်မိမိတို့၏  ပြည်သူများကို သစ်တောမြေနှင့် မြေလွတ်၊ မြေရိုင်းများ၌ တရားမဝင်ကျူးကျော်နေထိုင်လုပ်ကိုင် စားသောက်ခြင်းအစား မြို့ကွက်၊ ရွာကွက်များစနစ်တကျ ထူထောင်နေရာချထားပေးခြင်း၊ လုပ်ကိုင် စားသောက်ရန် လယ်ယာမြေများ ချထားစီမံပေးခြင်းတို့ကို စုစည်းပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နှင့် နှစ်ရှည်ပင်များ ရင်နှီးမြှုပ်နှံမှု စီးပွားရေးစိုက်ခင်းကြီးများ ပြောင်းလဲထူထောင်ပေးနိုင်ရန် လမ်းညွှန်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျူးကျော်သူများအတွက် မြို့သစ်၊ ရွာသစ်များ ထူထောင်ပေးခြင်း၊ မြို့ပြစီမံကိန်းများတိုးချဲ့ခြင်းလုပ်ငန်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံ ဥပဒေပုဒ်မ ၁၈၈ ဇယား(၂) အပိုဒ် ၈ ပါစီမံခန့်ခွဲရေးကဏ္ဍ အပိုဒ်ခွဲ(ခ)အရ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အခြေအနေပေါ် မူတည်ပြီးဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားအပ်ပါသည်။