(ဆ)-ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၉.၇.၂၀၁၂)

ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေးနဲ့ပတ်သက်ပြီးတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီး ထံသို့ မေတ္တာရပ်ခံတင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အတိုင်း လွှတ်တော်ကို ကျွန်တော် မေးခွန်းမေးခဲ့ပါတယ်။ ကလေးအကျဉ်း ထောင်၊ အကျဉ်းသား ၁၈၄၀ စီ မောင်အေးအောင်သည် ၎င်း၏အမှုတွဲတွင် ပါဝင်သော အကျဉ်းသား ၆၈ ဦးနှင့် ၅၃ ဦးသည် ၁၂-၁၀-၂၀၁၁ ရက်နေ့မတိုင်မီ အကျဉ်းထောင်မှလွတ်ခဲ့ပြီး ကျန်အမှုတွဲပါ အကျဉ်းသားများသည်လည်း ၁၃-၁-၂၀၁၂ ရက်နေ့တွင် သက်ဆိုင်ရာ အကျဉ်းထောင်မှ လွတ်မြောက် ခဲ့ပြီး ယခုအခါ သင်္ဃကျွန်းမြို့နယ် (ဃ) ရပ်ကွက်တွင် နေထိုင်သော ဦးသောင်းစိန်၏သား မောင်အေးအောင်မှာ ကလေးအကျဉ်းထောင်၌ တစ်ဦးတည်းကျန်ခဲ့သည်ကို နိုင်ငံတော်အစိုးရအနေနဲ့ သိပါသလား။ (ခ) အကျဉ်းထောင်၌ ၁၃ နှစ်ကျော် ကျခံခဲ့သော မောင်အေးအောင်၏အမှုမှာ နိုင်ငံရေး နှင့် ဆက်နွယ်နေသည့် အမှုဖြစ်သည့်အတွက် မောင်အေးအောင်အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်ရှိပါသလား။ (ဂ) ဆောင်ရွက်ပေးရန်ရှိပါက ၂၀၁၂ ခုနှစ်တွင် မောင်အေးအောင်အား နိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် မည်သည်‌့အချိန်တွင် ဆောင်ရွက်ပေးပါမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား မောင်အေးအောင်(ဘ) ဦးသောင်းစိန်ဟာ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အင်းစိန်မြို့နယ် တရားရုံးမှာ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(ည)၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၁၇၊ ၂၀ နဲ့ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) တို့နှင့် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အကျဉ်းသား မောင်အေးအောင် (ဘ) ဦးသောင်းစိန်အား နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၁၁ ခုနှစ်၊ မေလ ၁၆ ရက် ရက်စွဲပါ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ်(၂၈/၂၀၁၁) အရ လျှော့ပေါ့ရက် ၁ နှစ် ကိုလည်း ခံစားခွင့်ရရှိပြီးဖြစ်သလို နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် ရက်စွဲပါ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ်(၁/၂၀၁၂) နှင့် ပြစ်ဒဏ် ၃၀ နှစ်ကိုပဲ  လျှော့ပေါ့ပြောင်းလဲ ခံစားခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ပြစ်ဒဏ်ကာလ ၁၅ နှစ် ၅ လကျခံဖို့ ကျန်ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များမှ အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်ရဲ့မေတ္တာ၊ စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေတဲ့ နိုင်ငံသားများအဖြစ် ပြုပြင်ပြောင်းလဲစေဖို့အတွက်လည်း ကောင်းရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ အကျဉ်းထောင်အသီးသီးက နိုင်ငံသားအကျဉ်းသား ၃၇ ဦး၊ နိုင်ငံသားအကျဉ်းသူ ၉ ဦး၊ စုစုပေါင်း ၄၆ ဦးနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့်လည်းကောင်း၊ လူမှုရေးအရငဲ့ညာသောအားဖြင့်လည်းကောင်း နိုင်ငံခြားသားအကျဉ်းသား ၃၄ ဦး၊ စုစုပေါင်း ၈၀ ဦး တို့ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ရာမှာ ကလေးအကျဉ်းထောင်က အကျဉ်းသားမောင်အေးအောင် (အဖ) ဦးသောင်းစိန်ဟာလည်း ပါဝင်ခဲ့ပြီးဖြစ် ကြောင်းပြန်လည်ဖြေကြားအပ်ပါသည်။