ရှမ်းပြည်နယ်အရှေ့အလယ်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲဟာ ယခင်ကနဲ့မတူပဲ ယခုအခါမှာ အများကြီးတိုးတက်ပြောင်းလဲ လာပါပြီ။ ခိုလမ်မြို့နယ်ခွဲမှာဆိုလို့ရှိရင် တိုင်းစစ်ဌာနချုပ်၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ကုန်သည်များဟာ နေ့စဉ်နဲ့အမျှ ငွေသွင်းငွေထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့နမ့်စန်မြို့နယ်အထိ သွားရောက်လုပ်ကိုင် ရတဲ့အတွက် အခက်အခဲများစွာရှိပါတယ်။ ခိုလမ်မြို့နယ်ခွဲဟာ ကျွန်တော်တို့ နမ့်စန်မြို့နယ်နဲ့ ၃၂ မိုင် ကွာဝေးပြီးတော့ လမ်းပန်းဆက်သွယ်ရေးဟာလည်း လမ်းခရီးအနေနဲ့လုံခြုံစိတ်ချရတယ်လို့ပြောလို့ မရသေးတဲ့အခြေအနေမှာရှိပါတယ်။ ဒါကြောင့် ခိုလမ်မြို့နယ်ခွဲမှာ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တစ်ခု ဖွင့်လှစ်ပေးဖို့လိုအပ်နေပါတယ်။ ခိုလမ်မြို့နယ်ခွဲမှာ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တစ်ခုဖွင့်လှစ်ပေးမယ် ဆိုလို့ရှိရင် ခိုလမ်ရဲ့အနီးနားမှာရှိတဲ့ ကျိုင်းတောင်း၊ ကွန်ဟိန်းစတဲ့မြို့နယ်များနှင့် ဒေသမှာရှိတဲ့ ကျေးရွာတွေကနေပြီးတော့ ငွေသွင်းငွေထုတ်လုပ်ငန်းတွေကို နမ့်စန်မြို့နယ်အထိလာရောက်လုပ်ကိုင် စရာမလိုတော့ဘဲနဲ့ ခိုလမ်မြို့နယ်မှာတင် လွယ်လွယ်ကူကူလုပ်ကိုင်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရှမ်းပြည်နယ်အရှေ့အလယ်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲတွင် မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ၊ မရှိတင်ပြမေးမြန်းရခြင်းဖြစ်ပါသည်။
ရှမ်းပြည်နယ်အလယ်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲအတွင်းရှိ တိုင်းစစ်ဌာနချုပ်၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုန်သည် များဟာ ၎င်းတို့ရဲ့ ငွေသွင်းငွေထုတ်လုပ်ငန်းများကို နမ့်စန်မြို့ မြန်မာ့စီးပွားရေးဘဏ်မှာ သွားရောက် ဆောင်ရွက်နေရကြောင်းသိရပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အတွင်း အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုများရဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက် ပေးနိုင်ဖို့ မြန်မာ့စီးပွားရေးဘဏ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်ဖွဲ့စည်းထားပြီးလုပ်ငန်း များကိုအဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ဟာ လက်ရှိ အချိန်မှာတော့ နိုင်ငံတော်ရဲ့ ပြည်တွင်းဘဏ် လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပေးနေပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးစိုက်ရာ မြို့ကြီးများ၊ ခရိုင်မြို့ကြီးများ၊ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေ ကောင်းမွန်သော မြို့နယ်များမှာ မြို့နယ်ဘဏ်ခွဲနှင့် ဘဏ် ငွေတိုက်ခွဲများ ဖွင့်လှစ်ပေးလျက် ရှိပါတယ်။ နောင်အနာဂတ်မှာ ဆိုရင်တော့ ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ပြီး နိုင်ငံခြားဘဏ်လုပ်ငန်းကိုဆောင်ရွက်ဖို့ ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း လည်းတင်ပြလိုပါတယ်။ ယခုဆိုရင် တိုင်းဒေသကြီး/ပြည်နယ် မြို့ကြီးများမှာ ခရိုင်အဆင့်ဘဏ်ခွဲ ၇၄ ဘဏ်၊ မြို့နယ်အဆင့်ဘဏ်ခွဲ ၂၀၀ နှင့် ဘဏ်ငွေတိုက်ခွဲ ၂၂ ခု၊ ငွေစုဘဏ်ရုံးခွဲ ၁၀ ခု၊ စုစုပေါင်း ငွေကြေးလက်ခံ ဆောင်ရွက်ပေးနေတဲ့ ဘဏ်ပေါင်းဟာ ၃၀၆ ဘဏ်ရှိနေပြီဖြစ်ပါတယ်။ ရှမ်း ပြည်နယ်တောင်ပိုင်း အတွင်းမှာဆိုရင် လက်ရှိအချိန်ထိ တောင်ကြီးမြို့မှာ ပြည်နယ်ရုံးကိုဖွင့်လှစ်ပြီး ခရိုင်ဘဏ်ခွဲအဖြစ်တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လွိုင်လင်ခရိုင်ဘဏ် ၄ ဘဏ်နှင့် မြို့နယ် ဘဏ်ခွဲပေါင်း ၂၈ ခုဖွင့်လှစ်ပေးထားပါတယ်။ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ မိမိမှာရှိတဲ့ ဝန်ထမ်း အင်အားအခြေအနေ၊ နယ်မြေဒေသ အခြေအနေဖြစ်တဲ့ လက်ရှိလူဦးရေ၊ ဒေသမှာရှိတဲ့ အစိုးရ ဌာနအဖွဲ့အစည်းများ တည်ရှိမှု အခြေအနေ၊ အခြေခံ အဆောက်အအုံများရဲ့ အခြေအနေ၊ နယ်မြေ ဒေသလုံခြုံမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ စီးပွားရေး အလားအလာစတဲ့ အခြေအနေ အရပ်ရပ်တို့ကို အသေးစိတ် တွက်ချက်ပြီး သင့်တော်ရာ ဒေသတွေမှာ ဘဏ်ရဲ့ အမြတ်အစွန်း ရရှိရေးကို အဓိကမထားဘဲ ဘဏ်ခွဲတွေကို ဖွင့်လှစ်ပေးလျက် ရှိပါတယ်။ မြန်မာ့စီးပွားရေး ဘဏ်အနေနဲ့ ဖွင့်လှစ် ပေးဖို့လိုအပ်တဲ့ အဆောက်အအုံ လိုအပ်ပါတယ်။ ငွေသိုလှောင်ခန်း လိုပါတယ်။ ပရိဘောဂများ၊ ဝန်ထမ်းများခန့်ထားရေးနှင့် ၎င်းတို့ မိသားစုများ နေထိုင်ရေး၊ လုံခြုံရေး၊ ဒါ့အပြင် ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အကူအညီရရှိရေးစတဲ့ ကိစ္စရပ်များရှိနေမှာဖြစ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်း ထားတဲ့ နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲမှာ အထက်ပါလက်ရှိ အခြေအနေတွေကြောင့် စီးပွားရေးဘဏ်ခွဲ အား လတ်တလော ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါဘူး။ သို့သော် နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ အခြေအနေ၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တောင်းခံပြီးမှ ဆက်လက်ဖွင့်လှစ်ပေးဖို့ စီမံထားပါတယ်။ ဒါပေမယ်လို့ သတင်းကောင်း တစ်ခုအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ အင်းဝဘဏ်ခွဲကိုတော့ မကြာခင် ဖွင့်လှစ်ပေးဖို့ စီမံလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ကျွန်တော့် အနေနဲ့အထက်ပါအတိုင်း ရှင်းလင်းဖြေကြားပါသည်။
