တောင်တွင်းကြီးမြို့မှာ မြို့အရှေ့ဘက်က နေပြီးတော့ အနောက်ဘက်ကို မြို့ထဲကဖြတ်စီးဆင်းတဲ့ ရိုးတစ်ခုရှိပါတယ်။ ဒီရိုးရဲ့တစ်ဖက်တစ်ချက်မှာ ရပ်ကွက် ၄ ခုဟာ တစ်ဖက်မှာရှိပြီးတော့ တစ်ဖက်မှာ ရပ်ကွက် ၆ ခု ရှိပါတယ်။ ၁၀ ရပ်ကွက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နှစ်စဉ် ဇူလိုင်၊ သြဂုတ်လများမှာ ရေကြီးရေလျှံမှု အဆိုပါရိုးမှ ဖြစ်ပေါ် ပါတယ်။ ရေကြီးတဲ့အခါမှာလည်း ရေလျှံတဲ့အခါ တစ်ဖက်က ၄ ရပ်ကွက်ဟာ နှစ်စဉ်ရေကြီးမှုဒဏ်ကို ခံရပြီးတော့ ၄ ပေခန့်နေအိမ်များမှာ ရေတက်ခဲ့ပါတယ်။ ဒါလည်းပဲ ၃၊ ၄ ရက်ခန့်ကြာမှ ရေဟာ ပြန်ကျသွားတဲ့ နှစ်စဉ်အတွေ့အကြုံ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရေကြီးမှုကြောင့် လူနှင့်တိရစ္ဆာန် သေကြေမြဲ ရှိခဲ့တာဖြစ်ပါတယ်။ သို့သော် အစိုးရအဆက်ဆက်မှာ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ခဲ့ကြပေ မယ်လို့ အခြေအနေမပေးခဲ့ပါဘူး။ အဆိုပါအကြောင်းတရားရဲ့ အရင်းအမြစ်ကို လေ့လာတဲ့အခါမှာ တောင်တွင်းကြီးမြို့ရဲ့အရှေ့ဘက် ပဲခူးရိုးမကို အခြေခံတဲ့ စက်စက်ယိုရိုးဟာ ရေကြီးရေလျှံမှုကြောင့် မြို့ထဲကဖြတ်လာတဲ့ ရေအလုံးအရင်းဝင်ရောက်လာတဲ့အတွက် ဒီကိစ္စဖြစ်ပေါ်ရတယ်လို့ လေ့လာသိရှိ ရပါတယ်။ ဒါကြောင့် မြို့အရှေ့ဘက်မှာရှိတဲ့ ရိုးကို ရေလွှဲတမံ၊ ရေလွှဲဆည်တစ်ခု ဆောင်ရွက်မယ်ဆိုလို့ ရှိရင် တောင်တွင်းကြီးမြို့ပေါ်မှာရှိတဲ့ မြို့ပေါ် ၄ ရပ်ကွက်ရဲ့ နှစ်စဉ်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှု၊ တောင်တွေရေတက်ခြင်းလို့ ဒေသအဆိုခေါ်ပါတယ်။ ဒါကိုလည်း သက်သာရာရရှိစေမှာ ဖြစ်ပါတယ်။ အဆိုပါ ရေလွှဲဆည်တည်ဆောက်ခြင်းအားဖြင့် ရေဦး၊ ကျွန်းတော၊ သီလ ကျေးရွာများရဲ့ မိုးကောင်း သောက်လယ်တွေဟာလည်းပဲ ရေသေချာတဲ့ ဆည်ရေသောက်လယ်များဖြစ်လာမယ်လို့ ယူဆပါတယ်။ အလားတူ ဆည်တည်ဆောက်မယ့် နေရာမှာရှိတဲ့ အုတ်ရှစ်ကုန်းကျေးရွာဟာ မြို့နဲ့ ၂ မိုင်သာဝေး သော်လည်းပဲ လမ်းပန်းဆက်သွယ်ရေးအင်မတန်ခက်ခဲနေတဲ့ဟာ ဖြစ်တဲ့အတွက် အဆိုပါဆည်ကြောင့် ကျေးရွာကမြို့ဖြတ်တဲ့လမ်း လွယ်ကူအဆင်ပြေချောမွေ့ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းလာလိမ့် မယ်လို့ ယူဆပါတယ်။ အဆိုပါအချက် ၃ ချက် တစ်ပြိုင်တည်း အကျိုးရှိစေနိုင်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရဲ့ အရှေ့ဘက်ပဲခူးရိုးမကို အခြေခံတဲ့ စက်စက်ယို ရိုးပေါ်မှာ ရေလွှဲဆည်တစ်ခု တည်ဆောက်ပေးနိုင်ပါရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော် ပေးနိုင်ခြင်း ရှိ၊ ရှိ။ တောင်တွင်းကြီးမြို့နယ်ရဲ့ မဲဆန္ဒနယ်ရှင် ပြည်သူများကိုယ်စား လေးစားစွာ မေးမြန်းအပ်ပါသည်။
စက်စက်ယိုချောင်းသည် တောင်တွင်းကြီးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာမှ မြို့တွင်းသို့ ဖြတ်သန်း စီးဆင်းတဲ့ ချောင်းတစ်ချောင်းဖြစ်ခြင်းကြောင့် မိုးတွင်းကာလမှာ ချောင်းရေများဟာ မြို့ပေါ်ရှိ တောင်ပြင် ၁ ရပ်ကွက်၊ တောင်ပြင် ၂ ရပ်ကွက်နှင့် အုန်းတော ၂ ရပ်ကွက်များသို့ စီးဝင်သဖြင့် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိပါတယ်။ အဆိုပါ ရေကြီးမှုကို ကာကွယ်နိုင်ရန်အတွက် စက်စက်ယို ရေလွှဲဆည်ကို စက်စက်ယိုချောင်းပေါ်မှာ တည်ဆောက်ပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။ စက်စက်ယို ရေလွှဲဆည်တည်ဆောက်မည့်နေရာ တောင်တွင်းကြီးမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာ အရှေ့ဘက် ၁ မိုင် ခန့်အကွာ စက်စက်ယိုချောင်းပေါ်မှာ တည်ရှိပါတယ်။ အကျိုးပြုဧရိယာ ၁၂၀၀ ဧကကို ဆည်ရေ ပေးနိုင်ရန်၊ တောင်တွင်းကြီးမြို့ ရေလွှမ်းမိုးခြင်းမှ ကာကွယ်ရန်နှင့် ယင်းမလယ်ဆည်ရေသောက်အား ရေကူပေးနိုင်ရန်စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ စက်စက်ယိုရေလွှဲဆည်တည်ဆောက်ခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့စူးစမ်းလေ့လာတိုင်းတာမှုများ ဆောင်ရွက်ပြီးတဲ့နောက်မှာ ဒီဆောင်ရွက်ခြင်းကို ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းမှာ ဆောင်ရွက်ရမှာဖြစ်ပြီးတော့ ရရှိတဲ့အချက် အလက်များပေါ်မူတည်ပြီးတော့ ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ ခန့်မှန်းခြေစာရင်း တွက်ချက်ခြင်း ဆောင်ရွက် ပြီးမှသာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ရန်ပုံငွေခွင့်ပြုချက်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်ရရှိရေး တင်ပြ တောင်းခံသွားမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်အဆိုပြု တင်ပြ၍ အတည်ပြုချက် ရရှိတဲ့အပေါ်မှာ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်းရှင်းလင်း ဖြေကြားပါသည်။
