ကျွန်တော်တို့ပြည်မှာ မြောက်နဝင်းဆည်ကြီးရှိပါတယ်။ မြောက်နဝင်းဆည်ရဲ့အဖျားမှာ အင်းဝင်းအုပ်စု၊ သစ်ချိုပင်အုပ်စု ဆိုပြီးတော့ ကျေးရွာအုပ်စုတွေ ရှိပါ တယ်။ ၁၉၉၅ ခုနှစ်က အဲဒီအုပ်စုကြီးဆီကို ရေမရောက်တာမို့လို့ ကျွန်တော်တို့ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေ၊ ဆည်မြောင်းဦးစီးဌာနနဲ့ ကျွန်တော်တို့ တောင်သူလယ်သမားတွေ ပူးပေါင်းပြီးတော့ ဝက်မြေတောဆည်ဆိုတာကို ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ အဲဒီဝက်မြေတောဆည်ရဲ့ အကျိုးကျေးဇူးက ဧက ၄၅၀၀ ကို ရေပေးနိုင်ပြီးတော့ အဲဒီကနေပြီးတော့ မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံ စတဲ့သီးနှံတွေကိုစိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ ဒါတွေက ပြီးခဲ့တဲ့နှစ်က ရာသီဥတုဆိုးတာကြောင့်မို့လို့ မိုးကြီးခြင်း၊ ရေလျှံခြင်းဖြစ်ပြီးတော့ အဲဒီ ဝက်မြေတောဆည်အား ၂၀၁၁ ခုနှစ်၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ ကျိုးသွားပါတယ်။ အဲဒီလိုကျိုးသွားတဲ့အခါမှာ ခုနကပြောတဲ့ သစ်ချိုပင်အုပ်စုမှာရှိတဲ့ ကျေးရွာ ၈ ရွာက ရွာသူရွာသားများဟာ သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေ အတွက် ယနေ့အထိ အခက် အခဲဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု ကျေးရွာသူ ကျေးရွာသားများရဲ့ကိုယ်စား ဥက္ကဋ္ဌကြီးကတစ်ဆင့် ကျွန်တော် မေးခွန်းတစ်ခုမေးလိုပါတယ်။ ကျိုးပေါက်ပျက်စီးနေတဲ့ ဝက်မြေတောဆည်အား ပြန်လည်တည်ဆောက် ပေးနိုင်ရန် အစီအစဉ်ရှိ၊မရှိနဲ့ တည်ဆောက်ပေးမည်ဆိုပါက မည်သည့်အချိန်မှာ တည်ဆောက် ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ကျိုးပေါက်သွားသော ဝက်မြေတောဆည်အား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ရှင်းလင်းမှာဖြစ်ပါတယ်။ မြောက်နဝင်းရေလှောင်တမံ လက်တံ ၃ နှင့် ၄ တို့ရဲ့ အဖျားပိုင်း ရေသောက်ဧရိယာ ရေပေးဝေရန် ခက်ခဲနေတဲ့နေရာများကို ရေပေးဝေနိုင်ရန်အတွက် ဝက်မြေတောချောင်းပိတ်တမံ၊ မြေသားတမံကိုတည်ဆောက်ခဲ့ပါတယ်။ မြောက်နဝင်းဆည်ရေသောက် ဧရိယာ ရှိ လက်ဝဲလက်တံ အမှတ် ၄ တူးမြောင်းသည် မူလဒီဇိုင်းလျာထားစဉ်က နွေစပါး ရေပေးဝေရန် ရည်ရွယ်ခြင်းမရှိဘဲ မိုးစပါးအောင်ရေနဲ့ နှမ်း၊ဝါ၊သီးနှံများကိုသာ ရေပေးဝေရန် ရည်ရွယ်ခဲ့ပါတယ်။ သီးနှံပုံစံပြောင်းလဲပြီး နွေစပါးရေပေးဝေရန် စီစဉ်တဲ့အခါ ရေလုံလောက်စွာရရှိစေဖို့အတွက် မြောက်နဝင်းတမံရဲ့ ရေပိုလွှဲအောက်ပိုင်း မြောက်နဝင်းချောင်းပေါ်မှာ မြေသားတမံပိတ်ပြီးတော့ ဝက်မြေတောဆည်ကိုတည်ဆောက်ခဲ့ပြီး လက်ဝဲလက်တံ အမှတ် ၄ တူးမြောင်းအတွင်းသို့ ရေကူပေး ခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့ ရေကူပေးခြင်းဖြင့် နွေစပါးဧက ၇၀၀ ကျော်ကို ရေပေးဝေနိုင်ခဲ့ပြီး မိုးစပါး အောင်ရေနှင့် အခြားသီးနှံများအတွက် တစ်နှစ်ပတ်လုံး ရေရရှိစေခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ မြောက်နဝင်းရေလှောင်တမံစတင်တည်ဆောက်ခဲ့တဲ့ ၁၉၈၁-၁၉၈၂ ခုနှစ်မှစပြီးတော့ ၂၀၀၁ ခုနှစ် အထိ ရေပိုလွှဲမှ ရေကျော်ခြင်းမရှိတော့သဖြင့် ဝက်မြေတောဆည်မှာ ပျက်စီးခြင်းမရှိခဲ့ပါဘူး။ သို့သော် ၂၀၀၂ ခုနှစ် မြောက်နဝင်းရေလှောင်တမံရေပိုလွှဲမှ ၁.၉ ပေ ရေကျော်မှုဖြစ်ခဲ့ပါတယ်။ အဲဒီ ရေကျော်မှုဖြစ်ခဲ့တဲ့အချိန်မှာ ဒီ ဝက်မြေတောဆည်မှာ အလျား ၂၄၀ ပေခန့် ပထမအကြိမ်ကျိုးပေါက်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ရေပိုလွှဲမှ ရေထပ်မံကျော်မှုဖြစ်ခဲ့ပါတယ်။ သို့သော် ရေပမာဏမများတဲ့အတွက်ကြောင့် ဆည်ကျိုးပေါက်ခဲ့ခြင်းမရှိပါ။ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းမှာ မြောက်နဝင်းရေလှောင်တမံ ရေပိုလွှဲမှ ၁.၅ ပေထပ်မံရေကျော်တဲ့အခါမှာ ဝက်မြေတောဆည်မှာ ဒုတိယအကြိမ် ကျိုးပေါက်မှုဖြစ်ခဲ့ပါတယ်။ ယခုဆယ်စုနှစ်ကာလအတွင်းမှာ ရာသီဥတုပြောင်းလဲမှုများကြောင့် မိုးသည်းထန်စွာရွာခြင်း၊ ရေကြီးခြင်းတို့ကို ကြုံတွေ့လာသဖြင့် ကျိုးပေါက်လျက်ရှိတဲ့ ဝက်မြေတော ဆည်ကို မူလနေရာမှာ မူလပုံစံဒီဇိုင်းအတိုင်း ပြန်လည်ပြုပြင်ပါက ရေရှည်ခိုင်ခံ့မှာမဟုတ်ပါဘူး။ သို့အတွက်ကြောင့် မြောက်နဝင်းရေလှောင်တမံ၏ ရေပိုလွှဲမှ လျှံရေ ဖြစ်ပေါ်နိုင်မှုကို အဓိကထားစဉ်းစားပြီးတော့ အခိုင်အမာ ရေလွှဲဆည်တစ်ခုကို တည်ဆောက်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။ ထိုသို့ အခိုင်အမာရေလွှဲဆည်အသစ် တည်ဆောက်ဖို့နဲ့ပတ်သက်ရင် ကျွန်တော်တို့လိုအပ်တဲ့ မြေပြင်စူးစမ်းလေ့လာတိုင်းတာခြင်း၊ ဇလဗေဒနှင့် ဘူမိဗေဒတိုင်းတာစူးစမ်း လေ့လာခြင်းများကို ဆောင်ရွက်ပြီး ရရှိလာတဲ့အချက်အလက်ပေါ်မှာ ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ ခန့်မှန်းခြေ စာရင်းရေးဆွဲတွက်ချက်ခြင်းတို့ကို ဆောင်ရွက်ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး အတည်ပြုချက်ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
