(က)-အမျိုးသားမှတ်ပုံတင်ရေးနှင့် မွေး/တိုး အိမ်ထောင်စုစာရင်းကိစ္စများအတွက် ကောက်ခံနေသော လက်ရှိ နှုန်းထားများကို ပြင်ဆင်သတ်မှတ်သင့်ကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၈) ရက်မြောက်နေ့ (၃.၉.၂၀၁၂)

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ မြို့နယ် ၂ မြို့နယ်နှင့် မြို့နယ်ခွဲ ၂ နယ်ဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ လူမျိုးစုအနေဖြင့် ကိုးကန့်၊ ပလောင်၊ ဗမာ၊ ရှမ်း၊ ကချင်၊ ဝ၊ မြောင်းစီးနှင့် လွယ်လှတိုင်းရင်းသားများ စုစည်းနေထိုင်ကြပြီး စုစုပေါင်းလူဦးရေမှာ ၁၂၉၀၀၀ ကျော်ခန့်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်အစည်းအဝေးသက်တမ်း ၂ နှစ်ကျော်ကာလ အတွင်းမှာ ကျွန်တော့်အနေဖြင့်မဲဆန္ဒရှင်လူထုများကိုယ်စား မည်သည့်တောင်းခံချက်မှ တင်သွင်း ခဲ့ခြင်းမရှိသေးပါ။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အစစအရာရာကူညီပံ့ပိုးခဲ့သော လွှတ်တော် ဥက္ကဋ္ဌကြီး၊ သမ္မတကြီးနှင့်တကွ ယခင်တပ်မတော်အစိုးရ အကြီးအကဲကို အထူးပင်ကျေးဇူး တင်ကြောင်း ပဏာမပြောလိုပါတယ်။

ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၀၀ ဝန်းကျင်ရှိသော ကိုးကန့်ဒေသကို ယခင် တပ်မတော်အစိုးရမှာ တိုင်းရင်းသားခေါင်းဆောင်များနှင့်ပူးပေါင်းပြီး တောင်နှင့်မြောက်၊ အရှေ့နှင့် အနောက် ကတ္တရာလမ်းများ ဆက်သွယ်သွားလာနိုင်ရေး၊ ကျေးရွာချင်းဆက်ကျောက်ချောလမ်းများ ဆက်သွယ်သွားလာနိုင်ရေး ဆောင်ရွက်ပေးခဲ့တာ ယနေ့တိုင် မြင်တွေ့နေရပါတယ်။ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများမှာလည်း ဒေသခံများတောင်းဆိုချက်အရ ပြည့်မီအောင် ဆောင်ရွက်ပေးခဲ့ ပါတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအနေနဲ့ လောက်ကိုင်မြို့နယ်နှင့်အနီးတစ်ဝိုက်တွင် ၂၄ နာရီ ပေးနိုင်ခဲ့ပါပြီ။ ကျန်ရှိတဲ့ ကုန်းကြမ်းမြို့နယ်တစ်ဝိုက်အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၁.၆ မဂ္ဂါဝပ်စက်ရုံတစ်ရုံကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်လျက်ရှိပြီး လာမည်‌့နှစ်အတွင်းမှာ အပြည့်အဝ ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ပါတယ်။

          ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နယ်ခြားစောင့်တပ်ရင်းတစ်ရင်း ရှိပါတယ်။ ကိုးကန့်တိုင်းရင်းသားရဲ့ ၂၅၀ ဦးရှိပြီး လာမည့်ပွင့်လင်းရာသီမှာ အရာရှိများကို ခန့်ထား မယ်လို့ ကြားသိရပါတယ်။ ကိုးကန့်တိုင်းရင်းသားများအနေနဲ့ ရသင့်ရထိုက်တဲ့ တိုင်းရင်းသား အခွင့်အရေးများကို ပြည့်ဝစွာခံစားနေကြရပါပြီ။ သို့သော်လည်း အခြားဒေသများတွင် နေထိုင်လျက်ရှိ သော ကိုးကန့်တိုင်းရင်းသားများကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် နေထိုင်သော တိုင်းရင်းသားများနည်းတူ အခွင့်အရေးရရှိစေချင်ပါတယ်။ ဒါကြောင့် အချို့ဒေသများရှိဌာနများမှာ တိုင်းရင်းသားလူမျိုးခွဲခြား ဆက်ဆံနေသည်ကို ကြားသိရ၍ ကျွန်တော့်အနေနဲ့ စိတ်မကောင်းဖွယ် ဖြစ်မိပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြလိုသည်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ အချို့မြို့နယ် များတွင် ကိုးကန့်တိုင်းရင်းသားများ မှတ်ပုံတင်ရေးကိစ္စများ ခွဲခြားဆက်ဆံနေတာကို ကြားသိရ၍ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှမရရှိတာကို ကိုးကန့်တိုင်းရင်းသားများကိုယ်စား မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပြည်သူများ၏ဘဝ တစ်သက်တာအတွက် အခြေခံအကျဆုံးနှင့် ဦးဆောင်မှုအပေးနိုင်ဆုံးသောဌာနဖြစ်ပါ၍ တိုင်းရင်းသား ပြည်သူများသည် အမြဲတမ်းထိတွေ့ဆက်ဆံနေသော ဌာနတစ်ခုဖြစ်ပါတယ်။ ဥပမာ တိုင်းရင်းသားများ သည် လုပ်ငန်းရှင်များ မဟုတ်တဲ့အတွက်ကြောင့် အခြားဌာနများကို မဆက်ဆံလို့ရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ၆ ကျပ်၊ ၁၀ ကျပ်နှင့် မရရင် သက်ဆိုင်ရာ ဌာနကို တိုင်ကြားလို့ရပါတယ်လို့ ပြောကြားထားပါတယ်။ မွေး/တိုးတဲ့ အိမ်ထောင်စုစာရင်းကို တစ်ကြိမ်ရေးသွင်းခြင်းအတွက် နှုန်းထားများသတ်မှတ်ချက်ပါတာကို ကောက်ခံချက်အတွက် နှုန်းထား သတ်မှတ်ချက်များနှင့်ပတ်သက်ပြီး ဝန်ကြီး၏ရှင်းလင်းတင်ပြချက်များထဲမှာ မပါတာကိုလည်း ကျွန်တော် ကြားသိရပါတယ်။ သို့သော် လက်တွေ့မှာ သတ်မှတ်နှုန်းထား ၆ ကျပ်နှင့် ၁၀ ကျပ် များထက် အဆ ၁၀၀၀၊ အဆ ၁၀၀၀၀ ထက် မွေး/တိုးစာရင်းတစ်ကြိမ်ရေးသွင်းခြင်းအတွက် ငွေများကောက်ခံ နေတာကို နေရာဒေသအလိုက် ကြားသိနေရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အထက်ပါဖြစ်စဉ်များအရ နိုင်ငံတော်က စိုက်ထုတ်ကုန်ကျမှုများသည် အမှန်တကယ်ရော ကုန်ရကျိုးနပ်ပါရဲ့လားဆိုတာ ဆင်ခြင် စဉ်းစားစရာ ကိစ္စတစ်ခုဖြစ်လာပါပြီ။ တစ်နည်းအားဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုရဖို့ အတွက် အမှန်တကယ်ပဲ ၆ ကျပ်၊ ၁၀ ကျပ်စသည့် အသက်သာဆုံးဝန်ဆောင်မှုကို မည်သည့် တိုင်းရင်းသားမဆို တစ်နိုင်ငံလုံးအချိန်မရွေး၊ နေရာမရွေးစိစစ်ကြပ်မတ်သူ ရှိ၊ မရှိ ခံစားနေနိုင် ကြပါရဲ့လား ဆိုတာ ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်များသို့ တင်ပြအပ်ပါတယ်ခင်ဗျား။

          အကယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မွေး/တိုး အိမ်ထောင်စုစာရင်း ရေးသွင်းခြင်းကို ၂၀၀၀၊ ၃၀၀၀ ဖြင့် သတ်မှတ်မယ်ဆိုရင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ အတွက်တစ်နှစ်လျှင် ငွေကျပ် သန်းပေါင်း ၃၀၀၀ အထိ တိုးလာနိုင်မည်ဟုထင်မြင်ယူဆရင်း အောက်ပါမေးခွန်းကို မေးမြန်းလိုပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်က ပေးကားပေး၏မရသော အမျိုးသားမှတ်ပုံတင်ရေးနှင့် မွေး/တိုး အိမ်ထောင်စုစာရင်းမှတ်ပုံတင်ရေးကိစ္စများအတွက် ကောက်ခံ နေသော လက်ရှိနှုန်းထားများကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်သည့် နေရာဒေသအနှံ့ရှိ တိုင်းရင်းသားများ၏ လက်တွေ့ဘဝနှင့်ကိုက်ညီသော နှုန်းထားများ ဖြစ်အောင် ပြင်ဆင်သတ်မှတ်ပြီး လူထု၏ အခြေခံအကျဆုံးသော ဌာနဖြစ်တဲ့အတွက် ကြောင့် ပြည်သူလူထုအား အနှောင့်အယှက်မဖြစ်အောင် နိုင်ငံတော်က ရှုံးပြီး ပြည်သူများမခံစားရသော ကိစ္စရပ်များကို ပြန်လည် ပြင်ဆင်သတ်မှတ်၍ စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဖြေ

နိုင်ငံတော်မှ ကောက်ခံနေသော အခနှုန်းထားမှာ အိမ်ထောင်စုဝင်လူဦးရေစာရင်းအတွက် အခမဲ့ ဆောင်ရွက်ပေးနေပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်-၂ အတွက်  ၃ ကျပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် ၃ ကျပ်၊ စုစုပေါင်း ၆ ကျပ် ဖြစ်ပါတယ်။ လဲလှယ်လျှင် ၃ ကျပ်၊ ပျောက်ဆုံး/ ပျက်စီး မိတ္တူပြုလုပ်လိုပါက ၁၀ ကျပ် ကောက်ခံလျက်ရှိပါတယ်။ ဤငွေများသည် ဘဏ္ဍာရေးနှစ်အလိုက်ဌာန၏ ရငွေခေါင်းစဉ်ဖြင့် နိုင်ငံတော်သို့ ပေးသွင်းရတာ ဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်အတွက် ၆ ကျပ်ဆိုသည့် ကောက်ခံငွေမှာ နည်းလွန်းပါကြောင်း၊ သဘာဝမကျပါကြောင်းဖြင့် ကြိမ်ဖန်များစွာ ပြောဆိုမှုများရှိကြပါတယ်။ သို့ရာတွင် ၎င်းကောက်ခံနှုန်း ထားများသည် ယခုကာလတွင်မှ အသစ်ထွင်ဆောင်ရွက်ခဲ့ခြင်းမျိုး မဟုတ်ပါ။ ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ သားဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် အောက်ပါအတိုင်း ပြဋ္ဌာန်းသတ်မှတ်ထားခြင်း ဖြစ်ပါတယ်။  အခန်း(၂) အပိုဒ် ၁၂ အပိုဒ်ခွဲ(က)၊ (၁)(ငင)တွင် မွေးဖွားခြင်း၊ သေဆုံးခြင်းအတွက် ငွေတစ်ကျပ် ဟုလည်းကောင်း၊ အခန်း (၂) အပိုဒ် ၁၂(ခ)(၄)(ကက)တွင် အသက် ၁၀ နှစ်ပြည်‌့မှတ်ပုံတင်ခြင်း အတွက် ကိုယ်ရေးမှတ်တမ်းပုံစံနိုင်- ၂ ငွေသုံးကျပ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားငွေသုံးကျပ်၊ စုစုပေါင်း ငွေခြောက်ကျပ်ဟုလည်းကောင်း၊  အခန်း (၂) အပိုဒ် ၁၂(ဂ)(၁)(ကက)တွင် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ခြင်းအတွက် ငွေသုံးကျပ်ဟုလည်းကောင်း၊  အခန်း (၂) အပိုဒ် ၁၈ (က)(၂)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးခြင်းအတွက် ငွေတစ်ဆယ်ကျပ်ဟုလည်းကောင်း သတ်မှတ်ထားပါတယ်။ အစိုးရအဖွဲ့သစ်၏စနစ်သစ်ဖြင့် စတင် ဆောင်ရွက်ချိန်၌ ရုတ်ချည်းအခငွေတိုး၍ ကောက်ယူမှုမပြုလိုသေးခြင်း၊ အကျိုးအမြတ်ရရှိမည့် စီးပွားရေးလုပ်ငန်းတစ်ရပ်မဟုတ်ဘဲ ပြည်သူများအထူးသဖြင့်ဆင်းရဲနွမ်းပါးသည့် ကျေးလက်ဒေသနေ ပြည်သူများအတွက် ဖြည့်ဆည်းပေးလိုသည့် ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခဲ့ခြင်းစသည့် အချက်များ ကြောင့် ကာလအတိုင်းအတာတစ်ခုအထိ ၆ ကျပ်နှုန်းထားဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ လက်ရှိကောက်ခံနေသော နှုန်းထားများအား ကာလအခြေအနေနှင့်ကိုက်ညီသော တန်ဖိုးသတ်မှတ်နိုင်ရေးအတွက်လည်း ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် သုံးသပ်ပြင်ဆင်လျက်ရှိပါ တယ်။ ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းအား ပြင်ဆင်နိုင်ရေးအတွက် တင်ပြ အတည်ပြုချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်ရှိပါကြောင်း ဖြေကြားပါသည်။