(ဆ)-စက်စဲကျေးရွာ အ.ထ.က ကျောင်းခွဲအား အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန် နှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၅.၇.၂၀၁၂)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲကို ၂၀၀၃-၂၀၀၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်ထိဆိုလျှင် ရှစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ နှစ်အလိုက် ကျောင်းသားဦးရေတိုးတက်လာခဲ့ရာ ပြီးခဲ့တဲ့စာသင်နှစ် ၂၀၁၁-၂၀၁၂ တွင် အထက်တန်းကျောင်းအဆင့် ကျောင်းသားကျောင်းသူ ၁၉၀ ဦး ခန့်၊ အလယ်တန်းနှင့်မူလတန်း ၅၆၀ ခန့်ရှိပြီး စုစုပေါင်း ကျောင်းသားကျောင်းသူဦးရေမှာ ၇၅၀ ခန့် ရှိပါတယ်။ လာမည်‌့နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ထပ်မံတိုးမြင့်လာမည် ဖြစ်ပါသည်။ ကျေးရွာနေပြည်သူများမှ တစ်ဦးချင်း သော်လည်းကောင်း၊ စုပေါင်း၍ဖြစ်ဖြစ် လူသား အရင်းအမြစ်ဖွံ့ဖြိုးရန် ဝိုင်းဝန်းပံ့ပိုးကြရာ၌ ကျောင်းဆောက်ရန် မြေဝယ်ယူလှူဒါန်းပေးပြီး အထက်တန်းကျောင်းအဆင်‌့မီ ကျောင်းဆောင်များ ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဤကျေးရွာနှင့် နီးစပ်လျက်ရှိသောကျေးရွာများမှာ မူလတန်းကျောင်း ၇ ကျောင်းနှင့် မူလွန်ကျောင်း ၁ ကျောင်းတို့မှ စက်စဲအထက်တန်းကျောင်းခွဲသို့နှစ်စဉ် ကျောင်းသားကြောင်းသူများ စဉ်ဆက်မပြတ် ဖြည့်တင်းလျက်ရှိ ပါသည်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ စက်စဲအထက်တန်း ကျောင်းခွဲသည် သံဖြူဇရပ်မြို့မှ ၁၀ မိုင်ကွာဝေးပြီး ကျိုက္ခမီမှ ၁၅ မိုင်ကွာဝေးသော ပင်လယ်ကမ်းစပ်ရွာကြီး ဖြစ်ပါတယ်။ ဒီ့အပြင် ကမ်းခြေသယ်ပို့စခန်း၊ အနားဖြေစခန်းများဖြင့် စည်ကားသောရွာကြီးဖြစ်ပြီး နိုင်ငံတကာခရီးသည် များလည်း လာရောက်သောနေရာလည်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ စည်ကားသိုက်မြိုက်သော ကျေးရွာရှိ အထက်တန်းကျောင်းခွဲအား ကျောင်းသားဦးရေပြည့်စုံပြီး အဆောက်အဦလုံလောက်သည်‌့ အနေအထားဖြစ်သည့်အတွက် လာမည်‌့ ၂၀၁၃-၂၀၁၄ စာသင်နှစ်အမီ အထက်တန်းကျောင်း အဆင့်သို့တိုးမြှင့်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ ကျေးရွာလူထုတင်ပြချက်နှင့် ကျောင်းအကျိုးတော် ဆောင်တို့တင်ပြချက်အား ၎င်းတို့ကိုယ်စားမေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးကတော့ အထက်တန်းအဆင့် ကျောင်းသား ၁၉၀ လို့ပြောပါတယ်။၊ ကျွန်တော်တို့စာရင်းဇယားမှာတော့ ၁၀၂ ဦးသာရှိပါတယ်။ လောလောဆယ် ကျွန်တော်တို့ လေးနှစ်စီမံချက်အရကျောင်းသားအရေအတွက် အထက်တန်းအဆင့် ကျောင်းသား ၂၀၀ အထက်ကို ပထမစဉ်းစားပါတယ်။ ကျွန်တော်တို့ လောလောဆယ်အနေအထားကတော့ ဒီနှစ် မှာတော့မပေးနိုင်သေးပါဘူး။ ၁၉၀ မှန်မယ်ဆိုရင်တော့ နောက်နှစ်မှာတော့ ပြန်စိစစ်ပြီးတော့ ပေးနိုင် မယ့်အနေအထားရှိပါတယ်။ တစ်ပါတည်းပဲ လက်ရှိကျင့်သုံးနေတဲ့ အ.ထ.က Section ပေးတဲ့စနစ် မူလေးကို ကိုယ်စားလှယ်များအားလုံးကို ရှင်းလင်းတင်ပြခွင့်ပြုပါ။ အထက်တန်းဆင်‌့ကျောင်းသား ဦးရေများရာမှ နည်းရာ ၂၀၀ ဦးအထက်ကို အထက်တန်း Packer ပေးဖို့အတွက်လျာထားပါတယ်။ တစ်ခန်း ကျောင်းသား ၅၀ ဖြစ်တဲ့အတွက် ၄ ခန်း ဖြစ်ပြီးတော့ အထက်တန်းကျောင်း Packer တစ်ခုဟာ ဆရာဆရာမအနည်းဆုံး ၈ ဦး (ကာယဆရာအပါအဝင်) ခန့်ပေးရပါတယ်။ ၈ ဦးမှာ ၄ ခန်း ဖြစ်တဲ့ အတွက် ၄ ဦးနား ၄ ဦး စာသင်ခန်းဝင်တဲ့အတွက် အားလုံးစာသင်ချိန်ဟာ ဆရာ ၁ ဦး ၁၈ ချိန် သင်ကြားရမှာဖြစ်ပါတယ်။ ၈ ဦးထဲက ၁ ယောက်က နာမကျန်း/သာရေးနာရေးဖြစ်မယ်ဆိုရင် ၇ ဦးနဲ့ သင်ကြားတဲ့အခါမှာ ၁ ပတ် စာသင်ချိန် ၂၀ ချိန်စီသင်ကြားပေးရမှာဖြစ်ပါတယ်။ ကျောင်းသား      ၂၀၀ ဦးနဲ့အထက် တစ်ပြည်လုံးပြည်ထောင်စုချုပ်အနေနဲ့ စုစုပေါင်း ၂၆၂ ရှိပါတယ်။ အ.ထ.က ခွဲပေါင်းဟာ ၁၁၁၅ ကျောင်းရှိပါတယ်။ ၂၀၀ အောက်ဖြစ်သော်ငြားလည်း ပင်မကျောင်းနဲ့အလှမ်း ကွာဝေးလွန်းခြင်း၊ မြစ်ချောင်းအင်းအိုင်သဘာဝအတားအဆီးများရှိခြင်း၊ နယ်စပ်ဝေးလံဒေသဖြစ်ခြင်း၊ အခြားသော အထူးကိစ္စရပ်များရှိခြင်းတို့အတွက် ၂၀ ရာခိုင်နှုန်း သီးခြားခြွင်းချက်နဲ့ ကျွန်တော်တို့ လျာထားပါတယ်။ လာမယ့်လေးနှစ်အတွက် အထက်တန်းကျောင်းခွဲ ၁၁၁၅ ကျောင်းက ကျောင်းသား အရေအတွက်ကို မူတည်ပြီးပေးမယ့်ကျောင်းက ၂၆၂ ကျောင်း၊ သတ်မှတ်အရေအတွက် မပြည်‌့သော် လည်းခွင့်ပြု ၅၂ ကျောင်း၊ စုစုပေါင်း ၃၁၄ ကျောင်းပေးဖို့ လျာထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ကလည်း ခွင့်ပြုပြီးဖြစ်ပါတယ်။ အခုတင်ပြတဲ့ စက်စဲကျောင်းလေးဟာ ၁၉၀ လည်းဖြစ်မယ်။ ဆက်သွယ်ရေးကလည်း  ၁၀ မိုင်၊ ၁၅ မိုင်ဝေးတဲ့အတွက် လာမယ့်နှစ်မှာတော့ ခြွင်းချက်မှာပါတဲ့       ၂၀ ရာခိုင်နှုန်းမှာ မွန်ပြည်နယ်အတွင်းက ခြွင်းချက်စာရင်း ဦးစားပေးအစီအစဉ်နဲ့ သက်ဆိုင်ရာဒေသ အာဏာပိုင်နဲ့ ဆောင်ရွက်ပြီးတော့ ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်မယ်ဆိုရင် ဒီစက်စဲ ကျောင်းသည်လာမယ့် ပညာသင်နှစ်မှာတော့ Packer အ.ထ.က ဖြစ်ဖို့အတွက်နီးစပ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။