မောက်မယ်မြို့နယ်၏ အရှေ့တောင်ဘက်တွင် ဂေါ်ဒန်ကျောက်၊ စကျင်ကျောက်နှင့် မြေစေးဖြူများ ထွက်ရှိပြီး ယနေ့ထိ တူးဖော်လုပ်ကိုင်လျက်ရှိပါသည်။ စကျင်ကျောက်များကို အလှဆင်ရုပ်ထုများ ထုလုပ်ပြီး ဂေါ်ဒန်ကျောက်များကို စက်မှုဝန်ကြီးဌာနနှင့် ပုဂ္ဂလိကများမှ လာရောက်ဝယ်ယူလျက် ရှိပါသည်။ ယခုအခါ ကုမ္ပဏီများမှ လုပ်ပိုင်ခွင့်များ လာရောက်လျှောက်ထားကြပြီး တူးဖော်လုပ်ကိုင် နေကြသည်ကို တွေ့ရှိနေရပါသည်။ မောက်မယ်မြို့နယ်မှ ထွက်ရှိသော ဂေါ်ဒန်ကျောက်၊ စကျင်ကျောက် နှင့် မြေစေးဖြူတို့ကိုအခြေခံ၍ ကုန်ထုတ်စက်ရုံများတည်ထောင်ခြင်း၊ လုပ်ကိုင်ခွင့်ပေးခြင်းတို့ဖြင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေပြီး ဒေသဖွံ့ဖြိုးရေးကိုလည်း များစွာအထောက်အကူ ပြုပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ်မှ ထွက်ရှိသော တွင်းထွက်ပစ္စည်းများနှင့်စပ်လျဉ်း၍ အောက်ပါမေးခွန်းနှစ်ရပ်ကို မေးမြန်းလိုပါသည်။ မေးခွန်း (၁) စက်မှုဝန်ကြီးဌာနမှ ဝယ်ယူလျက်ရှိသော မောက်မယ်မြို့နယ်ထွက် ဂေါ်ဒန်ကျောက်များ၏ အသုံးဝင်ပုံ၊ အသုံးပြုပုံ နှင့် တွင်းထွက်အဆင့်အတန်းတို့ကို သိရှိလိုပါသည်။ မေးခွန်း (၂) မောက်မယ်မြို့နယ်မှ ထွက်ရှိသော တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ နိုင်ငံတော်မှ ကုန်ထုတ်စက်ရုံကြီးများ လာရောက် တည်ထောင်ပြီး ရင်းနှီးမြှုပ်နှံရန် အစီအစဉ် ရှိ၊ မရှိတို့ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
မောက်မယ်မြို့နယ်မှ ထွက်ရှိသော ဂေါ်ဒန်ကျောက်များသည် စက်မှုကုန်ကြမ်းသုံးတွင်းထွက် အမျိုးအစားဖြစ်ပြီး အဖြူရောင် Alabaser အမျိုးအစားဖြစ်၍ သန့်စင်မှု (Purity) ရာခိုင်နှုန်း ၉၉.၃၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မောက်မယ်မြို့နယ်ထွက် ဂေါ်ဒန်ကျောက် များအား ကြိတ်ခွဲအမှုန့်ပြုလုပ်ပြီး သတ်မှတ်အချိုးအစားအတိုင်း ရေနှင့်ရောစပ်၍ ကြွေထည်မြေထည် ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် ပုံစံခွက် (Mould) များပြုလုပ်ရာ၌လည်းကောင်း၊ ဘိလပ်မြေသုံးကုန်ကြမ်းအဖြစ်လည်းကောင်း၊ ဆေးရုံသုံး Plaster of Paris (P.O.P) ပလာစတာအဖြစ် လည်းကောင်းအသုံးပြုနိုင်ပါတယ်။ ၎င်းတွင်းထွက်ကုန်ကြမ်းများကို အခြေခံပြီး နိုင်ငံတော်မှ ကုန်ထုတ်စက်ရုံကြီးများ လာရောက်တည်ထောင်ပြီး ရင်းနှီးမြှုပ်နှံရန်ကိစ္စနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံ ရမည့်တန်ဖိုးနှင့် ဈေးကွက်အရ ပြန်လည်ရရှိမည့်တန်ဖိုးတို့ကို ချင့်ချိန်ဆုံးဖြတ်ရမည်ဖြစ်ပါ သောကြောင့် လောလောဆယ်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖော်ပြအပ်ပါသည်။ အဆိုပါကုန်ကြမ်းများကို အသုံးပြုပြီး Gypsum Board, Plaster of Paris (P.O.P) အစရှိသည်တို့ကို ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များအနေဖြင့် နည်းပညာ၊ အရည်အသွေး၊ ဈေးကွက်နှင့်ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုများအား လေ့လာဆန်းစစ်ပြီး စက်ရုံများတည်ဆောက်၍ ရင်းနှီး မြှုပ်နှံနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
