ဦးကျော်သီဟ(ပြင်ဦးလွင်မဲဆန္ဒနယ်)
ပြင်ဦးလွင်နဲ့မန္တလေး ၄၂ မိုင် ပဲဝေးပါတယ်။ မန္တလေးကနေ ၄၂ မိုင်ပဲဝေးတဲ့ ကျွန်တော်တို့ပြင်ဦးလွင်မြို့ပေါ်မှာ လောလောဆယ် ကုန်တင်ယာဉ် တွေ၂၂ ဘီးတပ်ကုန်တင်ယာဉ်၊ နောက်တွဲယာဉ်အကြီးကြီးတွေအပါအဝင် တရုတ်ကုန်သွယ်လမ်းမကြီး ပေါ်မှာ ရှိနေတဲ့နေရာမှာ ကုန်တင်ယာဉ်တွေတော်တော်များများ ဖြတ်သန်းသွားလာတဲ့အချိန်မှာ မြို့ရဲ့ အခင်းအကျင်းနဲ့အနေအထားအရ မြို့ဟာတော်တော်ကို ပြင်ဦးလွင်မြို့နယ် ပြည်သူပြည်သားတွေ အတွက် အားလုံးအင်မတန်ကို ဒုက္ခရောက်နေပါတယ်။ အဲဒီဖြတ်သန်းသွားတဲ့ ကားကြီးတွေဟာ ကျွန်တော်တို့မြို့တွင်းကို အေးရှားဝေါလ်ကုမ္ပဏီ ဘီအိုတီစနစ်နဲ့ဖြတ်သန်းသွားတဲ့ ကားလမ်းမပေါ်ကြီး ကိုပေးထားတဲ့နေရာကလည်း ကျွန်တော်တို့ ပြင်ဦးလွင်-မန္တလေး-လားရှိုးလမ်းကြီးရဲ့ လမ်းမြို့ လယ်ခေါင်က နာရီစင်ကိုဖြတ်သန်းသွားတဲ့ လမ်းကြီးပေါ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း အဲဒီလမ်းမအတိုင်းဖြတ်သန်းသွားခဲ့ရင် မြို့အိမ်ရာတွေနဲ့ဘယ်လိုမှ မလွတ်မကင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မြို့နယ်အနေနဲ့ အောင်ဇေယျလမ်းဆိုပြီးတော့မှ ပန်းခြံရှိတဲ့ လမ်းဖက်ကိုပေးပါ တယ်။ အဲဒီလမ်းက စည်ပင်သာယာပိုင်လမ်းဖြစ်ပါတယ်။ အဲဒီလမ်းပေါ်မှာရှိနေတဲ့အတွက် အဲဒီလမ်း မှာလည်းပဲ တကယ်တမ်းဝန်နဲ့အားနဲ့မမျှဘဲနဲ့ မော်တော်ဆိုင်ကယ်တွေရော၊ ကားတွေရောရှိသမျှ အနေအထားတွေနဲ့ ကျွန်တော်တို့မြို့ပေါ်မှာ တော်တော်ကို လမ်းတွေပိတ်ဆို့ပြီးတော့မှ ကားအက်ဆီးဒင့်တွေလည်းဖြစ်တာတွေများတယ်။ မော်တော်ဆိုင်ကယ်တွေလည်းပဲ အခက်အခဲဖြစ် တယ်။ မြို့နေပြည်သူတွေကလည်း ဒီလမ်းမကြီးပေါ်မှာ တစ်လျှောက်လုံး သွားလာမှုအင်မတန် ခက်ခဲ ပြီးတော့မှ လမ်းတွေပိတ်ဆို့မှုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပြင်ဦးလွင်မြို့ဟာ တကယ်တမ်းတော့ တပ်မတော်သင်တန်း ကျောင်းကြီးတွေလည်းရှိပါတယ်။ နောက်အပန်းဖြေစခန်းမြို့ ဖြစ်တဲ့အတွက် အဲဒီမြို့ပေါ်မှာလည်းပဲ ကိုလိုနီခေတ်အဆောက်အဦတွေနဲ့ နိုင်ငံခြားခရီးသွားတွေရော အင်မတန်ကို ကျွန်တော်တို့လှပတဲ့ မြို့လေးဟာ ဒီလမ်းမကြီးတစ်လျှောက်မှာမြို့ပေါ်မှာကျလာတဲ့ အတွက် ကျွန်တော်တို့မြို့ပေါ်မှာ နေရထိုင်ရသွားရလာရတာရောအကုန်လုံး အခက်အခဲတွေ လမ်းပိတ်ဆို့မှု တွေရော အများကြီးဖြစ်နေပါတယ်။ အဲ့ဒီဖြစ်နေတဲ့အတွက် ကျွန်တော်ကနေပြီးတော့မှ ဒီပြည်သူ့ လွှတ်တော်ကနေတစ်ဆင့် အဲဒီလမ်းအခက်အခဲရှိနေတာကို ဖြေရှင်းပေးဖို့ ကျွန်တော် စာတင်ခဲ့ဖူးပါ တယ်။ အဲဒီတင်ထားခဲ့တဲ့စာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့မှ အေးရှားဝေါလ်က လမ်းအူကြောင်းရှာပြီးတော့မှ ကျွန်တော်တို့မြို့ရှောင်လမ်းတစ်ခုကို ရှာပြီးသားအနေအထားအတိုင်းပဲ ကျွန်တော်တို့ကိုပြန်ပြီးတော့မှ အကြောင်းကြားပါတယ်။ သို့သော်အဲဒီနေရာကို မလုပ်ဖြစ်တော့ဘဲနဲ့ မြို့ထဲလမ်းကိုပဲ ပြင်ဆင်ပြီးတော့မှ ပြန်ပြီးချပေးပါတယ်ဆိုတဲ့ စာတင်ထားတော့ ကျွန်တော်တို့မြို့ အနေနဲ့လည်းပဲ တကယ်တမ်း အခက်အခဲဖြစ်နေတဲ့အတွက် ဒုတိယအကြိမ် ကျွန်တော်ပြန်ပြီးတော့မှ ဒီလွှတ်တော်ကနေပြီးတော့မှကျွန်တော်ပြန်ပြီး တင်ပြခြင်းဖြစ်ပါတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့ မြို့ပေါ်လမ်းမတန်းတစ်လျှောက်မှာ မန္တလေး-လာရှိုး-တရုတ်ကုန်သွယ်လမ်းမကြီးပေါ်မှာ ကျနေတဲ့ အတွက် အဲဒီလမ်းမကြီးမှ မြို့ရှောင်လမ်းကို ဖောက်ပေးခဲ့ရင်တော့ ကျွန်တော်တို့မြို့ရဲ့ သာယာလှပမှု လေးသည် ပြန်ပြီးတော့မှ အဆင်ပြေသွားနိုင်မယ့်အတွက် ကျွန်တော်ဒီမေးခွန်းကို တင်ပြရခြင်းဖြစ်ပါ တယ်။
ကျွန်တော့်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟမှ ပြည်သူ့လွှတ်တော် အစည်းအဝေးကို မေးမြန်းထားတဲ့မေးခွန်းကို အပိုင်း ၂ ပိုင်း ခွဲပြီးတော့ ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ပထမအပိုင်းမှာတော့ ပြင်ဦးလွင်မြို့ရှောင်လမ်းစီမံကိန်းအား မည်သည့်အချိန်တွင် ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်နှင့် ဒုတိယအပိုင်းကတော့ စီမံကိန်းကာလအတွင်းမှာ မြို့တွင်းဖြတ်သန်းသွားတဲ့ ကုန်တင်ယာဉ်ကြီးများ၏ အရွယ်အစားနှင့် ဝန်အားကို ကန့်သတ်စိစစ်ရန်အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းများနဲ့ပတ်သက်ပြီးတော့ ရှင်းလင်း ဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။
လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမပိုင်းအနေနဲ့ ပြင်ဦးလွင်မြို့ ရှောင်လမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့်အစီအစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြသွားမှာဖြစ်ပါတယ်။ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းဟာ အေးရှားဝေါလ်ကုမ္ပဏီမှ ဘီအိုတီ စနစ်ဖြင့် ဆောက်လုပ်ထားတဲ့လမ်းအပိုင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ မူလပိုင်ရှင်ဟာကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်တဲ့အတွက် ကျွန်တော်တို့မှာပဲ လုံးဝတာဝန်ရှိပါတယ်။ ဒီလမ်းနဲ့ ပတ်သက်ပြီးတော့ မိုင်တိုင် ၃၇ ကနေပြီးတော့ လက်ယာဘက်ကိုစတင်ခွဲ ထွက်ပြီးတော့ မိုင်တိုင် ၄၆/၅ အထိပြန်လည်တွေ့ဆုံတဲ့ထိ ဒီလမ်းရဲ့ မြို့ရှောင်လမ်းရဲ့အရှည်ဟာ ၁၂ မိုင် ၇ ဖာလုံ ရှည်လျား တာဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီလမ်းမှာ ယာဉ်ငယ်များသာ သွားလာနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ ဒီမြို့ရှောင်လမ်းကို ကျွန်တော်တို့က မြေညှိစက်နဲ့ လမ်းမျက်နှာပြင်ညှိပြီး ဆောင်ရွက်ထားပါတယ်။ ဆက်လက်ပြီးတော့လည်း ကားကြီးများရှောင်တိမ်းသွားလာနိုင်ရန်အတွက် အတက်အဆင်းမတ်စောက် တဲ့နေရာများမှာ လမ်းအကွေ့အကောက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းပုံထုတ်အဖွဲ့ကနေ ပြီးတော့ ကွင်းဆင်းတိုင်းတာပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ လမ်းအနေအထားဟာ လွန်စွာကျဉ်းမြောင်းတာကြောင့် လမ်းတာပေါင်အကျယ်ရရှိရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒေသခံပြည်သူများနှင့်ဘီအိုတီစနစ်နဲ့ ဆောင်ရွက်နေတဲ့ အေးရှားဝေါလ်ကုမ္ပဏီတို့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြင်ဦးလွင်မြို့ရှောင်လမ်း စီမံကိန်းအား ဆောက်လုပ်ရန်အတွက် လမ်းဒီဇိုင်းပုံစံများ တိုင်းတာညှိနှိုင်းပြီးပါက ဘီအိုတီစနစ်နဲ့ဆောင်ရွက်လျက် ရှိတဲ့ အေးရှားဝေါလ်ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်သွားစေမှာဖြစ်ပါကြောင်း ပထမမေးခွန်းအား ဖြေကြားအပ်ပါတယ်ခင်ဗျား။
လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယအပိုင်းအနေနဲ့ စီမံကိန်း ကာလအတွင်း မြို့တွင်းဖြတ်သန်းသွားနေသော ကုန်တင်ယာဉ်ကြီးများရဲ့ အရွယ်အစားနှင့်ဝန်အား ကန့်သတ်စိစစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ် ခင်ဗျား။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ရည်ရွယ်ပြီးတော့ ြဖေလျှော့ပေးတဲ့အနေနဲ့ လမ်းမကြီးများပေါ်မှာ သွားလာခွင့်ပြုတဲ့ မော်တော်ယာဉ် များရဲ့(ယာဉ်+ကုန်)တန်ချိန်များကို တိုးမြှင့်သတ်မှတ်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၂/၂၀၁၂) မှသဘောတူခဲ့ပြီး ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသဘောတူခွင့်ပြုချက်အရ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်သတ်မှတ်တဲ့ ဝင်ရိုးနှင့်ဘီးအရေအတွက် (ယာဉ်+ကုန်) အလေးချိန်သတ်မှတ်ချက်များဟာကုန်တင်ယာဉ်ကြီးများရဲ့ အရွယ်အစားနှင့်ဝန်အားကို ကန့်သတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြင်ဦးလွင်မြို့ရှောင်လမ်း စီမံကိန်းကာလအတွင်း မြို့တွင်းဖြတ်သန်းသွားတဲ့ ကုန်တင်ယာဉ်ကြီးများရဲ့ အရွယ်အစားနှင့်ဝန်အား သီးခြားကန့်သတ်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ကုန်တင်ယာဉ်ကြီးများနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီပြဋ္ဌာန်းထားတဲ့ တန်ချိန်သတ်မှတ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းလေးစားစွာ ရှင်းလင်းတင်ပြအပ်ပါတယ်။
