ကျေးလက်နေပြည်သူများရဲ့ စားဝတ် နေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ပေါ့ရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် မြစ်ချောင်းများကို လိုင်စင်စီဆွဲဝယ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ကိစ္စနဲ့ပတ်သက်ပြီးတော့ မေးခွန်းမေးမြန်းထားတာဖြစ်ပါတယ်။ တကယ့်ပြည်သူတွေရဲ့ လိုအပ်ချက်၊ ဆန္ဒသဘောထားများကို တစ်ဆင့် တင်ပြမေးမြန်းတဲ့ မေးခွန်းဆိုလည်းမမှားပါ။
ပကတိအခြေအနေကို အနည်းငယ်ဖတ်ကြားတင်ပြခွင့်ပြုစေလိုပါတယ်။ ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတမ်းဒေသတစ်ခုဖြစ်ပါတယ်။ မြို့နယ်အများစုဟာ ဘင်္ဂလား ပင်လယ်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ မြို့နယ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ပေါက်တောမြို့နယ်ဟာ မြစ်ချောင်းပေါများတဲ့ မြို့နယ်တစ်မြို့နယ်ဖြစ်တဲ့အတွက် အခုလို လေလံပစ်တဲ့နှစ်မှစပြီးတော့ မြို့နယ် အတွင်း မြစ်ချောင်း ၂၇ ခုကို လေလံခွန်အဖြစ် သတ်မှတ်ပြီးတော့ လေလံဆွဲဝယ်ခဲ့ပါတယ်။ ယခင် ကာလက မြစ်ချောင်းများကို လေလံဆွဲဝယ်ခြင်းမရှိခဲ့ပါ။ ၁၉၈၈ နောက်ပိုင်း ငွေရှင်ကြေးရှင်၊ စီးပွားရေး ဝိသမလောဘသမားတွေဟာ အဖွဲ့အစည်းဌာနဆိုင်ရာအကြီးအကဲများနဲ့ ချဉ်းကပ်ပြီးတော့ လေလံဆွဲဝယ်ခြင်းများကို ပြုလုပ်လာခဲ့တာ ယနေ့အထိဖြစ်ပါတယ်။ လေလံဆွဲဝယ်ခွင့်ရရှိသူများအနေ ဖြင့်လည်း သူတို့ကိုယ်တိုင် ရေလုပ်ငန်းလုပ်ကိုင်နေကြသူများ မဟုတ်ပါဘဲနဲ့ သူတို့လေလံဆွဲဝယ်၍ ရရှိတဲ့ရေခွန်များမှာ ရေလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရေလုပ်သားများထံမှ အခကြေးငွေများကို အဆ မတန်ကောက်ခံခြင်း၊ ငွေကြေးမပေးနိုင်ပါက ငါးဖမ်းပိုက်များသိမ်းဆည်းခြင်း၊ တရားစွဲအရေးယူခြင်း ပြဿနာများဖြစ်ပွားလျက်ရှိနေတာကို တွေ့ရပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်လွှတ်တော်အတွေ့အကြုံတွေ နယ်ဆင်းပြီးတော့ ရှင်းလင်းတဲ့ အခါမှာလည်း ကျေးလက်နေပြည်သူများအနေဖြင့် သူတို့ရဲ့လိုအပ်ချက်တွေကို၊ ဆန္ဒသဘောထား တွေကိုတင်ပြကြပါတယ်။ ငါတို့ ငါးလေးတစ်ကောင်ရှာစားမယ့် နေရာမရှိတော့ဘူး။ အရင်တုန်းက တာတမံတွေအတွင်းမှာ ချောင်းတွေ၊ မြောင်းတွေရှိတယ်။ ရှာစားလို့ရခဲ့တယ်။ အခု မရှာရတော့ဘူး။ အကုန်လုံးသူ့တာကိုယ့်တာဆိုပြီးတော့ ပုစွန်မွေးတဲ့ ပုစွန်တာတွေဖြစ်နေကြပါတယ်။ တာတမံတွေမှာ မရှာရတော့ ရွာချောင်းတွေ၊ မြစ်တွေမှာ ရှာမယ်လုပ်တော့လည်း သူလေလံဆွဲဝယ်ထားတာ၊ ငါလေ လံဆွဲဝယ်ထားတာဆိုပြီးတော့ မရှာရပြန်ဘူး။ ဒီလိုဖြစ်နေကြတဲ့အတွက် ငါတို့ဘဝဟာ အစားဆင်းရဲ၊ အနေဆင်းရဲဖြစ်ကြရတယ်။ ဆင်းရဲတွင်းနက်သထက် နက်နေကြရတယ်။ တချို့ဆိုရင် ရှာဖွေလုပ်ကိုင် စားသောက်မယ့်နေရာမရှိလို့ မလေးရှားတို့၊ ထိုင်းတို့ကို ရောက်သွားကြရပါတယ်ဆိုပြီး ရင်ဖွင့်ကြပါ တယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ ၁၉၃ ဇယား ၅ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့်အခွန်အခများမှာလည်း မပါဝင်တာတွေ့ရ ပါတယ်။ အပိုဒ် ၅ အပိုဒ်ခွဲ (က) မှာ ရေချိုလုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံရမည့် ဘဏ္ဍာတော်ကြေး အပိုဒ် ၅ အပိုဒ်ခွဲ (ခ) မှာလည်း သတ်မှတ်ထားသော အကွာအဝေးအတွင်း ငါးဖမ်းလုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေးဆိုပြီးတော့ ပါရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး အရင်က မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီလိုမြစ်ချောင်းတွေကို လေလံပစ်တဲ့ကိစ္စကတော့ ဝန်ကြီးဌာန အနေနဲ့မလုပ်ဘူး။ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေက သူတို့အစီအစဉ်နဲ့ လုပ်ကြတယ်လို့ပြောပါ တယ်။ နောက်တစ်ခါ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရန်ကုန်မှာရောက်တုန်း ဆွေးနွေးခဲ့ပါတယ်။ ဒီလေလံ ဆွဲဝယ်ရတာဟာ ပြည်နယ်အတွက်အခွန်အခတွေ၊ ပြည်နယ်ရန်ပုံငွေတွေ ဒီကမှရတာဆိုပြီးတော့ပြော ပါတယ်။ အမှန်ပြောရရင် တကယ်လေလံဆွဲတဲ့နေရာမှာ ငွေ ၁၀၀ မှာ ပြည်နယ်ရန်ပုံငွေအဖြစ် ၅၀ လောက်တောင် မဝင်ဘူးလို့သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို အကြံပေးလိုက်ပါတယ်။ တကယ့် အခွန်အခ အမှန်ရအောင်ဆိုရင် ရေလုပ်သားတွေရဲ့ ငါးဖမ်းပိုက်၊ ငါးဖမ်းကွက်ပေါ်မှာ သူတို့လည်း မနစ်နာရအောင် တစ်ဖက်မှ နိုင်ငံတော်ဘဏ္ဍာလည်းရအောင် ညှိနှိုင်းကောက်ခံသွားမယ်ဆိုရင် ဒီထက်တောင် အခွန်အခတွေပိုရနိုင်ပါတယ်လို့ ကျွန်တော်ပြောပြလိုက်ပါတယ်။ မြို့နယ်ငါးလုပ်ငန်း ဦးစီးနဲ့လည်းတွေ့ဖြစ်ပါတယ်။ သူက ဒီနှစ်လေလံခွန်တွေကို တချို့ကို ဗဟိုငါးဖမ်းကွက်နဲ့ အလုပ်လုပ် ထားတယ်လို့ပြောပါတယ်။ ငါးဖမ်းကွက်တွေကို လျှော့တယ်လို့ပြောပါတယ်။ ပင်လယ်နဲ့နီးစပ်တဲ့ မြစ်ကြီးတွေကို လုပ်တာပဲဖြစ်ပါတယ်။ တကယ်မြို့နယ်အတွင်းပိုင်းမှာရှိတဲ့ ပြည်သူများရှာဖွေ စားသောက်နိုင်တဲ့ မြစ်ချောင်းတွေကျတော့ ယခင်အတိုင်းပဲ ဖြစ်နေပါတယ်။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အထက်ကတင်ပြခဲ့သလို ကျေးလက်နေပြည်သူများရဲ့ စားဝတ်နေရေး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြစ်ချောင်းများကို လိုင်စင်စီဆွဲ ဝယ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြည်သူ့ဆန္ဒနှင့်အညီ အခုလို မေးမြန်း ရခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ရေချိုငါး လုပ်ငန်းရေပြင်များနဲ့ပတ်သက်ပြီး တည်ဆဲရေချိုငါးလုပ်ငန်းဥပဒေမှာ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်မှ ကုန်းတွင်းနယ်နိမိတ်အတွင်းမှာရှိတဲ့ အစဉ်အမြဲရေတည်ရှိနေသည်ဖြစ်စေ၊ ယာယီ ရေတည်ရှိနေသည်ဖြစ်စေ၊ ငါးများနေထိုင်ကျက်စားခိုအောင်း ပေါက်ဖွားကြီးပြင်းရာ ရေပြင်၊ ရေကန်၊ ရေရိုး၊ မြစ်၊ ချောင်း၊ အင်းအိုင်တို့ကိုဆိုလိုကြောင်း ယင်းစကားရပ်မှာ ဂရန်အင်း၊ သီးသန့်အင်း လိုင်စင် ဖြင့်ထုတ်လုပ်ခွင့်ပြုသော ငါးလုပ်ငန်းရေပြင် ရေလှောင်ဆည်ကြီးများ၊ အစိုးရဌာနတစ်ခုခု၏ နယ်မြေ အတွင်းရှိ ရေပြင်များ ကုန်းတွင်းဒီရေရောက်ဒေသများ၊ ကုန်းပေါ်ရှိရေပြင်များ၊ လိပ်များနှင့် မိကျောင်း များဥချသည့်အသိုက်များ၊ ကျင်းများ၊ ရေချိုရေငန်စပ်ဒေသများ စသည်တို့လည်းပါဝင်ကြောင်း။ ထို့ပြင် ပင်လယ်နဲ့ဆက်စပ်သည့် မြစ်ဝများ၊ ချောင်းဝများ အဝ၏တစ်ဖက်ကမ်းအဆုံးမှ အခြား တစ်ဖက်ကမ်း အဆုံးကိုဆွဲသည့် မျဉ်းဖြောင့်၏ဒီရေကျရာဘက် ရေပြင်သည် ရေချိုငါးလုပ်ငန်း ရေပြင် ဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဆိုပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပေါက်တောမြို့နယ် အတွင်းမှာရှိတဲ့ တင်ဒါငါးဖမ်းကွက်များဟာ ပင်လယ်နဲ့ဆက်စပ်နေတဲ့ မြစ်များ၊ ချောင်းများဖြစ်သဖြင့် ရေချိုငါးလုပ်ငန်း ရေပြင်များဖြစ်ကြပြီး တည်ဆဲရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ စီမံခန့်ခွဲဆောင်ရွက် လျက်ရှိသော ရေပြင်များဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ၁၉၉၄-၁၉၉၅ ဘဏ္ဍာ ရေးနှစ်မှစတင်ပြီး တင်ဒါငါးဖမ်းကွက် ၁၈ ကွက်ကို စတင်ဖော်ထုတ်ရောင်းချခဲ့ရာမှာ အခွန်ငွေ ၃၀၉၅၀၀ ကျပ် ရရှိခဲ့ပါတယ်။ ၁၉၉၈-၁၉၉၉ ခုနှစ်မှ ၁၉၉၉-၂၀၀၀ ခုနှစ်အထိ ပြည်နယ်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရဲ့ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ တင်ဒါငါးဖမ်းကွက်များကို လေလံတင်ရောင်းချခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ်။ ၂၀၀၉-၂၀၁၀ မှာ ပေါက်တောမြို့နယ်မှာ တင်ဒါ ငါးဖမ်းကွက် ၂၄ ကွက်ရှိသည့်အနက် ကျောက်ပြင်ချောင်း တင်ဒါငါးဖမ်းကွက်၊ ငပြီတက်မှ ကျောက်တောင် အုန်းတိုင်ချောင်းဝအထိ တင်ဒါငါးဖမ်းကွက်နှင့် မော်ချောင်းအစအဆုံး တင်ဒါ ငါးဖမ်းကွက် ၃ ကွက်ကို ဘုံငါးဖမ်းကွက်အဖြစ်နဲ့ သတ်မှတ်ပေးခဲ့ပါတယ်။ ၂၁ ကွက်သာရောင်းချခဲ့ ပါတယ်။ ဒီလိုရောင်းချတဲ့အခါမှာ သိန်းပေါင်း ၁၇၀၉၂၈၀၀ ကျပ် ရရှိခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ငါးဖမ်းကွက် ၂၁ ကွက်ကို ဆက်လက်ပြီးရောင်းချတဲ့အခါမှာ အခွန်ငွေ ၁၂၅၅၀၀၀၀ ကျပ် ရရှိခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ တင်ဒါငါးဖမ်းကွက် ၂၁ ကွက်အနက် တပ်မော်မှ ဟင်းခရော် တင်ဒါငါးဖမ်းကွက်၊ ဆင်တက်မော်မြစ်တင်ဒါငါးဖမ်းကွက်၊ ဖဒူအရှေ့ (၁/၂) တင်ဒါငါးဖမ်း ကွက်များနှင့် ဘောတောချောင်းတင်ဒါငါးဖမ်းကွက် ၄ ကွက်ကို ဘုံငါးဖမ်းကွက်အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ၁၇ ကွက်ကိုသာ ရောင်းချခဲ့တဲ့အတွက် အခွန် ၁၁၆၈၀၀၀၀ ကျပ် သာရရှိခဲ့ပါတယ်။ အဲ့ဒီလို တင်ဒါငါးဖမ်းကွက် ၇ ကွက်ကို ဘုံငါးဖမ်းကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့တဲ့အတွက် အခွန်ငွေ သိန်းပေါင်း ၇၀၇၅၀၀၀ ကျပ်လျော့နည်းရရှိခဲ့ပါတယ်။ ယခုအခါမှာ နိုင်ငံတော်မှ ပြောင်းလဲ ကျင့်သုံးလာသည့် မူဝါဒများနှင့်အညီ နိုင်ငံတော်သမ္မတကြီးက ပြည်သူတစ်ဦးချင်းရဲ့ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဒီ့အတွက် တင်ဒါငါးဖမ်းကွက် ၇ ကွက်ကို ဘုံငါးဖမ်းကွက်အဖြစ် လျှော့ချခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တင်ဒါငါးဖမ်းကွက်အားလုံးကို အခွန်ကင်းလွတ်ခွင့်ပြုမယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်ရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးများကို ဆောင်ရွက်ရန် ဝင်ငွေမရရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အများဆန္ဒအရ လုပ်ကိုင်ဆောင်ရွက်လိုတာတွေကို Bottom Up System ဖြင့်တင်ပြမယ်ဆိုရင် ပြည်နယ်အစိုးရအနေ နဲ့လည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်အတွက် တင်ဒါငါးဖမ်းကွက်တွေ ကိုတော့ လုပ်ပိုင်ခွင့် ခွင့်ပြုခဲ့ပြီးဖြစ်တဲ့အတွက် နောင်နှစ်မှာမှ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ ဝင်ရောက်လေလံဆွဲယူခြင်း၊ ညှိနှိုင်းဆွဲယူခြင်းများကို ဆောင်ရွက်နိုင်ကြောင်း ဖြေကြားလိုပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ မူဝါဒအနေနဲ့သာ ဆောင်ရွက်နိုင်ပြီး ပြည်နယ်အစိုးရကသာ လက်တွေ့ ဆောင်ရွက်ရမယ့်အပိုင်းများအနေနဲ့ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ရေချိုငါးလုပ်ငန်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ ပုဒ်မခွဲ(က) နှင့် (ခ)တို့အရ ရခိုင်ပြည်နယ်အစိုးရသို့ ၂၀-၄-၂၀၁၁ ရက် ရက်စွဲပါစာအမှတ် ၁/၂၀၀၀ (ည) ၅၁၀၀/၁ (၁၅၆၄/၂၀၁၁)ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်ရေချိုငါးလုပ်ငန်း ဥပဒေကို သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်က ရေးဆွဲအတည်ပြုသွားရမှာဖြစ်ပါ တယ်။ လိုအပ်တဲ့အကြံဉာဏ်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးအနေနဲ့လည်း ပြည်နယ် အစိုးရကို၊ ပြည်နယ်လွှတ်တော်ကို ပေးအပ်နိုင်ပါကြောင်းနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန အနေနဲ့လည်း အကြံဉာဏ်များပေးနိုင်ကြောင်း တောင်းခံအပ်ပါတယ်။ မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း ငါးဖမ်းကွက်တင်ဒါလေလံရရှိသူနဲ့ အခြေခံ ရေလုပ်သားများကြားမှာ ငွေကြေးပြဿနာများ လုပ်ငန်းခွင်နှင့် အခြားပြဿနာများ ဖြစ်ပေါ်လာတိုင်း အချိန်နဲ့တစ်ပြေးညီကွင်းဆင်း၍ နှစ်ဦးနှစ်ဖက်မျှတမှုရှိအောင် ကျေကျေလည်လည် ပြေပြေ လည်လည်ဖြစ်အောင် အစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စီးပွားဖြစ်မဟုတ်ဘဲ တစ်ပိုင်တစ်နိုင် မိရိုးဖလာ ဝမ်းစာရှာဖွေစားသောက်သူများအတွက် ဘုံငါးဖမ်းကွက်များအနေနဲ့ အခမဲ့ခွင့်ပြုပေးတဲ့ လက်ထွန်၊ ကိုင်းထောက်၊ ရင်းတွန်း၊ ယက်သဲ့၊ မြှုံး၊ တိုင်ထောင်မြှုံး စသည့် ငါးဖမ်းကိရိယာများနဲ့ ကျေးလက်နေပြည်သူများရဲ့ စားဝတ်နေရေးအတွက် အခမဲ့ရှာဖွေစားသောက် ခွင့်ရှိကြောင်းလည်း ဖြေကြားလိုပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ် ပေါက်တောမြို့နယ်အတွင်းမှာရှိတဲ့ တင်ဒါငါးဖမ်းကွက်များ လေလံဆွဲဝယ်ယူခြင်းမှ ကင်းလွတ်ခွင့်ပြုရေး၊ မပြုရေးကို ရခိုင်ပြည်နယ်အစိုးရရဲ့ ရေချိုငါးလုပ်ငန်း ဥပဒေ စီမံခန့်ခွဲမှုအတိုင်းဆောင်ရွက်နိုင်ပါကြောင်းနှင့် ရေလုပ်သားများရဲ့ အခွင့်အရေးကို စိတ်ဝင် တစားမေးမြန်းလာတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးထွန်းအောင်ခိုင်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ယခုလို ပြဿနာများဟာ အချို့အချို့သော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာလည်း ဖြစ်ပွားလျက်ရှိပါတယ်။ ကျွန်တော်တို့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များနဲ့ ဖြစ်ပွားလျက်ရှိတဲ့ ရေလုပ်ငန်း ဆိုင်ရာ ရေချိုငါးလုပ်ငန်းဥပဒေများကို ဆက်လက်ရေးဆွဲပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
