(ဂ)-တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဝန်ဆောင်မှုပေးမည့် ဆရာဝန်များနှင့် ဝန်ထမ်းများအား ခန့်ထားစေလွှတ်ပေးရန်နှင့် ဆေးရုံအတွက် ပရိဘောဂများကူညီဆောင်ရွက်နိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ (၃၀.၅.၂၀၁၄)

တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဝန်ဆောင်မှုပေးမည့် ဆရာဝန်များနှင့် ဝန်ထမ်းများအား ခန့်ထားစေလွှတ်ပေးရန်နှင့် ဆေးရုံအတွက် လိုအပ်သော ပရိဘောဂများကူညီဆောင်ရွက်နိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

တန့်ယန်းမြို့နယ်၊ မိုင်းကောင် တိုက်နယ်ဆေးရုံ၌ လက်ရှိအနေအထားမှာ မြို့နယ်ဆရာဝန်၏စီမံမှုအရ မန်းကန်းတိုက်နယ်ဆေးရုံ၌ ရှိသော ဆရာဝန်ဒေါက်တာအောင်ဖြိုးဝေကို မိုင်းကောင်တိုက်နယ်ဆေးရုံသို့ ယာယီတာဝန်ပေးစေ လွှတ်ခဲ့ပါတယ်။ နေပျော်ပါက ယင်းဆေးရုံတွင်သာဆက်လက်နေပါဟု စေလွှတ်ခဲ့ပါတယ်။ ဒေါက်တာ အောင်ဖြိုးဝေကလည်း မိုင်းကောင်တွင်သာနေပျော်ပါသဖြင်‌့ ဆက်လက်နေထိုင်ပြီး တာဝန်များကို ထမ်းဆောင်သွားလိုကြောင်း ကျွန်တော်နှင့်မြို့နယ်ဆရာဝန်ကြီးကို ပြောပြီးတာဝန်များကို ထမ်းဆောင် သွားလိုကြောင်း အထက်အဖွဲ့အစည်းနဲ့ဝန်ကြီးဌာနများသို့လည်း စာရေးတင်ပြပြီးကြောင်း ပြောပြပါ တယ်။ ထို့အပြင် ဆေးရုံသုံးပရိဘောဂများလည်းရောက်ရှိနေပြီး တပ်ဆင်ရန်ပညာရှင်များသာ လိုအပ် တော့ပါကြောင်း မြို့နယ်ဆရာဝန်က ကျွန်တော့်ကိုပြောပြပါတယ်။ သို့ဖြစ်သည့်အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းလိုသည်မှာ (၁)လိုအပ်သော ဆရာဝန်တစ်ဦးနှင့် သူနာပြုဆရာမနှစ်ဦးအပြင် ကျန်ဝန်ထမ်းများအားလုံး ခန့်အပ်စေလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ခန့်ထားစေလွှတ်ပေးမည်။ (၂) လစ်လပ်သော မိုင်းကန်း တိုက်နယ်‌ဆေးရုံ လက်ထောက်ဆရာဝန်တစ်ဦးခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် (၃) ဆေးရုံသုံး ပစ္စည်းများကို တပ်ဆင်ပေးရန် ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဒေါက်တာသန်းအောင်(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)
အဖြေ

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်းတိုက်နယ် ဆေးရုံမှာ ယခုအခါ အထက်တန်းသူနာပြု ခွင့်ပြုနှစ်ဦး၊ ခန့်ထားနှစ်ဦး၊ သူနာပြု ခွင့်ပြုလေးဦး၊ ခန့်ထားနှစ်ဦးရှိရာ လစ်လပ်နှစ်ဦးရှိပါတယ်။ မေးခွန်းတွင် လစ်လပ်နှစ်ဦး ဖြည့်ဆည်းပေးရန်အတွက် တင်ပြထားရာ တင်ပြပါ လစ်လပ်သူနာပြုနှစ်ဦးကို သစ်လွင်ခန့်ထားရေးအတွက်  ဆောင်ရွက်နေပါ တယ်။ ဆောင်ရွက်၍ ခွင့်ပြုမိန့်ရရှိပါက ရှမ်းပြည်နယ်၊ တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးမှူးရုံး (လားရှိုး)မှ ဆက်လက်ပြီးခန့်ထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက် ပြီး ဒုတိယမေးခွန်းဖြစ်တဲ့ ဒေါက်တာအောင်ဖြိုးဝေကို ဆက်လက်နေလိုကြောင်း မေးမြန်းထားပါတယ်။ တင်ပြပါ တန့်ယန်းမြို့နယ်၊ မိုင်းကောင်းတိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန်တစ်ဦး လစ်လပ် လျက်ရှိပါတယ်။ သို့ဖြစ်၍ ၎င်းလက်ထောက်ဆရာဝန်တစ်ဦး ခန့်ထားနိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။  

ဆက်လက်ပြီး မေးခွန်းအနေဖြင့် ပစ္စည်းများလိုအပ်လျက်ရှိရာ ပစ္စည်းများလိုအပ်မှုကို တွဲဘက် ပြည်နယ်ကျန်းမာရေးဦးစီးမှူးရုံးမှနေ၍ တင်ပြနိုင်ရန်အတွက် ညွှန်ကြားပြီးဖြစ်ပါသည်။ ၎င်းညွှန်ကြား ချက်ရရှိပါက ပစ္စည်းများကိုပေးပို့ပြီး ပစ္စည်းများတပ်ဆင်နိုင်ရန်အတွက် ကျွမ်းကျင်သောပညာရှင်များ စေလွှတ်ပြီး အမြန်ဆုံးတပ်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားတင်ပြအပ်ပါတယ်။