(က)-နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများတွင် လုပ်ဆောင်နေသော မြန်မာနိုင်ငံသားအမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ်အရေးယူပေးရန်၊ တာဝန်ရှိသူများကို အရေးယူရန်နှင့် အလားတူကိစ္စများ မဖြစ်ပွားရေး စီမံကြီးကြပ်ပေးရန်တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ (၃၀.၅.၂၀၁၄)

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများတွင် လုပ်ဆောင်နေသော မြန်မာနိုင်ငံသားအမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ်အရေးယူပေးရန်၊ ပါဝင်ပတ်သက်နေသော တာဝန်ရှိသူများကို အရေးယူ ရန်နှင့် အလားတူကိစ္စများ ထပ်မံမဖြစ်ပွားရေး စီမံကြီးကြပ်ပေးရန်တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

 ပြည်ထောင်စု လွှတ်တော်ကနေပြီးမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီဥပဒေအရ နိုင်ငံခြားသားလုပ်ငန်းရှင်များက    လုပ်ငန်းပမာဏရဲ့ ၈၀ ရာခိုင်နှုန်းထိ ရင်းနှီးမြှုပ်နှံခွင့်ပြုထားပါတယ်။ လုပ်ငန်းဆောင်ရွက်ရာမှာ အဓိကလိုအပ်ချက် အနေနဲ့ကတော့ စက်ရုံအဆောက်အဦများ ဆောက်လုပ်ရန် လုံလောက်တဲ့ မြေနေရာရရှိဖို့ဖြစ်ပါတယ်။ အဲ့ဒီလိုအပ်ချက်နှင့်ပတ်သက်လို့ နိုင်ငံခြားသားများကို သာသနာပိုင်နယ်‌ွမေ နိုင်ငံတော်ကာကွယ်ရေး နဲ့ပတ်သက်တဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့နယ်မြေအပြင် အမှုအခင်းဖြစ်ပွားနေတဲ့မြေ၊ နောက်မြို့ပြလူ နေမှုပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ ဒေသများကလွဲရင် ကျန်မြေများကိုငှားရမ်းခွင့်ပြုပေးထားပါတယ်။ ထိုမြေများကို ငှားရမ်းကာလ နှစ် ၃၀ နဲ့ ထပ်တိုး ၁၅ နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၆၀ အထိ ခွင့်ပြု ပေးလျက်ရှိကြောင်းသိရှိရပါတယ်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားသားမှ ၈၀ ရာခိုင်နှုန်း၊ နိုင်ငံသားမှ ၂၀ ရာခိုင်နှုန်းခွင့်ပြုထားရာ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့မှ မြန်မာနိုင်ငံသားအမည်ခံ ပြီးတော့မှ လုပ်ငန်းဆောင်ရွက်မှုတွေ များပြားလာနေကြောင်းကိုလည်း စီးပွားရေးအသိုက်အဝန်းများ ကနေပြီးမှ သတင်းများထွက်ပေါ်နေပါတယ်။ အထူးသဖြင့် အောက်ဖော်ပြပါ လုပ်ငန်းကြီးများမှာ နိုင်ငံသားအမည်ခံ လုပ်ဆောင်မှုများရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ အဲ့ဒီလုပ်ငန်း များကတော့ ကျောက်မျက်တူးဖော်ထုတ်လုပ်သည့်လုပ်ငန်း၊ သတ္တုတူးဖော်ထုတ်လုပ်သည့်လုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတို့ဖြစ်ပါတယ်။ ဖော်ပြပါ မြန်မာနိုင်ငံသား အမည်ခံလုပ်ငန်းများဟာ ယခင်အစိုးရလက်ထက်ကပင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။ သို့သော် လည်းပဲ ဒီကနေ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ပို၍များပြားလာကြောင်း သတင်းများကြားသိရပါ တယ်။ အဲဒီလိုလုပ်ဆောင်နေတဲ့ နိုင်ငံခြားသားများက ပြန်ကြည့်လို့ရှိရင် အာရှတိုက်မှ အများဆုံး ဖြစ်ပြီးတော့ ဥရောပတိုက် နိုင်ငံအချို့မှလည်း ပါဝင်နေတယ်လို့သိရပါတယ်။ နိုင်ငံသားအမည်ခံပေး သူအများစုဟာ မြန်မာအမျိုးသမီးများဖြစ်ကြပါတယ်။ ၎င်းတို့ဟာ နိုင်ငံခြားသားများနဲ့လက်မထပ်ဘဲ နဲ့အတူနေခြင်း(Living Together) များဖြစ်နေကြပါတယ်။ အမည်ခံစီးပွားရေးလုပ်ငန်းများကြောင့် နိုင်ငံအတွက် ဖော်ပြပါဆိုးကျိုးများ သက်ရောက်လျက်ရှိကြောင်းကိုလည်း လူမှုစီးပွားရေးအသိုက် အဝန်းများထံမှ ကြားသိရပါတယ်။ အဲဒီဆိုးကျိုးများကတော့ အခွန်ရှောင်မှုကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးများ နိုင်ငံအတွက် ဆုံးရှုံးနစ်နာခြင်း၊ ငွေမဲခဝါချခြင်း၊ ထိုလုပ်ငန်းများတွင် လုပ်ကိုင်နေ ကြတဲ့ မြန်မာလုပ်သားများ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးများ အပြည့်အဝမရရှိခြင်း၊ လုပ်ငန်းတူ နိုင်ငံသားပိုင်လုပ်ငန်းများ ထိခိုက်နစ်နာခြင်း၊ မြန်မာနိုင်ငံရဲ့ တရားဝင်စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ လူမှုဘဝတာဝန်ယူမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုများ အားနည်းခြင်း ကြောင့် ထိခိုက်မှုများဖြစ်ပေါ်စေခြင်း၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုများ တိုးပွားလာခြင်း၊ နိုင်ငံနှင့်လူမျိုးတို့ရဲ့ဂုဏ်သိက္ခာထိခိုက်စေခြင်းတို့ဖြစ်ပါတယ်။ အဲ့ဒီလို အမည်ခံစီးပွားရေးလုပ်ငန်းများ တိုးပွားလာရခြင်းသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ ဝန်ကြီးဌာန များမှာ လာဘ်ပေးလာဘ်ယူအကျင့်ပျက်ခြစားမှုများရှိနေသေးခြင်း၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများ အားနည်းနေခြင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ကွပ်ကဲမှုအားနည်းနေခြင်းတို့ဖြစ်ကြောင်း လည်းလေ့လာသုံးသပ်ရပါတယ်။

 နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံသူများကို လိမ်လည်မှု၊ စာချုပ်စာတမ်းပါ သဘောတူညီချက်များဖောက်ဖျက်မှု၊ ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုတို့ဖြင့် အရေးယူသင့် ကြောင်းလည်းပဲ အကြံပြုစာများ ရရှိနေပါတယ်။ သို့ပါ၍ မြန်မာနိုင်ငံသားအမည်ခံ နိုင်ငံခြား စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေရတဲ့ ကျွန်တော်တို့ နိုင်ငံခြားသားများကို လည်း ဖော်ထုတ်အရေးယူပေးဖို့လိုအပ်ပါတယ်။ အလားတူပဲ ပါဝင်ပတ်သက်နေတဲ့ မိမိဌာနဆိုင်ရာ တာဝန်ရှိသူများကိုလည်းပဲ ဖော်ထုတ်အရေးယူဖို့လိုအပ်ပါတယ်။ အလားတူကိစ္စများ ထပ်မံမဖြစ်ပွားဖို့ အတွက်ကို တာဝန်ရှိသူအဆင်‌့ဆင့်မှ စဉ်ဆက်မပြတ် စီမံကြီးကြပ်ပေးဖို့လိုအပ်ပါတယ်။ ဖော်ပြပါ အရေးယူရန်ကိစ္စများကို အမျိုးသားရေးဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားအတွက် ဦးစားပေးလုပ်ငန်းအဖြစ် လုပ်ဆောင်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဦးဝင်းရှိန်(ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန)
အဖြေ

 ေမးခွန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီး  မြှုပ်နှံမှုကော်မရှင်ကိုယ်စား  ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ယခင်ပြဋ္ဌာန်းခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ရာမှာ နိုင်ငံခြားသားများအနေနဲ့ ပုဂ္ဂလိကပိုင်မြေကို ငှားရမ်းလုပ်ကိုင်ခွင့် မရခဲ့တဲ့အချက် တစ်ချက်တွေ့ရှိရပါတယ်။ အချို့နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံသူများက ရရှိတဲ့ အခွင့်အရေးတွေ (ဥပမာ သက်သာသောဈေးနှုန်းဖြင့် ပေးချေရတဲ့ လျှပ်စစ်ဓာတ်အားခ၊ တယ်လီဖုန်း ပြောဆိုခ)တို့ကို အခွင့်အရေးတစ်ရပ်အနေနဲ့ ရရှိလိုတဲ့အတွက်ကြောင့်လည်းကောင်း၊ အခွန်အခပေး ဆောင်ရာမှာလည်း မြန်မာနိုင်ငံသားအမည်ခံအဖြစ် ဆောင်ရွက်ခြင်းက သက်သာမှုရှိနေတဲ့အချက်၊ ဒါ့အပြင် ပေးဆောင်ရတဲ့ အခွန်အခတွေကိုလည်း လွှဲပြောင်းပေးလိုတဲ့အချက်တွေကြောင့် စီးပွားရေး လုပ်ငန်းများကို နိုင်ငံသားအချို့ကို အမည်ခံစေပြီးတော့ ဆောင်ရွက်ခဲ့ကြောင်း သုံးသပ်တွေ့ရှိခဲ့ရပါ တယ်။ အထူးအားဖြင့် CMP အထည်ချုပ်လုပ်ငန်းများနှင့် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများမှာ ယခုလို အမည်ခံလုပ်ငန်းများ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နိုင်ငံခြားသား များအနေနဲ့ ပုဂ္ဂလိကပိုင်မြေကို တရားဝင်ငှားရမ်းဆောင်ရွက်ခွင့်ပြုခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များတိုးတက်လာပြီး နိုင်ငံသားအမည်ခံရင်းနှီးမြှုပ်နှံသူများ လျော့နည်းသွားစေရေးအတွက် လက်ရှိ အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့စပ်လျဉ်းတဲ့ မြေအသုံးပြုခွင့်ဆိုင်ရာ အမိန့် ကြော်ငြာစာကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့် ကြော်ငြာစာအမှတ်(၃၉/၂၀၁၁) ဖြင့်ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီနောက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးတော့ အဆိုပါ ဥပဒေသစ်အရ နိုင်ငံခြားသားများအနေနဲ့ နိုင်ငံတော်အစိုးရထံမှဖြစ်စေ၊ နိုင်ငံသားပုဂ္ဂလိကထံမှ ဖြစ်စေ မြေငှားရမ်းပြီးတော့ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။ ဒီလိုဖြေလျှော့ ပြင်ဆင်ဆောင်ရွက်ပေးမှုကြောင့် ၂၀၁၄ ခုနှစ် မတ်လကုန်အထိ နိုင်ငံခြားသားများက ပုဂ္ဂလိကပိုင်မြေ ကိုငှားရမ်းပြီးတော့ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းပေါင်း ၁၂၂ ခုရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားအမည်ခံ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းများကို တရားဝင်လမ်းကြောင်းပေါ်မှာ ရောက်ရှိ လာစေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၂) ထုတ်ပြန်ကြေညာပြီးတော့ နိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းများကို တရားဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲခွင့်ပြု ရေးအတွက် လုပ်ထုံးလုပ်နည်းများထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီလိုအမိန့်ကြော်ငြာစာထုတ်ပြန်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် တရားဝင်ပြောင်းလဲခွင်‌့ပေးခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့အထိ နိုင်ငံသားအမည်ခံရင်းနှီးမြှုပ်နှံမှု ၂၉ ခုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲ     ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုဖြေလျှော့ဆောင်ရွက်ပေးခြင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ်သို့ တရားဝင်ပြောင်းလဲခွင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပေမယ့်လည်း အချို့လုပ်ငန်းများဟာ နိုင်ငံသားအမည်ခံပြီးတော့မှ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းတွေရရှိတဲ့အတွက် သက်ဆိုင်ရာဌာနများ အသင်းအဖွဲ့များနှင့်ပူးပေါင်းပြီးတော့ နိုင်ငံသားအမည်ခံရင်းနှီးမြှုပ်နှံမှုများကို စိစစ်ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မေလအတွင်းမှာ ကော်မရှင်ကို အဆိုပြုလွှာ တင်ပြခဲ့တဲ့ အထည်ချုပ်လုပ်ငန်းအချို့ဟာ နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံ မှုဖြစ်တဲ့အကြောင်း သံသယတွေရှိတဲ့အတွက် ဒီလုပ်ငန်းများရဲ့စာရင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာန ကိုပို့ပြီးတော့ စိစစ်မှုများဆောင်ရွက်စေခဲ့တဲ့နေရာမှာ နိုင်ငံသားအမည်ခံပြီးတော့ အဆိုပြုလွှာ တင်သွင်းခဲ့ကြောင်း စိစစ်တွေ့ရှိရတဲ့ ကုမ္ပဏီကိုးခုကို ကော်မရှင်က အဆိုပြုလွှာထုတ်ပေးခြင်းမပြုဘဲနဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။ နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံမှုများဟာ အထည်ချုပ်လုပ်ငန်းများမှာ အများ အပြားရှိနိုင်ကြောင်း သုံးသပ်တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းပြီးတော့ သံသယဖြစ်ဖွယ်ရှိတဲ့ ကုမ္ပဏီစာရင်းများကို တောင်းခံရယူခဲ့ပါတယ်။ အဆိုပါ သံသယရှိတဲ့လုပ်ငန်းများဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဖွဲ့စည်းပေးတဲ့ ကွင်းဆင်းအဖွဲ့ နှင့် စက်ရုံများကိုသွား ရောက်ကွင်းဆင်းပြီးတော့ ဆက်လက်စစ်ဆေးဖော်ထုတ်မှုများကိုလည်း ပြုလုပ် ခဲ့ပါတယ်။ ဒီလို စစ်ဆေးရာမှာ သံသယဖြစ်ဖွယ်ရှိတဲ့ ကုမ္ပဏီ ၁၂ ခုခန့်ကို စိစစ်တွေ့ရှိရတဲ့အတွက် ယင်းတို့ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကော်မရှင်ကိုခေါ်ယူပြီး သတိပေးပြောင်းလဲစေတဲ့ အတွက် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီငါးခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တရားဝင် ပြောင်းလဲလာတာကို လည်းတွေ့ရှိခဲ့ရပါတယ်။

တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ၃၇ ခုကို ၎င်းတို့ရဲ့ ဇုန်များအတွင်းမှာ နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းများရှိ/မရှှိ စိစစ်ပြန်ကြားစေခဲ့ ရာမှာ ကြီးကြပ်ရေးကော်မတီ ၁၅ ခုက အမည်ခံလုပ်ငန်းများမရှိကြောင်း ပြန်ကြားလာခဲ့ပြီးတော့ ၂၂ ခု ကတော့ စိစစ်နေဆဲဖြစ်ပါတယ်။ အကြောင်းပြန်ကြားနိုင်ခြင်းမရှိသေးတဲ့အတွက်လည်း ဆက်လက် စိစစ်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရတာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ဖြေလျော့မှုများ ဆောင်ရွက်ခြင်း၊ ဥပဒေထုတ်ပြန်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် စိစစ်ကြပ်မတ်မှုများဆောင်ရွက် ပေးခြင်းတို့ကြောင့် နိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုမရှိတာ ကိုလည်း သုံးသပ်တွေ့ရှိရပါတယ်။ သို့ပေမယ့်လည်း ကော်မရှင်ရဲ့ခွင့်ပြုချက် ရယူမှုမပြုဘဲဆောင် ရွက်နေတဲ့ အနေအထားမျိုးသော်လည်းကောင်း၊ တရားဝင်ကုမ္ပဏီမှတ်ပုံတင်ဖွဲ့စည်းခြင်းမပြုဘဲသော် လည်းကောင်း၊ နိုင်ငံသားများကို အမည်ခံပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကဏ္ဍအသီးသီးမှာ ရှိနေနိုင်သေးတာကိုလည်း သုံးသပ်တွေ့ရှိရပါတယ်။

 သို့ဖြစ်ပါ၍ နိုင်ငံသားအမည်ခံပြီးတော့ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကိုဖော်ထုတ်နိုင်ရေးအတွက် ကော်မရှင်အနေနဲ့ နည်းလမ်းစုံနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဖော်ထုတ်ရတဲ့ နည်းလမ်းဟာ ကော်မရှင်တစ်ခုတည်းအနေနဲ့သာမကဘဲနဲ့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ အခြားဆက်စပ်သူ များအားလုံးက အမျိုးသားရေးအသိစိတ်ဓာတ်နဲ့ ဆက်လက်ဖော်ထုတ်သွားရမယ့်ကိစ္စဖြစ်ပါတယ်။ သက်ဆိုင်သူများအားလုံးနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးအားဖြင့် ပန်ကြားလို တာကတော့ ဌာနဆိုင်ရာပိုင်းမှ တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုနှင့်ပတ်သက်ပြီးတော့ သတင်းရရှိ ခြင်း၊ သိရှိရရှိခြင်းများကို တိတိကျကျဖော်ထုတ်အကြောင်းကြားပေးစေလိုပါတယ်။ မေတ္တာရပ်ခံအပ်ပါ တယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဌာနဆိုင်ရာပိုင်းမှာ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိ ရပါကလည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အနေနဲ့ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ဖော်ဆောင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု များတိုးတက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။