(ဃ)-ထမံသီရေဝပ်ဧရိယာနှင့် လောင်းမင်းစိုက်ပျိုးဧရိယာတို့မှ သစ်တောလက်ကျန်ဧက၊ထမံသီစီမံကိန်း ဆည်ရေဝပ်ဧရိယာ သစ်တောအပြောင်ရှင်းခြင်းကို ဆည် တည်ဆောက်ချိန်မှ ခုတ်ထွင်ပါက အချိန်မီပြီးစီးနိုင်ခြင်းရှိ/မရှိတို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၉.၅.၂၀၁၄)

ထမံသီရေဝပ်ဧရိယာနှင့် လောင်းမင်းစိုက်ပျိုးဧရိယာတို့မှ သစ်တောလက်ကျန်ဧက၊ ဟုမ္မလင်းမြို့၊ မုံရွာမြို့၊ မန္တလေးမြို့များရှိ အထပ်သားလွှာစက်ရုံတို့ကို မည်သည့်နှစ်မှစ၍ နှစ်စဉ်၊ နှစ်အလိုက်ပေးပို့ ရသော သစ်တန်ချိန်၊ ထမံသီစီမံကိန်း ဆည်ရေဝပ်ဧရိယာ သစ်တောအပြောင်ရှင်းခြင်းကို ဆည် တည်ဆောက်ချိန်မှ ခုတ်ထွင်ပါက အချိန်မီပြီးစီးနိုင်ခြင်းရှိ/မရှိတို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

 

   ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာဆိုရင် သင်္ဘောကြီး တွေနဲ့ သစ်လုံးဆိုဒ်စုံတွေ၊ သစ်အပါးလွှာတွေ စုန်ဆင်းနေကြတာဟာ ကြည့်မကောင်း၊ ရှုမကောင်း ဖြစ်နေကြတဲ့အတွက် လွှတ်တော်မှာမေးခွန်းတင်ပြီးတော့ ကြယ်ပွင့်မပြ ကျွန်မမေးမြန်းခဲ့ဖူးပါတယ်။ အဲ့ဒီအခါမှာ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ သစ်အပါးလွှာစက်ရုံနှစ်ရုံအတွက် ကုန်ကြမ်းကို ထမံသီရေဝပ် ဧရိယာဧက ၃၀၀၄၈၅ နဲ့ လောင်းမင်းစိုက်ပျိုးမြေဧရိယာဧက ၈၀၀၀၀ တို့ကနေပြီးတော့ အပြောင်ရှင်း ထုတ်လုပ်တဲ့သစ်တွေဖြစ်တဲ့အတွက် သစ်တောဥပဒေနှင့်ငြိစွန်းကြောင်းလည်း သိရှိခဲ့ရပါတယ်။ သစ် လုံးသေးသေးလေးတွေ စုန်ဆင်းနေတာကတော့ မုံရွာနှင့်မန္တလေး အထပ်သားစက်ရုံကို တင်ပို့နေတဲ့ အကြောင်း သယ်ယူပို့ဆောင်ပေးနေတဲ့သူတွေကကိုလည်း သိရှိထားပါတယ်။ မုံရွာ၊ မန္တလေး အထပ် သားစက်ရုံတွေကို ၂၀၁၃-၂၀၁၄ မိုးတွင်းအထိ တင်ပို့ပေးနေဆဲဖြစ်ကြောင်းလည်း စုံစမ်းသိရှိရပါ တယ်။ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာဆိုလို့ရှိရင်လည်း မြင်တွေ့နေကြရတာပါ။ ရပ်တန့်သွား ခြင်းလည်း အခုထိမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ သစ်အပါးလွှာစက်ရုံတွေ၊ မုံရွာ၊ မန္တလေး စက်ရုံတွေမှာလည်း အနေအထားမပျက် ဆက်လက်လည်ပတ်နေဆဲပဲ ဖြစ်ကြပါတယ်။ ချင်းတွင်းဒေသ တစ်လျှောက်မှာဆိုရင်လည်း မှောင်ခိုသစ်တွေ ဖမ်းဆီးရမိတဲ့ အမှုကြီး၊ အမှုသေးပေါင်းများစွာလည်း ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။ လွှတ်တော် နဝမပုံမှန်အစည်းအဝေး(၂၁) ရက်မြောက်နေ့မှာ ကျွန်မ ထပ်မံပြီးတော့ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့တဲ့ အပြောင်ရှင်းစနစ်ဖြင့် ခုတ်ထွင်ခဲ့တဲ့သစ်တော တွေကို မည်သူတာဝန်ယူပြီးတော့ စိုက်ပျိုးပေးမလဲလို့ မေးခွန်းထုတ်တဲ့အခါမှာ လျှပ်စစ် ဒုတိယဝန်ကြီး ကနေ အပြောင်ရှင်းသစ်ထုတ်လုပ်ငန်းကို လောင်းမင်းစိုက်ပျိုးမြေဧက ၈၀၀၀၀ အတွက် သစ်တောကို ၂၀၀၅-၂၀၀၆ မှစတင်ခုတ်ခဲ့ပြီးတော့ ၂၀၁၂-၂၀၁၃ စီမံကိန်းရပ်ဆိုင်းချိန်မှာ ၇.၈၆ ရာခိုင်နှုန်းနဲ့ ထမံသီဆည်ရေဝပ်ဧရိယာ သစ်တောဧက ၃၀၀၄၈၅ ကနေ ၁၀.၆ ရာခိုင်နှုန်းပဲ ထုတ်လုပ်ခဲ့ပါကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောတောရေးရာဝန်ကြီးဌာန ဝန်ကြီးကိုယ်စား ဖြေကြားခဲ့တာကို ကျွန်မမှတ်သားလိုက်ရပါတယ်။ အဲ့ဒီအဖြေကို မျှော်လင့်စောင့်စားနေကြတဲ့ ချင်းတွင်းဒေသပြည်သူ အများစုဟာ လက်တွေ့မဆန်တဲ့မြေပြင်ရှိ ကွာခြားနေတဲ့ ကိန်းဂဏန်းတွေဖြစ်တဲ့အတွက်ကြောင့် မကျေနပ်ခဲ့ကြတဲ့အတွက် ကျွန်မဆီကို မေးခွန်းတွေ ထပ်မံပြီးတော့တက်လာပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါမေးခွန်းတွေရဲ့ အခြေအနေတွေကို ထပ်မံသိရှိလိုလို့ ဒေသခံပြည်သူတွေရဲ့ကိုယ်စား ကျွန်မမှ လွှတ်တော်ဥက္ကဋ္ဌကြီးကနေတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါတယ်ရှင်။ (က) ထမံသီရေဝပ်ဧရိယာနှင့် လောင်းမင်းစိုက်ပျိုးဧရိယာတို့မှ ယခုမြေပြင်ရှိ အမှန်သစ်တောလက်ကျန်ဧက၊ (ခ) ဟုမ္မလင်းမြို့နယ် သစ်အပါးလွှာစက်ရုံနှစ်ရုံ၊ မုံရွာနှင့် မန္တလေး အထပ်သားလွှာစက်ရုံတို့ကို နှစ်စဉ်၊ နှစ်အလိုက်ပေးပို့ နေရတဲ့ သစ်တန်ချိန်၊ (ဂ) ထမံသီစီမံကိန်းဆည်ရေဝပ်ဧရိယာ သစ်တောအပြောင်ရှင်းခြင်းကို ဆည် တည်ဆောက်ချိန်မှ ခုတ်ထွင်ပါက အချိန်မီပြီးစီးနိုင်ခြင်းရှိ/မရှိတို့ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးအေးမြင့်မောင်(ဒုတိယဝန်ကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန)
အဖြေ

ဟုမ္မလင်းမြို့နယ်၊ ထမံသီရေအားလျှပ်စစ်စီမံကိန်းဟာ ၂၀၀၄-၂၀၀၅ ခုနှစ်မှာ အထူးဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ်နဲ့ ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ စီမံကိန်းရေဝပ်ဧရိယာအတွင်း မှာ သစ်များ ရေမြုပ်ဆုံးရှုံးမှုမရှိစေရေး၊ ဆည်အရည်အသွေး မထိခိုက်စေရေးအတွက် ရေဝပ်ဧရိယာ အပြောင်ရှင်းသစ်ထုတ်ခြင်းကို ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ ဆောင်ရွက် ခဲ့ရာမှာ စုစုပေါင်း သစ်မာ ၂၁၃၁၈၄ တန်ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ရပ်ဆိုင်းခဲ့ ပါတယ်။ ဆည်ရေဝပ်ဧရိယာ အပြောင်ရှင်း သစ်ထုတ်လုပ်ခြင်းဆောင်ရွက်ရာမှာ ရင်စို့လုံးပတ် နှစ်ပေ နှင့်အထက်အပင်များကို ပင်ထောင်ရိုက်မှတ်ခြင်း၊ ရိုက်မှတ်ထားသော မှတ်ပင်ထောင်များကို ခုတ်လှဲ ခြင်းတို့ကို ကနဦးလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် နှစ်ပေနှင့်အထက် အပင်များကို ဦးစွာစတင်သစ်ထုတ်ခြင်းဖြစ်ပါတယ်။ ပင်ထောင်ရိုက်မှတ်ခြင်းလုပ်ငန်းဆောင်ရွက်ရာ မှာလည်း  သတ်မှတ်ရင်စို့လုံးပတ် ပြည့်မီတဲ့အပင်များကိုသာ ရွေးချယ်ရိုက်မှတ်ပေးခြင်း၊ ခုတ်လှဲရာမှာ လည်း  ရိုက်မှတ်ပေးထားသော အပင်များကိုသာ ခုတ်လှဲခြင်း၊ ထိုနည်းအပြင် သတ်မှတ်ထားတဲ့ ရေဝပ် ဧရိယာရဲ့အထက်ကိုတော့ မခုတ်ရဘဲနဲ့ ရေဝပ်ဧရိယာရဲ့အောက်ကိုသာ ခုတ်ယူစေခြင်းစတဲ့ ဒီလို စနစ်တကျ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ အဓိက အားဖြင့်  သတ်မှတ်ရင်စို့လုံးပတ် ပြည့်မီခြင်းမရှိတဲ့အပင်များဟာ သစ်တောဧရိယာအတွင်းမှာ ပျံ့နှံ့စွာ ကျန်ရှိခဲ့တဲ့အတွက် တောလုံးဝပျက်စီးသွားခြင်း အနေအထားမျိုးမဟုတ်ပါကြောင်း အသိပေးလိုပါ တယ်။ စီမံကိန်းရပ်ဆိုင်းသည်ဟုသိရချိန်မှာ သစ်ထုတ်ခြင်းကိုလည်း ရပ်ဆိုင်းခဲ့သဖြင့် ခုနက ကျွန်တော် တင်ပြခဲ့သလို နှစ်ပေအောက် ပင်ထောင်တွေကို ကျွန်တော်တို့ ခုတ်လှဲခြင်းမရှိတဲ့အတွက် သစ်တော ဧရိယာ၊ သစ်တောနယ်မြေ လုံးဝလက်ရှိအတိုင်းသာ ကျန်ရှိပါကြောင်း ဖော်ပြလိုပါတယ်။ နောက် ထိုနည်းတူပဲ ကျွန်တော်တို့ ရင်စို့လုံးပတ် နှစ်ပေနှင့်အထက် ရောင်းတန်းဝင်များကိုသာ ကျွန်တော်တို့ ထုတ်လုပ်ခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ဧရိယာတွေအားလုံး မူလအတိုင်းတည်ရှိဆဲဖြစ်သလို ဆည် တည်ဆောက်ပြီးပါက ရေနစ်မြုပ်သွားမယ့်ကျေးရွာများ ရွှေ့ပြောင်းနေရာချထားနိုင်ရေးအတွက် ဟုမ္မလင်းမြို့ရဲ့တောင်ဘက် လောင်းမင်းဒေသ ရွှေပြည်အေးမြို့သစ်နှင့် စိုက်ပျိုးရန်မြေနေရာ ဖော်ထုတ်ဖို့ အစီအစဉ်အရ မြေဧရိယာ ဧက ၈၀၀၀၀ သတ်မှတ်ထားရှိခဲ့ပါတယ်။ တကယ်လက်တွေ့ မှာ အဲ့ဒီဧကရဲ့ပမာဏ ၆၂၉၀ ဧကကိုသာ ကျွန်တော်တို့ကခုတ်လှဲထုတ်လုပ်ပြီးတော့မှ ကျန်တဲ့ဧကတွေ ကတော့ မူလကျန်ရှိတဲ့အတိုင်း သစ်တောကျန်ရှိလျက်ရှိပါတယ်။ တစ်နည်းအားဖြင့် ၇၃၇၁၀ ဧက ကတော့ တောကျန်အဖြစ်နဲ့ ကျန်ရှိနေပါကြောင်း ကျွန်တော်တို့ဖော်ပြအပ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးမေးမြန်းရာမှာပါရှိတဲ့ သစ်ပါးလွှာစက်ရုံ၊ အထပ်သားစက်များကို သစ်မာသစ်လုံး (ကုန်ကြမ်း) နှစ်စဉ်ပေးပို့ခြင်းနှင့်ပတ်သက်လို့ ဟုမ္မလင်းမြို့နယ်ရှိ သစ်ပါးလွှာစက်ရုံနှစ်ရုံအတွက် ၂၀၀၇-၂၀၀၈ ခုနှစ်မှာ ၆၈၆ တန်၊ ၂၀၀၈-၂၀၀၉ ခုနှစ်မှာ ၈၃၉၈ တန်၊ ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ၆၃၈၄ တန်၊ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၉၁၂၄ တန်၊ ၂၀၁၁-၂၀၁၂ မှာ ၃၁၉၁၇ တန်၊ ၂၀၁၂-၂၀၁၃ မှာ ၂၅၈၃၂ တန်၊ ၂၀၁၃-၂၀၁၄ မှာ ၃၁၆၃၄ တန်ကိုလည်းကောင်း၊ မုံရွာမြို့နယ်မှာရှိ အထပ်သားစက်ရုံ၊ သစ်ပါး လွှာစက်ရုံအတွက် ကျွန်တော်တို့ ၂၀၀၇-၂၀၀၈ မှာ ၁၆၇၀၇ တန်၊ ၂၀၀၈-၂၀၀၉ မှာ ၁၁၁၁၀ တန်၊ ၂၀၀၉-၂၀၁၀ မှာ ၁၁၇၀၆ တန်၊ ၂၀၁၀-၂၀၁၁ မှာ ၁၅၁၃၂ တန်၊ ၂၀၁၁-၂၀၁၂ မှာ ၁၃၀၆၉ တန်၊ ၂၀၁၂-၂၀၁၃ မှာ ၂၀၉၆၀ တန်၊ ၂၀၁၃-၂၀၁၄ မှာ ၁၈၁၀၂ တန်ကိုလည်းကောင်း၊ မန္တလေး (ကျောက်ဆည်မြို့နယ်) သစ်ပါးလွှာစက်ရုံအတွက် ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ကျွန်တော်တို့ သစ်မာ ၁၁၀၁၈ တန်ကိုလည်းကောင်း အသီးသီးဖြည့်ဆည်းပေးခဲ့ကြောင်း တင်ပြအပ်ပါတယ်။

ထမံသီရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် အဆိုပါဒေသမှ သစ်ထုတ်လုပ်ခြင်း များကိုလည်း ရပ်ဆိုင်းထားရှိပြီးဖြစ်ပါတယ်။ အဆိုပါဒေသမှ မူလက ထုတ်ယူထားပြီးတဲ့သစ်များနှင့် ကျွန်တော်တို့ သစ်ထုတ်လုပ်ရေးစီမံချက်အရ ထုတ်လုပ်လျက်ရှိတဲ့ မော်လိုက်(အရှေ့)၊ မော်လိုက် (အနောက်)၊ မုံရွာဒေသ သစ်ထုတ်ရေးဒေသမှ ထွက်ရှိတဲ့သစ်များကို သစ်ပါးလွှာစက်ရုံနှင့် အထပ်သား စက်ရုံများကို ကုန်ကြမ်းဝယ်ယူခွင့်ပေးလျက်ရှိသလို  သစ်ကုန်ကြမ်းများသယ်ယူရာမှာ ကုန်ကျစရိတ် သက်သာစွာသယ်ယူနိုင်မယ့် လမ်းကြောင်းအနေနဲ့ ချင်းတွင်းမြစ်ကြောင်းကိုသာ အသုံးပြုလျက်ရှိတဲ့ အတွက် စက်ရုံတည်ရှိရာနေရာနှင့် သစ်ဆိပ်များကို သယ်ဆောင်ရာမှာ သစ်များဟာ စဉ်ဆက်မပြတ် စီးဆင်းနေတဲ့သဘောဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒီ့အပြင် ကျွန်တော်ဖြည့်စွက် တင်ပြလိုတာက တော့ အဲ့ဒီချင်းတွင်းမြစ်ရဲ့အထက်ပိုင်းမှာ သစ်တောစီမံအုပ်ချုပ်တဲ့ ဥပဒေအရာရှိများ အုပ်ချုပ်တဲ့မြေ မဟုတ်သော်လည်း မြေလွတ်၊ မြေရိုင်းအရ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ရာဘာ နောက် တခြားသော စိုက်ခင်းတွေထူထောင်ဖို့အတွက် မြေလွတ်၊ မြေရိုင်းဗဟိုကခွင့်ပြုတဲ့မြေပေါ်မှာ အပြောင်ရှင်းတဲ့သစ် တွေထွက်ရှိမှုကလည်းရှိပါတယ်။ ဒါလည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်မေးမြန်းစဉ်ကလည်း ကျွန်တော်ဖြေကြားခဲ့ပါတယ်။ ကုမ္ပဏီငါးခုကထုတ်လုပ်လျက်ရှိတဲ့ တန်ပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။ နှစ်စဉ် အပြောင်ရှင်းတဲ့ ခုနက ကျွန်တော်တို့ သစ်တောဥပဒေက စီမံအုပ်ချုပ်တဲ့ မြေမဟုတ်တဲ့ မြေလွတ်၊ မြေရိုင်းက ထွက်နေတဲ့သစ် အဲ့ဒီအပြောင်ရှင်းတဲ့လုပ်ငန်းတွေ ကိုလည်း ကျွန်တော်တို့က စနစ်တကျသစ်တောသစ်ပင်ပေါက်ရောက်မှုကို ကြီးကြပ်ပြီး သတ်မှတ်ထား တဲ့ရာခိုင်နှုန်းထက် မကျော်လွန်တဲ့အပိုင်းကိုသာ ကျွန်တော်တို့က ခွင့်ပြုပါတယ်။ နောက်နှစ်စဉ် လုပ်ငန်းပမာဏ၊ လုပ်နိုင်တဲ့ပမာဏကိုသာ ခွင့်ပြုပါတယ်။ မြေလွတ်၊ မြေရိုင်းဗဟိုက ဧက ထောင် သောင်းပေးသော်ငြားလည်း နှစ်စဉ်ဆောင်ရွက်နိုင်တဲ့ပမာဏနဲ့အညီပဲ ကျွန်တော်တို့က စိစစ်ပြီး ခုတ်လှဲရှင်းလင်းခွင့်ပြုပါတယ်။ ဒါလေးကိုလည်း ကျွန်တော် သိနိုင်အောင် ဖြည့်စွက်တင်ပြလိုပါတယ်။

နောက် ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ ပျဉ်းမနားမြို့နယ်၊ ငလိုက်ဆည်ကဲ့သို့ ထမံသီ စီမံကိန်း ဆည်ရေဝပ်ဧရိယာ သစ်တောအပြောင်ရှင်းခြင်းကို ဆည်တည်ဆောက်ချိန်မှ ခုတ်ထွင်ပါက အချိန်မီပြီးစီးနိုင်ခြင်းရှိ/မရှိနှင့်ပတ်သက်လို့  ငလိုက်ဆည်ရဲ့ ကန်ရေပြည့်ဧရိယာ(Water Spread Area) ဟာ ၃၈၀၅၀ ဧကရှိကြောင်း လေ့လာသိရှိရပါတယ်။  ထိုနည်းတူ ထမံသီရေအားလျှပ်စစ် စီမံကိန်းဟာ ခန္တီးအထက်ပိုင်း တဇုံးအနီးကနေ ချင်းတွင်းမြစ်ကို ဆည်ပိတ်ပြီး ရေအားလျှပ်စစ်ထုတ်ယူ မယ်‌့အတွက် ကန်ရေပြည့်ဧရိယာ(Water Spread Area) ဟာ ၃၄၄၉၆၀ ဧကရှိတဲ့အတွက် ကြီးမား တဲ့စီမံကိန်းဖြစ်ကြောင်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီ ကျယ်ပြန့်တဲ့ ဆည်ရေဝပ်ဧရိယာထဲမှာ ကျွန်တော်တို့ သစ်တောများ အပြောင်ရှင်းခုတ်လှဲခြင်းကို ခုနက ကျွန်တော်ဖော်ပြခဲ့တဲ့ပမာဏနှင့် နှိုင်းယှဉ်ပြီး ဒီ့အပြင် ထမံသီရေဝပ် ထမံသီရေအားလျှပ်စစ်စီမံကိန်းဟာ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များကို အချိန်နှင့် တစ်ပြေးညီပြီးစီးရေးအတွက် ကြိုတင်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ မေးခွန်းများအပေါ်မှာ ကျွန်တော့်အနေနဲ့၊ ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ ဒီဆည်ရေဝပ်ဧရိယာတွေကို စနစ်တကျသက်ဆိုင်ရာသုံးစွဲမယ့် ဝန်ကြီးဌာန ဥပမာအားဖြင့် ကျွန်တော်တို့ဆီမှာ ရေအားလျှပ်စစ်ဦးစီး ဌာန၊ ထိုနည်းတူပဲ ကျွန်တော်တို့ ဆည်မြောင်းဦးစီးဌာနမှ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များရဲ့ သတ်မှတ်ပေး ထားတဲ့ ရေကန်အပြည့်ဧရိယာရဲ့အတွင်းကိုသာလျှင် ခုတ်လှဲထုတ်လုပ်ခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။