(ခ)-မော်တော်ဆိုင်ကယ်မောင်းနှင်သူများအတွက် ယာဉ်မောင်းလိုင်စင်များကို ကျေးလက်ဒေသများအထိ ကွင်းဆင်းစစ်ဆေး၍ စနစ်တကျထုတ်ပေးရန်နှင့် ရေးမြို့နယ်တွင် ကညနရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၉.၅.၂၀၁၄)

ကျွန်မတို့ရဲ့ မြန်မာနိုင်ငံတော်တစ်ဝန်းမှာ တရားမဝင်မော်တော်ဆိုင်ကယ်များကို တရားဝင် လိုင်စင်များထုတ်ပေးနိုင်ရန် စီမံချက်တစ်ရပ်ချမှတ် ဆောင်ရွက်ပေးလျက်ရှိနေတာကိုလည်း လေ့လာ တွေ့ရှိခဲ့ရပါတယ်။ တရားမဝင်ဆိုင်ကယ်များကို တရားဝင်လိုင်စင်လုပ်ပေးခြင်းဖြင့် နိုင်ငံတော် အတွက် ရသင့်ရထိုက်တဲ့အခွန်ငွေများ တိုးတက်ရရှိလာတာကိုလည်း တွေ့မြင်နေခဲ့ရပါတယ်ရှင်။ မော်တော် ဆိုင်ကယ်မောင်းနှင်သူအများစုသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိနားလည် လိုက်နာမှု အားနည်းနေတဲ့အတွက်ကွောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပေါ်နေတာကိုလည်း တွေ့မြင် ကြားသိနေရပါတယ်။ ဒါကြောင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ယာဉ် မောင်းသူများအတွက် ကျေးရွာ အုပ်စုထိ သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သဘောပေါက် နားလည်စေရန်၊ လိုက်နာစေရေးအတွက်ဆောင်ရွက်ရန် လိုအပ်နေတယ်လို့ ကျွန်မအနေနဲ့ ထင်မြင် ယူဆမိပါတယ်ရှင်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းချင်တာ ကတော့ (က) မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိနားလည်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပညာပေးအစီအစဉ်များကို ကျေးလက်ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်မယ့်အစီအစဉ်ရှိ/မရှိ။ (ခ) ပိုမိုများပြားလာတဲ့ မော်တော် ဆိုင်ကယ်မောင်းနှင်သူများအတွက် ယာဉ်မောင်းလိုင်စင်များကို ကျေးလက်ဒေသအထိ ကွင်းဆင်း၍ စနစ်တကျထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ။ (ဂ) ရေးမြို့နယ်တွင် ကညနရုံးဖွင့်လှစ်ဖို့ အစီအစဉ် ရှိ/မရှိကို ပြည်သူများကိုယ်စား မေးမြန်းပါသည်။


     

ဖြေကြားသူ
ဦးချန်မောင်(ဒုတိယဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
အဖြေ

 ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဟာ တိုင်းဒေသကြီး ပြည်နယ်/ခရိုင်ရုံးများမှာလည်းကောင်း၊ သက်ဆိုင်ရာမှတ်ပုံတင်နယ်မြေအတွင်းရှိ မြို့နယ်အသီးသီးသို့ ပြက္ခဒိန်လအလိုက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရာမှာလည်းကောင်း၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်းများဖွင့်လှစ်၍ ယာဉ်မောင်းလိုင်စင်များ စနစ်တကျထုတ်ပေးခြင်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးမယ့် အစီအစဉ်ကိုလည်း ကြိုတင်သိရှိနိုင်ရန်အတွက် နေ့စဉ်ထုတ်သတင်းစာများမှာ ကြိုတင်အသိပေးကြော်ငြာလျက်ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ ညှိနှိုင်းချက်အရ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ကျေးရွာအုပ်စုများသို့လည်း သွားရောက်ပြီးတော့ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပွဲနှင့် သင်တန်းများ ကျင်းပဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပွဲ ကြိမ်ရေ ၁၅၉၀ ကျင်းပခဲ့ပြီး လူဦးရေ ၂၉၅၄၅၀ ဦးတက်ရောက်ခဲ့ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းကိုလည်း ၂၂၀၁ ကြိမ်ဖွင့်လှစ်ပြီး သင်တန်းသားဦးရေ ၃၀၀၁၃၇ ကို ယာဉ်       စည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်သွားလာမှုဆိုင်ရာစည်းကမ်းများ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းပေါ် ဆေးရေးအမှတ်အသားများ၊ အချက်ပြများနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို သင်ကြားပေးခဲ့ပါတယ်။ ဒါ့အပြင် မိမိဌာနမှကွင်းဆင်း၍ ဆောင်ရွက်ရာမှာ မရောက်ရှိနိုင်တဲ့ ကျန်ကျေးလက်ဒေသများအတွက် သက်ဆိုင်ရာဒေသတာဝန်ရှိသူများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး ဟောပြောပွဲကျင်းပ စေလိုခြင်း၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး သင်တန်းဖွင့်လှစ်၍ ယာဉ်မောင်းလိုင်စင်ရလိုခြင်း ဆောင်ရွက်လိုကြောင်း ညှိနှိုင်းအကြောင်းကြားလာ ခဲ့ပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား‌မှုဦးစီးဌာနရုံးများအနေနဲ့ ကျေးလက်ဒေသအထိ သွားရောက် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

 ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံး(မော်လမြိုင်)မှ ၎င်းရဲ့မှတ်ပုံတင် နယ်‌မြေအတွင်းမှာရှိတဲ့ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ရေးမြို့နယ်များမှာရှိတဲ့ မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းနှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မော်တော်ဆိုင်ကယ်များအား သက်တမ်းတိုးရာမှာ ယာဉ်အစစ်ခံရန်မလိုဘဲနဲ့ နှစ်နှစ်မှာ တစ်ကြိမ် သက်တမ်းတိုးရပါတယ်။ မော်တော်ယာဉ်များကိုတော့ တစ်နှစ်မှာတစ်ကြိမ် သက်တမ်းတိုးရ ပြီးတော့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ သက်တမ်းကုန်ဆုံးရက်မတိုင်မီ ရက်ပေါင်း ၉၀ ကြိုတင် ပြီးတော့ သက်တမ်းတိုးနိုင်ပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး (မော်လမြိုင်)ကို ယာဉ်များလာရောက်ရန်မလိုဘဲနဲ့ တစ်နှစ်မှာနှစ်ကြိမ် ရေးမြို့ကို သွားရောက်ပြီးတော့ ဒေသတာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းအကြောင်းကြားပြီး နယ်လှည့်ကွင်းဆင်းပေးခြင်းဖြင့် လုပ်ငန်း များအဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မော်တော်ဆိုင်ကယ်မောင်းလိုင်စင်၊ ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်နှင့် စပယ်ယာလက်မှတ်ရောင်းလိုင်စင်များရဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းများ ကို သုံးနှစ်မှငါးနှစ်သို့ တိုးမြှင့်ပြီးတော့ သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ရေးမြို့နယ်လိပ်စာနဲ့ ၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ မော်တော်ယာဉ်စီးရေ ၄၂၄ စီး၊ မော်တော် ဆိုင်ကယ် ၂၄၂၂၂ စီး စုစုပေါင်း ၂၄၆၄၆ စီးနှင့် ယာဉ်မောင်းလိုင်စင်စောင်ရေ ၈၇၃၂ စောင် မှတ်ပုံ တင်ထားရှိပါတယ်။ ခရီးလမ်းကြောင်းသင့်လို့ ပြည်နယ်ဦးစီးမှူးရုံး(မော်လမြိုင်)မှာ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ၊ မှတ်ပုံတင်လုပ်ငန်း လာရောက်ဆောင်ရွက်သူများရှိသကဲ့သို့ လာရောက် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များအတွက် ပြည်နယ်ရုံး(မော်လမြိုင်)မှ နယ်လှှည့်ပြီးတော့ သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို တစ်နှစ်မှာနှစ်ကြိမ် သွားရောက်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ်အတွက် ၂၀-၃-၂၀၁၄ ရက်နေ့မှာတစ်ကြိမ် ဆောင်ရွက်ပြီးဖြစ်ပါ တယ်။ နောက်တစ်ကြိမ်ကိုတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းမှာ သွားရောက်ပြီးတော့ ဆောင်ရွက်ရန် လျာထားချက်ရှိပါတယ်။ လိုအပ်ပါက ဒေသတာဝန်ရှိသူများနှင့်ညှိနှိုင်းပြီးတော့ အကြိမ် ရေတိုးမြှင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ဒီဦးစီးဌာနမှာ ရုံးချုပ်အပါအဝင် ပြည်နယ်/တိုင်းဒေကြီးနှင့် ခရိုင်များမှာ စုစုပေါင်း ရုံး ၅၃ ရုံး ဖွင့်လှစ်ပြီးတော့ မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ ရုံးသစ်တစ်ရုံးဖွင့်လှစ်မယ်ဆိုရင် ဖွဲ့စည်းပုံ၊ လိုအပ်တဲ့မြေနေရာ၊ ရုံးအဆောက်အဦ ဆောက်လုပ်ခြင်းအတွက်ကုန်ကျစရိတ်၊ ဝန်ထမ်း များအတွက် သုံးစွဲမယ်‌့လစာငွေ၊ လုပ်ငန်းကိစ္စများ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စများအတွက်  သုံးစွဲရမယ့် သာမန်အသုံးစရိတ်ငွေစသည်ဖြင့် လိုအပ်ချက်များ ရှိပါတယ်။ ဒါ့ကြောင့် ရေးမြို့နယ်ထက် မှတ်ပုံတင် ထားသော ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် ပိုပြီးတော့များတဲ့ ခရိုင်မြို့ငါးမြို့မှာတောင်မှ ရုံးသစ်ဖွင့်လှစ် ခြင်းမပြုနိုင်သေးဘဲ နယ်လှည့်လုပ်ငန်းအကြိမ်ရေတိုးမြှင့် ဆောင်ရွက်ပေးခြင်းဖြင့် သက်တမ်းတိုးခြင်း လုပ်ငန်းကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးလျက်ရှိပါသောကြောင့် အဆိုပါခရိုင်မြို့ကြီး များကို ဦးစားပေးဆောင်ရွက်ပေးပြီးမှသာလျှင် ရေးမြို့မှာရုံးသစ်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းတင်ပြပါသည်။