(ဂ)-နိုင်ငံတော်အတွက် အခွန်ငွေအများဆုံးရှာဖွေ ထည့်ဝင်ပေးကြရမည့် အခွန်ထမ်းကြီးများနှင့် အလယ်အလတ်အခွန်ထမ်းများမှ အခွန်ရှောင်တိမ်းမှု လျော့ကျလာစေရေးအတွက် အခွန်ငွေကိုလိုလို လားလားနှင့် ပြည့်ပြည့်ဝဝထမ်းဆောင်လာမှုအပေါ် နိုင်ငံတော်မှ အသိအမှတ်ပြုပြန်လည်ဂုဏ်ပြုသည့် သဘောဖြင့် မက်လုံးပေးဆွဲဆောင် အခွန်ထမ်းဆောင်စေသောစနစ် (Incentive Payable Taxation System) မျိုးပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်ဘတ်ဂျက်သည် နှစ်တိုင်းလိုလို လိုငွေပြနေသည်မှာ အားလုံးအသိဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ် ပြုပြင်ပြီးမှ ကျပ်ဘီလီယံ ၄၀၀၀ ကျော် လိုငွေရှိသည်ကို တွေ့ရှိရပြီး ၃၁-၃-၂၀၁၇ ရက်နေ့တွင် နိုင်ငံခြားကြွေးမြီ လက်ကျန် US Dollar သန်း ၉၁၀၀ ကျော်နှင့် ပြည်တွင်းကြွေးမြီ ကျပ်ဘီလီယံ ၁၈၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ ရေရှည်ဖြစ်ပေါ်နေသည့် ကြွေးမြီများကို ဖြေရှင်းနိုင်ရန်အခွန်ငွေ အများဆုံးရနိုင်သည့် လုပ်ငန်းရှင်ကြီးများနှင့် အလယ်အလတ်အခွန်ထမ်းကြီးများအပေါ် မူတည်နေပါကြောင်း၊ အခွန်ထမ်းကြီးများနှင့် အလယ်အလတ်အခွန်ထမ်းကြီးများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အခွန်ရှောင်ခြင်း၊ လျော့နည်းပေးသွင်းခြင်းများ ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ စစ်တမ်းအရ အခွန်ပေးဆောင်မှုပျက်ကွက်သူ ၁၀၆၇၀ ခန့်ရှိသည်ဟုလည်း သိရပါကြောင်း၊ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန်များသည် နိုင်ငံတော်၏ အဓိကအခွန်ရငွေများ ဖြစ်ခြင်းတွေ့ရှိရပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် အခွန်ထမ်းများကြားအဆင်ပြေစေရန် ပြည်တွင်းအခွန် ဦးစီးဌာနကလည်း ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်နှင့် တံဆိပ်ခေါင်းခွန်နှုန်းထားများ လျှော့ချပေးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အခွန်ရငွေများကို GDP နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ၈.၅ ရာခိုင်နှုန်းနှင့် ၈.၇ ရာခိုင်နှုန်းသာ ရှိသည့်အတွက် အလွန်နည်းသည်ကို တွေ့ရှိရပါကြောင်း၊ အခွန်ငွေသည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသည့်အတွက် မှန်ကန်မျှတမှုရရှိနိုင်ရန် အခွန်ထမ်းဆောင်နေသည့် ပြည်သူများအပေါ် အများကြီးမူတည်နေသည့်အတွက် အခွန်ထမ်းဆောင်မှု အခြေအနေနှင့်အညီ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူမှုများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ မြေယာအသုံးချမှု ဆိုင်ရာလုပ်ပိုင်ခွင့်များ၊ နိုင်ငံပိုင်သယံဇာတ ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် သွင်းကုန်/ ထုတ်ကုန်လုပ်ငန်း လိုင်စင်များစသည့် လုပ်ငန်းများ လုပ်ပိုင်ခွင့်ချထားပေးသည့်အခါ အခွန်ထမ်းဆောင်မှု အခြေအနေ အနေအထားပေါ် မူတည်ပြီး ဦးစားပေးချထားသည့်စနစ်မျိုး ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် အခွန်ထမ်းဆောင်လိုစိတ်ကို ပြိုင်ဆိုင်မှုဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက်လည်း အကျိုးရှိလာနိုင်မည်ဟု ယူဆပါကြောင်း၊ တစ်ဖက်မှာလည်း မသမာမှု၊ လက်သိပ်ထိုးဆောင်ရွက်မှု၊ ဘက်လိုက်မှုစသည်များကိုလည်း ထိန်းချုပ်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်နှင့် အခွန်ထမ်းနှစ်ဦး နှစ်ဖက်ကြား အကျိုးရှိလာနိုင်မည်ဟု ယူဆပါကြောင်း၊ ယခုလိုလုပ်ဆောင်နိုင်ရန် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကိုလည်း ပြင်ဆင်ရေးဆွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အတွက် အရေးပါသည့် အခွန်ငွေပိုမိုတိုးတက်ရရှိလာနိုင်ရေး၊ အခွန်ထမ်းတာဝန် လုပ်ငန်းရှင်များအတွက်လည်း မှန်ကန်မျှတပြီး အကျိုးစီးပွားတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရေး၊ ဂုဏ်ပြုသည့်သဘောအနေဖြင့် မက်လုံးပေး ဆွဲဆောင်စည်းရုံးသည့် အခွန်ထမ်းဆောင်စေသည့်စနစ် (Incentive Payable Taxation System) ပုံစံမျိုး တီထွင်ပြောင်းလဲဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာနဟာ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်းဆုခွန်စသည့် အခွန်(၅)မျိုးကို တာဝန်ယူကောက်ခံလျက်ရှိပါ ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အကောက်များ အပြည့်အဝရရှိရန်နှင့် အခွန်လွတ် ကင်းတိမ်းရှောင်မှုများ မဖြစ်ပေါ်စေရေးအတွက် ရှင်းလင်းလွယ်ကူသည့် ခေတ်မီအခွန် စနစ်တစ်ရပ်ဖြစ်စေရန် အခွန်ဌာနကိုလည်း ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် မူဝါဒချမှတ်ပေးပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရသင့်ရထိုက်သည့် အခွန်များလွတ်ကင်းမှု မရှိစေရန်အတွက် ဆောင်ရွက်ချက်တစ်ခုကို တင်ပြရမည်ဆိုလျှင် အစိုးရအဖွဲ့အစည်းများက တင်ဒါခေါ်ယူခြင်းနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုပေးရာတွင်လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့များက လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင် လည်းကောင်း အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ်ပါရှိမှသာ လုပ်ကိုင်ခွင့်ပြုရန်အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းထားပါကြောင်း၊ ထို့ကြောင့် အခွန်ထမ်းပြည်သူ များအနေနှင့် အခွန်ပေးဆောင်သည့် အလေ့အကျင့်ရရှိစေရေးအတွက် အခွန်ပညာပေးလုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
အခွန်တာဝန်ကျေပွန်သည့်သူများကို ချီးမြှင့်မှုအနေဖြင့် လတ်တလောအခြေအနေတွင် အခွန်အများ ဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်း ၁၀၀၀ စာရင်းကို ထုတ်ပြန်ကြေညာပေးခြင်း၊ အခွန်တာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်း ကြေညာပေးခြင်း တို့ကို ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ကိုယ်စားထုတ်ပြန်ပေး လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အဆင့် အခမ်းအနားပြုလုပ်ပြီး အခွန်အများဆုံးထမ်းဆောင်သူ ၁၀၀ ဦးကို အခမ်းအနားဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားများကိုလည်း ပြည်ထောင်စုအဆင့်တွင် နှစ်စဉ်ကျင်းပပေးလျက် ရှိပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်များကလည်း အလားတူဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၆-၃-၂၀၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတကိုယ်တိုင် ဝင်ငွေခွန်အများဆုံးထမ်းဆောင်သူ ၁၀ ဦးနှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ ၁၀ ဦးကိုလည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ဤသို့ဆောင်ရွက်ပေးခြင်းအားဖြင့် အဖွဲ့အစည်းအတွက်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်း အတွက်လည်းကောင်း စံနမူနာပြုသည့်အနေဖြင့် နိုင်ငံတော်အဆင့်က ဂုဏ်ပြုခြင်းဖြစ်ပြီး ပုဂ္ဂိုလ်/အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုမြင့်မားစေခြင်း၊ လုပ်ငန်းအတွက် အမည်ကောင်းဂုဏ်သတင်း ရရှိစေခြင်းတို့ ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံတော်အတွင်း အများနည်းတူအခွင့်အရေးများ ရယူခံစားနေပြီး အခွန်ပေးဆောင်ထိုက်သည့် ဝင်ငွေရှိပါလျက်နှင့် အခွန်မပေးဆောင်သူများကိုလည်း အခွန်ပေးဆောင်လိုစိတ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီးဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်မှု အနေအထားအတိုင်း လုပ်ငန်းလိုင်စင်များကို ဦးစားပေးချထားသည့် စနစ်မျိုး ကျင့်သုံးနိုင်ရန်ကိစ္စသည် လုပ်ငန်းလိုင်စင်ချထားဆောင်ရွက်ပေးသည့် ဌာနများအနေဖြင့် တင်ဒါခေါ်ယူပြီး တင်ဒါလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များအတိုင်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေရခြင်း ဖြစ်သဖြင့် ဈေးနှုန်းယှဉ်ပြိုင်မှု၊ လုပ်ငန်းအရည်အသွေး စသည်တို့အရ အကဲဖြတ်ရွေးချယ်ပေးရသည့် ကိစ္စဖြစ်ပါကြောင်း၊ အခွန်အများဆုံးပေးဆောင်သည့် အခြေအနေကို အကဲဖြတ်အမှတ်ပေးသည့် စနစ်တွင် အမှတ်အနည်းအများခွဲခြားရန် နည်းလမ်းတစ်ရပ်အနေဖြင့် ထည့်သွင်းကျင့်သုံးနိုင်မည် ဖြစ်သော်လည်း အခြားသောအချက်များကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ရသင့်ရထိုက်သည့် အခွန်များ လွတ်ကင်းမှု မရှိဘဲရရှိစေရန်နှင့် ပေးသင့်ပေးထိုက်သည့် ကင်းလွတ်ခွင့်၊ သက်သာခွင့်များကိုသာ အခွန်ထမ်းများသို့ ခံစားခွင့်ပေးအပ်ရန် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
တည်ဆောက်ရေးလုပ်ငန်းများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ပစ္စည်းဝယ်ယူမှုများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ မြေယာအသုံးချမှုဆိုင်ရာလုပ်ပိုင်ခွင့်များ၊ နိုင်ငံ ပိုင်သယံဇာတထုတ်ယူမှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းလိုင်စင်များ စသည်ဖြင့် လုပ်ငန်းများအပေါ် လုပ်ပိုင်ခွင့်များ ချထားပေးခြင်းတို့တွင် အခွန် မက်လုံးအဖြစ်နှင့် အခွန်ပေးဆောင်ပြီးကြောင်း၊ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် ပါရှိမှသာ ဆောင်ရွက်ရန်သတ်မှတ် ပေးထားသည့်အတွက်ကြောင့် ၎င်းလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိလိုသည့် သူများသည် အခွန်ပေးဆောင်ထားသည့် အထောက်အထားကို ပြသရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရန်နှင့် ကဏ္ဍအလိုက် တိုးတက်ဖွံ့ဖြိုးစေရန် အခွန်ဆိုင်ရာမက်လုံးပေးမှုများဖြစ်သည့် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကိုလည်း ဒေသအလိုက်၊ အချိန်ကာလအလိုက်ဥပဒေကို ခွင့်ပြုပေးထားပါကြောင်း၊
ထို့အပြင် ရသင့်ရထိုက်သည့် အခွန်ငွေများ အပြည့်အဝကောက်ခံရရှိနိုင်ရေးအတွက် အခွန်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ပြန့်စွာပြုလုပ်ပြီး ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၈ တွင် လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၃၄ မှာလည်းကောင်း၊ ဆုပေးဒဏ်ပေးစနစ်ကို အခွန်ဆိုင်ရာ ဆွဲဆောင်မှုအနေဖြင့် ထည့်သွင်းပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၇ ပုဒ်မခွဲ (က) တွင် အခွန်ဆိုင်ရာတာဝန်ကျေပွန်သည့် အခွန်ဝန်ထမ်းများ၊ အခွန်ထမ်းပြည်သူများအား အသိအမှတ်ပြုခြင်း၊ ထိုက်သင့်သောချီးမြှင့်ငွေများ စီမံဆောင်ရွက်ပေးခြင်း ပြုလုပ်ပေးရမည်ဟု ပြဋ္ဌာန်းပေးထားပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေတွင်လည်း ၎င်းပြဋ္ဌာန်းချက်ကို ဆက်လက်ထည့်သွင်း ပြဋ္ဌာန်းပေးထားပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ နှစ်စဉ်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ လွှတ်တော်ကိုယ်စားလှယ်ကြီးဆွေးနွေးထားရှိသည့် Incentive Payable နှင့် ပတ်သက်ပြီး ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆက်လက်ထည့်သွင်းသုံးသပ်ပြီး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
