ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၁၈ ခုနှစ် ၊ မေလ ၁၇ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၁) ဦးအနက် (၃၉၁)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးက ဥက္ကဋ္ဌ၏ရှေ့မှောက်မှာ ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးပါသည်။
(ခ) လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြခြင်း
၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၈ အရ လွှတ်တော်အခွင့်အရေး ကော်မတီကို ဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ရာထူးအလျောက် ကော်မတီ၏ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် ကို ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ကြောင်း လွှတ်တော်သို့ အသိပေး ကြေညာ ပါသည်။
(ဂ) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ်မှ မေးမြန်းသော အရက်ချက်စက်ရုံ များတွင် Flow-Meter များ တပ်ဆင်ရန်ကိစ္စ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်မှုများကို Online မှတစ်ဆင့် စောင့်ကြည့်ထိန်းကျောင်းနိုင်ရေးအတွက် Online Monitoring System ကို အကောင်အထည်ဖော်နိုင်ရန် Data Logger တပ်ဆင်ခြင်းကို စက်ရုံကြီး၊ စက်ရုံ လတ်နှင့် စက်ရုံငယ် အဆင့်(က)၊ (ခ)နှင့် (ဂ)ဟု ခွဲခြားပြီး စက်ရုံကြီးများတွင် ဦးစားပေးတပ်ဆင်ဆောင်ရွက်သည့်စနစ်ကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ စတင်ပြီး အကောင်အထည်ဖော်လျက်ရှိပါကြောင်းနှင့် တစ်ဆင့်ချင်း ဆက်လက်ဆောင်ရွက် သွားရန် စီစဉ်ထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်မှ မေးမြန်းသော တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်ရှည်ချေးငွေ ကဲ့သို့ သော အထောက်အပံ့ဖြစ်စေမည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲပေါင်းစုံကို ဖြေရှင်းနိုင်ရန်အတွက် နှစ်ရှည်ချေးငွေကဲ့သို့သော အထောက်အပံ့ ဖြစ်စေမည့် ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် အကြံပြုချက်များပေးလာပါကလည်း ကြိုဆိုလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ မေးမြန်းသော နိုင်ငံတော်အတွက် အခွန်ငွေ အများဆုံး ရှာဖွေထည့်ဝင်ပေးကြရမည့် အခွန်ထမ်းကြီးများနှင့် အလယ်အလတ် အခွန်ထမ်းများမှ အခွန်ရှောင်တိမ်းမှု လျော့ကျလာစေရေးအတွက် အခွန်ငွေကို လိုလိုလားလားနှင့် ပြည့်ပြည့်ဝဝထမ်းဆောင်လာမှုအပေါ် နိုင်ငံတော်မှ အသိ အမှတ်ပြု ပြန်လည်ဂုဏ်ပြုသည့်သဘောဖြင့် မက်လုံးပေးဆွဲဆောင် အခွန်ထမ်း ဆောင်စေသောစနစ် Incentive Payable Taxation System မျိုး ပြောင်းလဲ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ အဲဒီပြဋ္ဌာန်းချက်ကို ဆက်လက်ထည့်သွင်း ပြဋ္ဌာန်း ပေးထားပြီး အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ နှစ်စဉ်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးသည့် Incentive Payable နှင့် ပတ်သက်ပြီး ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆက်လက် ထည့်သွင်းသုံးသပ်ပြီး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ်မှ မေးမြန်းသော မင်းတုန်းမြို့နယ်တွင် (၂)မိုင် ပတ်ဝန်းကျင်အတွင်း မီးရယူနိုင်ရန် အဆင်သင့်ဖြစ်နေသော ကျေးရွာများအား လျှပ်စစ်မီးပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းကစပြီး တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးနိုင်ရန် ခန့်မှန်းထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးအောင်မြင့်ရှိန်၊ မဘိမ်းမဲဆန္ဒနယ်မှ မေးမြန်းသော မဘိမ်းမြို့ (၂၄)နာရီ လျှပ်စစ် မီးရရှိရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်နေပြီး မည်သည့်အချိန်တွင် ရရှိမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က မဘိမ်းမြို့မှာ 66/11 5MVA ဓာတ်အားခွဲရုံတစ်ရုံကို တည်ဆောက်ပြီး အဆိုပါလုပ်ငန်းများအတွက် ကုန်ကျစရိတ်က ကျပ်သန်းပေါင်း ၅၆၄၄ ခန့်ကုန်ကျမှာဖြစ်ပြီး ကုန်ကျစရိတ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှာ စတင်လျာထားတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိပါက စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်မှ မေးမြန်းသော မြန်မာနိုင်ငံအတွင်း Digital Meter များကို မည်ကဲ့သို့ အစီအစဉ်ချ၍ တပ်ဆင်ရန် ဆောင်ရွက်နေသည် နှင့် ကျောက်တံတားမြို့နယ်အတွင်း မည်သည့်အချိန်တွင် တပ်ဆင်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က Digital Meter များကို နှစ်အလိုက် အစားထိုးလဲလှယ် တပ်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ဃ) အဆို(၁)ခုတင်သွင်းခြင်း
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အကောက်များ အပြည့်အဝရရှိရေးအတွက် ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျစိစစ်ကြပ်မတ်ကောက်ခံပေးနိုင်ရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးမြင့်သိန်း၊ ဝက်လက်မဲဆန္ဒနယ် က တင်သွင်းပြီး ဦးထွန်းဝေ၊ ဖောင်းပြင်မဲဆန္ဒနယ် က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်ကအတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ် များက ၁၈.၅.၂၀၁၈ ရက်(သောကြာနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည် စာရင်းတင်သွင်းရန်ဖြစ်သည်။
(င) ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်လုံးက သဘောတူ ခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၄ နည်းဥပဒေခွဲ(က)၊ (ဂ)နှင့် (ဃ) တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ အစည်းအဝေးကို နံနက်(၁၁)နာရီ (၄၅)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့်ရက်ကို ၂၁.၅.၂၀၁၈ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
