မြန်မာနိုင်ငံတွင် အသုံးများသော မီတာအမျိုးအစားသည် Analog Meter ဖြစ်ပါကြောင်း၊ Analog Meter သည် မီတာ ယူနစ်မည်မျှသုံးသည်ကို လူကိုယ်တိုင်အိမ်အရောက်သွားရောက်ဖတ်ရှုရပါကြောင်း၊ Digital Meter တွင် OMR အမျိုးအစားသည် လူကိုယ်တိုင် မီတာ အနီးသွားရောက်ဖတ်ရှုရသည့် HHU(Hand-Hand Unit)နှင့် AMR အမျိုးအစားသည် မီတာကို Control Centre က အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုနိုင်သည့် အမျိုးအစားဟူ၍ (၂) မျိုးရှိပါကြောင်း၊
Analog Meter သုံးစွဲရာတွင် လူမနေသည့်အိမ်များ၊ ပိတ်ထားသည့်အိမ်များကိုဖတ်ရှုရာတွင် အခက်အခဲတွေ့ရခြင်း၊ ယူနစ်များရေးသွင်းရာတွင် ယူနစ်များပိုခြင်း၊ လိုခြင်းများဖြင့် ပိုဖတ်သွားတာတွေ၊ လူကြောင့်မှားယွင်းမှုများရှိနိုင်သကဲ့သို့ တိုင်ကြားခံရမှုများလည်းရှိပါကြောင်း၊ ထို့အပြင် မီတာကို လိုက်လံဖတ်ရှုရသည့်အတွက် အချိန်များစွာသုံးစွဲရပါကြောင်း၊
Digital Meter သုံးစွဲရာတွင် Control Room နေရာက ဖတ်ရှုရသည့်အတွက် အချိန်ကုန်သက်သာခြင်း၊ တိကျခြင်း၊ မီတာသုံးစွဲသည့် Record များ Data များရှိခြင်း၊ Computer Written တွေဖြစ်သည့်အတွက် မီတာခိုးယူသုံးစွဲမှုများ သိနိုင်ခြင်း၊ မသမာမှုများကို ပြုလုပ်၍ မရနိုင်ပါကြောင်း၊ ထို့အပြင် Analog Meter သုံးစွဲပါက အားကျဆင်းသောနေရာများတွင် မီတာမလည်ခြင်း၊ ယူနစ်အပြည့်အဝ မရရှိခြင်းများ ရှိသော်လည်း Digital Meter ဆိုပါက ဗို့အားကျဆင်းသော မီတာများတွင် Digital Meter မှ ဗို့အားမည်မျှရှိသည်နှင့် လျှပ်စစ်မည်မျှထုတ်ပေးနေသည်ကို သိရှိနိုင်ပါကြောင်း၊
Analog Meter တွင် ယူနစ် မည်မျှတက်နေသည်ကို မသိနိုင်သော်လည်း Digital Meterများတွင် မိုဘိုင်းဖုန်းများကအစ ယူနစ်မည်မျှတက်သည်ကို သိရှိရခြင်း၊ မည်မျှသုံးသည်ကို သိရှိရသည့်အပြင် မီတာခဆောင်ရာတွင်လည်း မိုဘိုင်းဖုန်းကနေတစ်ဆင့် ပေးဆောင်နိုင်ပါကြောင်း၊
ထို့ကြောင့် ပြည်သူလူထုများ လျှပ်စစ်သုံးစွဲမှုအဆင်ပြေရန်နှင့် ဓာတ်အားမပြတ်တောက်စေရန်အတွက် Digital များကို မည်ကဲ့သို့ ပြင်ဆင်နေပါသည်ကိုလည်းကြောင်း၊ မည်သို့ Plan ချပြီး အစိုးရ ဝန်ကြီးဌာနနှင့်လဲလှယ်တပ်ဆင်နေသည်ကိုလည်းကောင်း၊ ကျောက်တံတားမြို့နယ်ကို Digital Meter တပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တပ်ဆင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် Digital Meter များကို ၂၀၁၂ ခုနှစ်ကစတင်ပြီး လဲလှယ်တပ်ဆင်အသုံးပြုလာခဲ့သည်မှာ ယနေ့အချိန်အထိ Digital Meter လုံးရေပေါင်း ၁၂ သန်း ကျော်ကို တစ်နိုင်ငံလုံးတွင် တပ်ဆင် အသုံးပြုထားပြီးဖြစ်ပါကြောင်း၊ မူလအသုံးပြုနေသော Analog Meter များကိုပါ Digital Meter များအဖြစ် တစ်ပြိုင်နက်လဲလှယ်ရမည်ဆိုလျှင် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေမြောက်များစွာ ကုန်ကျမည့်အနေအထားကို ချင့်ချိန်ရခြင်းဖြစ်ပါကြောင်း၊
Digital Meter များတွင် OMR Meter၊ AMI Meter များအပြင် တခြားသော မီတာစနစ်ပေါင်း၊ မျိုးကွဲပေါင်း နောက်ထပ်ငါးမျိုးခန့်ရှိပါကြောင်း၊ AMI Meter တွင်လည်း ကောင်းကျိုးဆိုးကျိုးများရှိသည့်အတွက် နည်းပညာအသစ်များ ပေါ်ထွန်းလာချိန်တွင် ကောင်းကျိုး/ဆိုးကျိုး၏ Consequences များကိုပါ သိရှိဖို့လိုအပ်ပါကြောင်း၊
နည်းပညာများ၏နောက်ဆက်တွဲတွင် တခြားသောအားနည်းချက်များ ရှိပြီး Wave Money ကငွေလွဲှရာမှ ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးနစ်နာမှုများကိုပါ ကြားသိပြီးဖြစ်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဖြစ်စဉ်များဖြစ်ပေါ် လာပါက နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ မြောက်မြားစွာဆုံးရှုံးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာပါကလည်း ဂျပန်နိုင်ငံမှာပင် လက်ရှိထိ Analog Meter များ ဆက်လက် အသုံးပြုနေဆဲဖြစ်ပြီး Digital Meter များလည်းအသုံးပြုပါကြောင်း၊ မီတာဖတ်စာရေးကို အိမ်တိုင်ရာရောက်သွားရောက် ဖတ်စေသည့် စနစ်ကို ကျင့်သုံးရသည့် အဓိကအကြောင်းအရင်းသည် မီတာကိုမည်ကဲ့သို့ မသမာမှုပြုထားသည်ကို မျက်မြင်ကိုယ်တွေ့စစ်ဆေးရန် လိုအပ်သည့်အတွက်ဖြစ်ပါကြောင်း၊
ထို့ကြောင့် မိမိတို့တစ်နိုင်ငံလုံးတွင် သင့်တော်သည့်စနစ်များ မည်သို့ဆာင်ရွက်ရမည်ဆိုသည့်နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အနှံ့များသို့ သွားရောက်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ရှိကြသောပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားတိုးတက် သုံးစွဲလာနိုင်ရေးအတွက ပြည်နယ်အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့အနေဖြင့် ကျေးရွာတွေကို လျှပ်စစ်မီး ရောက်ရှိလာသည့်တိုင်အောင် မီးမသုံးနိုင်သေးသည့်ဘဝများကို ဆွေးနွေးကြပါကြောင်း၊ အဓိကအချက် သည့် Meter Box ဖိုးပေးသွင်းရသည့်တန်ကြေးကို မသွင်းနိုင်ခြင်းဖြစ်သည်ကိုလည်း နိုင်ငံ့အကြီးအကဲများ ကိုယ်တိုင် ယင်းသို့ခရီးစဉ်များတွင် သိရှိလာခဲ့ပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် အကြီးအကဲများက Digital Meter စနစ်ကို4 Meter Systemဖြင့် ဆောင်ရွက်ရန် မူဝါဒချမှတ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းမူဝါဒအရ ဓာတ်အားယူနစ် အနည်းငယ်သာသုံးစွဲမည့် ကျေးရွာများတွင် ဈေးနှုန်းသက်သာသည့် 5(30) Ampr Digital Meter စနစ်ကိုလည်းကောင်း၊ မြို့ငယ်များအတွက် ဈေးနှုန်းသင့်တင့်သက်သာသည့် Radio အဝေးထိန်းစနစ်နှင့်ဖတ်ရှုနိုင်သော 5(30) Ampr Digital Meter ကိုလည်းကောင်း၊ မြို့ကြီးများတွင် (10)(60)Ampr ရေဒီယိုအဝေးထိန်း စနစ် Digital Meterကိုလည်းကောင်း၊ စက်မှုနဲ့ စီးပွားရေးလုပ်ငန်း Power Meter သုံးစွဲသူများအတွက် (10)(80) Digital Ampr Meter များကိုလည်းကောင်း သုံးစွဲဆောင်ရွက်ရန် မူဝါဒချပေးခဲ့သည့်အတွက် အဆိုပါစနစ်အတိုင်း ဝန်ကြီးဌာနက Digital Meter များ၊ စနစ်များကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊
ကျောက်တံခါးမြို့နယ်၏ Analog Meter တပ်ဆင်ထားမှုသည် ၁၃၀၀၀ ကျော် ကျန်ရှိပြီး ယင်းမီတာများကို နှစ်အလိုက် Digital Meter များနှင့် အစားထိုးလဲလှယ်တပ်ဆင် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးနေမျိုးထက်(ကျောက်တံတားမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းအား မေးမြန်းပါသည်။
မိမိတို့မြို့ထဲတွင် မီတာပုံးများသည် ပျက်စီးယိုယွင်းလျက်ရှိပြီး မီတာပိုကောက်သည့် ကိစ္စရပ်များအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ပေးနေရပါကြောင်း၊ မြို့တိုင်း၊ မြို့နယ်တိုင်းတွင် မီးမရသေးသည့်နေရာများကို မီးရအောင်ဆောင်ရွက်သကဲ့သို့ မီးရပြီးဖြစ်သည့် နေရာများကို လည်း Maintenance ဆက်လက်ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ Pilot Project လေးတွေကို မိမိမြို့နယ်တွင် ရပ်ကွက် ကိုးခုရှိသည့်အနက် ရပ်ကွက် ၁ ခုကို Pilot Project စတင်ဆောင်ရွက် ပေးမည့် အချိန်ကို သိရှိလိုပါကြောင်း၊
မြို့နယ်များတွင် YESC က Investment Plan တွေရေးဆွဲရာတွင်လည်း တချို့ကိစ္စများသည် ပြည်သူများလိုအပ်ချက်နှင့် ကွာဟနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် Investment Plan တွေရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာထွန်းနိုင်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားပေးခြင်း ဖြန့်ဖြူးခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ရသည်ဆိုသော်ငြားလည်း ဓာတ်တိုင်မှ အိမ်အထိရောက်လာသည့် မီးကြိုးအထိသာ တာဝန်ရှိပါကြောင်း၊ မီတာပုံးကနေ အိမ်ထဲကိုသွားသည့်ဝါယာကြိုးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမဟုတ်ဘဲ ဝန်ကြီးဌာနဝန်ထမ်းများသည်လည်း ယင်းကိစ္စရပ်များအပေါ် ဆောင်ရွက်ခွင့်မရှိကြောင်းကို ဥပဒေအရ ကန့်သတ်ထားပါကြောင်း၊ မီတာ Box များ ပျက်စီး နေသည်ကို သိရှိရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိ YESC ကိုလည်း ညွှန်ကြားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအိမ်ရှင်များ၏ တာဝန်လည်းရှိပါကြောင်း၊ သို့သော် စက်မှုဝန်ကြီးဌာနနှင့် YESC ကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အိမ်၏ ဝါယာကြိုးမှ အိမ်ထဲသို့ သွားသည့် ဝါယာကြိုးသည့် အိမ်ရှင်၏ လုပ်ငန်း တာဝန်တွေဖြစ်သည့်အတွက် အိမ်ရှင်များက ယင်းကြိုးများကို ပြန်ရှင်းပေးရန်လိုအပ်သည့်အတွက် ပြည်သူနှင့်ဆွေးနွေးပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊
Digital မီတာ လဲလှယ်တပ်ဆင်ရန်သည် နိုင်ငံ့အကြီးအကဲကိုယ်တိုင်က ချမှတ်ပေးထားသည့် မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ Pilot Project နှင့်သက်ဆိုင်သည့် မေးခွန်းသည် မူလမေးခွန်းနှင့် အကြုံးမဝင်ပါကြောင်းနှင့် ဆောင်ရွက်ချင်သည့်ရည်ရွယ်ချက်ကို ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြပြီး ဝန်ကြီးဌာန၏ အမှုဆောင်ကော်မတီအစည်းအဝေးက စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအခြေအနေအရ နိုင်ငံတော် အကြီးအကဲများက ချမှတ်ပေးထားတဲ့ 4 Meter Digital System နှင့်အတူ တစ်နိုင်ငံလုံးတစ်ပြေးညီ ကျောက်တံတားမြို့နယ်ကိုလည်း အဆင့်အလိုက် ဆောင်ရွက်ပေးသွားမယ်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
