မဘိမ်းမြို့နယ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်တွင်တည်ရှိပါကြောင်း၊ အသစ်ဖွဲ့စည်းလိုက် သည့် မိုးမိတ်ခရိုင်တွင် မိုးမိတ်မြို့နှင့် မဘိမ်းမြို့ဟူ၍ မြို့နှစ်မြို့ရှိပါကြောင်း၊ အခုလက်ရှိအနေအထားတွင် မိုးမိတ်မြို့တွင် ၂၄ နာရီမီးလင်းနေပြီဖြစ်ပါကြောင်း၊ မဘိမ်းမြို့နှင့် မိုးမိတ်မြို့ သည် ၃၆ မိုင်ဝေးပါကြောင်း၊ မဘိမ်းမြို့ကို အိမ်ခြေ ၁၁၀၀ ၊ ရပ်ကွက်လေးရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး အဓိကလယ်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးမှုနောက်ကျပါကြောင်း၊ အခု လက်ရှိ ၃၀၀ ကေဗွီအေ ဒီဇယ်အင်ဂျင်နှင့် တစ်ညကို သုံးနာရီမီးပေးနေပါကြောင်း၊ ပူအိုက်သည့်ရာသီတွင် Overload ဖြစ်ပြီး ခံနိုင်ဝန်အားလည်း မရှိတော့ပါကြောင်း၊ ထို့ကြောင့် အလှည့်ကျမီးပေးရသည့်စနစ်ကို ကျင့်သုံးပါကြောင်း၊ အထက်ရွှေလီဘက် မှ တကောင်းနီကယ်လ်ကိုသွားသည့် ဓာတ်ကြိုးသည် မဘိမ်း မြို့နယ်ထဲမှ ဖြတ်သွားသော်လည်း လျှပ်စစ်မီးမရရှိပါကြောင်း၊ အခုလက်ရှိတည်ဆောက်နေသည့် ရွှေလီ (၃)ရေအား လျှပ်စစ်စက်ရုံနှင့် ၁၈ မိုင်လောက်ဝေးပါကြောင်း၊ အခုအချိန်အထိ လျှပ်စစ်မီးရရှိရန် ခက်ခဲနေ ပါကြောင်း၊ ယခုမေးခွန်းကို ပထမအကြိမ်လွှတ်တော်တွင် အရင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှမေးခဲ့ ဖူးသော်လည်း ယနေ့အချိန်အထိ အကောင်အထည်ဖော်ခြင်း မရှိသေးပါကြောင်း၊ အကယ်၍ ၂၄ နာရီ မီး ရရှိခဲ့မည်ဆိုပါက အိမ်ခြေပေါင်း ၂၁၉၇ အိမ်နှင့် လူဦးရေပေါင်း ၁၀၀၀၀ နီးပါးအတွက် လူမှုဘဝ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထင်း၊ မီးသွေးကို အသုံးပြုနေရသဖြင့် သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးပါကြောင်း၊ ထို့ကြောင့် မဘိမ်းမြို့နယ်တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနမှ မည်ကဲ့သို့ဆောင်ရွက်ပေး၍ မည်သည့်အချိန်ကာလတွင် ရရှိနိုင်ပါမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
မဘိမ်းမြို့နယ် လေးရပ်ကွက်မှာရှိသည့် မီးသုံးသူများကို လက်ရှိအနေ အထားတွင် ဒီဇယ်မီးစက်ဖြင့် တစ်နေ့ကို သုံးနာရီနှုန်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်သည့်အနေအထားသာ ရှိသေးပါကြောင်း၊ မြို့ပေါ် လေးရပ်ကွက်ကို ဓာတ်အား ၂၄ နာရီ ပေးနိုင်ရန်အတွက် ယခင်က တည်ဆောက်ထားသည့် သစ်သား ဓာတ်တိုင်၊ သစ်သား လက်တန်းနှင့် ACSR ကြိုးများနှင့် တည်ဆောက်ထားသည့် ဓာတ်အားလိုင်းများကို ကွန်ကရစ်တိုင်၊ သံလက်တန်းများ၊ AAC ကြိုးနှင့် SAC ကြိုးများ စသည်အားဖြင့် အစားထိုးတည်ဆောက် ခြင်း လုပ်ငန်းများကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစပြီး ကြိုတင်တည်ဆောက် အစားထိုးလျက်ရှိပါကြောင်း၊ မဘိမ်းမြို့နားမှာ ဖြတ်သန်းသွားသည့် ရွှေလီဓာတ်အားပေးစက်ရုံမှ တကောင်းနီကယ်လ်စက်ရုံကို တည်ဆောက်ထားသည့် ဓာတ်အားလိုင်းများသည် မိမိတို့ဝန်ကြီးဌာမှ တည်ဆောက်ထားသည့် ဓာတ်အား လိုင်း မဟုတ်ပါကြောင်း၊ ၎င်းနီကယ်လ်စက်ရုံ လျှပ်စစ်အသုံးရန်အတွက် နီကယ်လ်စက်ရုံမှ ၎င်း၏ရင်းနှီးမှု နှင့် တည်ဆောက်ထားသည့် ဓာတ်အားလိုင်းဖြစ်သည့်အတွက်ကြောင့် မိမိတို့ ဆွဲယူသုံးစွဲလို့ မရပါကြောင်း၊ အဆိုပါဓာတ်အားလိုင်း၏ Voltage Level သည် ၂၂၀ ကေဗွီ ဓာတ်အားလိုင်းကြီးဖြစ်ပြီး ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးသည့် 11 KV ဓာတ်အားလိုင်းမျိုး မဟုတ်သည့်အတွက် နည်းပညာအရအသုံးပြု၍ မရပါ ကြောင်း၊ ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းသည် လက်ရှိကာလတွင် တည်ဆောက်ဆဲ အဆင့်ဖြစ်သည့် အတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်နိုင်ခြင်းမရှိသေးသဖြင့် ရွှေလီ(၃)စက်ရုံစီမံကိန်း မှ နီးစပ်ရာ ဒေသကို ဓာတ်အားပေးနိုင်သည့်အခြေအနေလည်း မရှိနေသေးပါကြောင်း၊ မိုးမိတ်ကို ပြီးခဲ့သည့် နွေရာသီ ကာလမှ ၂၄ နာရီစတင်ပြီး ဓာတ်အားပေးနိုင်သည့်အတွက် လက်ပံလှမှ ဇရက်ကွင်း၊ ဇရက်ကွင်းမှ မိုးကုတ်၊ မိုးကုတ်မှသည် မိုးမိတ် ယခုလိုဓာတ်အားလိုင်းများကို နှစ်ကာလသုံးနှစ်၊ လေးနှစ်အချိန်ယူပြီး တည်ဆောက်ပြီးမှ ဓာတ်အားပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုးမိတ်မြို့မှ မဘိမ်းမြို့ သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၂၈ မိုင်အကွာအဝေးတည်ဆောက်ခြင်းနှင့် မဘိမ်းမြို့တွင် 66/11 5MVA ဓာတ်အားခွဲရုံ တစ်ရုံတို့ကို တည်ဆောက်မည်ဆိုပါက အဆိုပါလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၅၆၄၄ ခန့် ကုန်ကျ မှာဖြစ်ပြီး ကုန်ကျစရိတ်များကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင်လျာထား တောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
