ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၅.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

( ၂၀၁၈ ခုနှစ် ၊ မေလ ၁၆ ရက် )

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်     ( ၄၃၁ ) ဦးအနက် ( ၃၈၇ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးကျော်စိုး၊ ဗန်းမောက်မဲဆန္ဒနယ်မှ မေးမြန်းသော ဗန်းမောက်-ဇလုံတောင် လမ်းပေါ်ရှိ တောင်တက်လမ်းပိုင်းတွင် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်ခြင်းမရှိ သည့်အတွက် ဇလုံတောင်အနီးတွင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက် ပေးရန် အစီအစဉ်ရှိ။မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က မြေနေရာရရှိမှု၊ မီးစက်မီး၊ လျှပ်စစ်မီးရရှိမှု၊ ရာသီဥတုအခြေအနေအားလုံး တွက်ချက်ပြီး ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

          (၂)    ဦးပိုက်ကို၊ ပခုက္ကူမဲဆန္ဒနယ်မှ မေးမြန်းသော ပခုက္ကူမြို့နယ်တွင် လေယာဉ်ကွင်း ဖောက်လုပ်ရန်အတွက် သိမ်းဆည်းပြီး လျော်ကြေးငွေပေးအပ်ခဲ့သော မြေယာများ နှင့်ပတ်သက်၍ ယနေ့အချိန်ထိ လေယာဉ်ကွင်းသစ် တည်ဆောက်ခြင်းမရှိသေး သဖြင့် မည်သည့်ကာလတွင် တည်ဆောက်မည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က Traffic Demandစီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်ပြီး လေယာဉ်ကွင်းများကို တိုးချဲ့သွားမှာဖြစ်သည့် အတွက်ကြောင့် ကံသေကံမ ဘယ်တော့ဆိုသည့်ကိစ္စကို မပြောနိုင်သေးပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

          (၃)    ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်မှ မေးမြန်းသော မင်းဘူး(စကု)မြို့နယ်တွင် လတ်တလော ပြိုကျနေသော ဧရာဝတီမြစ်ကမ်းပါးများ ဆက်လက်မပြိုကျနိုင်စေ ရေးအတွက် စက်ယန္တရားကြီးများဖြင့် မြစ်ကြောင်းပြုပြင်ခြင်းများကို မည်သည့် အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ၂၀၁၉-၂၀၂၀ မှာ နိဗ္ဗာန်ကျွန်းက ရေလမ်းကြောင်းကို ပြုပြင်နိုင်လိမ့်မည်ဖြစ်ပြီး ဘတ်ဂျက်အခြေအနေအရ ဆောင်ရွက်နိုင်လိမ့်မ ည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    ပြန်လည် ဖြေကြားခဲ့သည်။

          (၄)    ဦးကျော်တင့်၊ တပ်ကုန်းမဲဆန္ဒနယ်မှ မေးမြန်းသော တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေ-ပင်လောင်း ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေ များအတွက် နစ်နာကြေးနှင့် သီးနှံလျော်ကြေးပေးအပ်ရန် အစီအစဉ်ရှိ၊မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က နစ်နာသည့် တောင်သူများအတွက် လျော်ကြေးငွေရရှိရေးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လျော်ကြေးပေးချေခြင်း လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဦးတင်နု(ခ)ဦးတင်နုအောင်၊ မာန်အောင်မဲဆန္ဒနယ်မှ မေးမြန်းသော မာန်အောင် မြို့နယ်ရှိ ပျက်စီးယိုယွင်းနေသော မာန်အောင်မီးပြအား မူလအခြေအနေရောက် ရှိအောင် ပြန်လည်ပြုပြင်ပေးရန်နှင့် မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတမ်းတစ်လျှောက် ရှိကမ္ဘာ့ရေကြောင်း လမ်းကြောင်းပေါ်ရှိ မီးပြများအားမပျက်စီးရအောင် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးပြင်သွားမှာဖြစ်ပြီး ဘဏ္ဍာငွေ လိုအပ်ချက်နှင့် ပျက်စီးဆုံးရှုံးသည့်အပေါ်မှာ မူတည်ပြီး မီးပြကိုပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၆)    ဦးထွန်းဝေ၊ ဖောင်းပြင်မဲဆန္ဒနယ်မှ  မေးမြန်းသော ချင်းတွင်းမြစ်ကြောင်း အန္တရာယ်ကင်းရှင်း၍ လွယ်ကူချောမွေ့စွာသွားလာနိုင်ရေးအတွက် နှစ်စဉ်မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က နှစ်စဉ် ဆောင်ရွက်မည့် အစီအမံများရှိကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မှာ မူတည်ပြီး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြား ခဲ့သည်။

(ခ)    အဆို(၁)ခုတင်သွင်းခြင်း

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျုံးဝင်ပတ်သက်သူ များအားလုံးသည် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း ဩဘငူန ဏပောနညအ စနစ်ကို  အသုံးပြုပြီး ဌာနဆိုင်ရာများ၏ ငွေပေးငွေယူကဏ္ဍများတွင် အသုံးပြုခွင့်ရရန် ပြည်ထောင်စုအစိုးရသို့  တိုက်တွန်းကြောင်းအဆိုကို ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ်က တင်သွင်းပြီး ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ် များက ၁၇.၅.၂၀၁၈ ရက်(ကြာသပတေးနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည် စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဂ)    ဥပဒေကြမ်း(၂)ခု လက်ခံရရှိကြောင်းအသိပေးခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း

          (၁)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၁၈.၅.၂၀၁၈ ရက် (သောကြာနေ့) ညနေ(၄)နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။ 

(၂)     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပေးပို့သော မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို လွှတ်တော်သို့ အသိပေးပြီး ပြင်ဆင်ချက် အဆိုတင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၈.၅.၂၀၁၈ ရက် (သောကြာနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

၃။       အစည်းအဝေးကို နံနက်(၁၁)နာရီ (၃၅)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်ရက်ကို ၁၇.၅.၂၀၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။