(င)-မာန်အောင်မြို့နယ်ရှိ ပျက်စီးယိုယွင်းနေသော မာန်အောင်မီးပြအား မူလအခြေအနေရောက်ရှိအောင် ပြန်လည်ပြုပြင်ပေးရန်နှင့် မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ္ဘာ့ရေကြောင်း လမ်းကြောင်းပေါ်ရှိ မီးပြများအား မပျက်စီးရအောင် မည်ကဲ့သို့စီမံဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မာန်အောင်မီးပြသည် ကန်ကျွန်းပေါ်တွင်ရှိပြီး သက္ကရာဇ် ၁၉၀၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ကန်မီးပြဟုလည်း ခေါ်ဆိုပါကြောင်း၊ မီးပြသည် မာန်အောင်ကျွန်းနှင့် ငါးမိုင်ခန့်ကွာဝေးပြီး အမြင့်ပေ ၁၂၁ ပေရှိပါကြောင်း၊ ညအချိန် မီးပြမှသာ အချက်ပြမီးအလင်းရောင်ကို မိုင် ၃၀ ခန့်မှမြင်ရသည့်အတွက် ပင်လယ်ထဲတွင် ငါးဖမ်းသည့်ရေလုပ်သားများနှင့် ပင်လယ်ရေကြောင်းကို အသုံးပြုသွားလာနေသည့် လှေ၊ သင်္ဘောများအတွက် များစွာအားထားရသည့် မီးပြဖြစ်ခဲ့ ပါကြောင်း၊ မီးပြထားရသည့် ရည်ရွယ်ချက်မှာ ပင်လယ်ကို အဓိကထားပြီး ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုနေသူများနှင့် ပင်လယ်ရေကြောင်းကို အဓိကထားပြီး ကူးသန်းသွားလာ နေရသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် မီးပြကိုထားရှိခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မီးပြများသည် ရေကြောင်းသွားလာရေးတွင် ဘေးအန္တရာယ်ဖြစ်စေသည့် ကျောက်ဆောင်များ၊ သန္တာကျောက်တန်းများရှိသည့်နေရာများတွင် ခက်ခက်ခဲခဲ တည်ဆောက်ထားသည်ကို တွေ့ရှိရပါကြောင်း၊
၁၉၇၀ ခုနှစ်၊ မိမိကျောင်းသားအရွယ်က ထိုမီးပြကို ပထမအကြိမ် ရောက်ခဲ့ဖူးပါကြောင်း၊ ထိုအချိန်က မီးပြတွင် အမှုထမ်း ငါးယောက်၊ ခြောက်ယောက် တွေ့ရှိပါကြောင်း၊ မီးပြသည် အလွန်ခန့်ညားလှပပြီး နေချင်စဖွယ်ဖြစ်ပါကြောင်း၊ မိမိတို့လာရောက်လေ့လာသည့်အဖွဲ့ကို မီးပြ အမှုထမ်းများမှ ထမင်းကျွေးပါကြောင်း၊ မီးပြရှိ ဧည့်စာရင်းစာအုပ်တွင် မိမိတို့အဖွဲ့ လက်မှတ်ရေးထိုး ရပါကြောင်း၊ ယခုမီးပြတွင် အစောင့်ဝန်ထမ်းတစ်ယောက်မျှ မတွေ့ရှိခဲ့ရပါကြောင်း၊
၂၀၁၀ ခုနှစ် ဇန်နဝါရီလနှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် မီးပြကို မိမိ နှစ်ခေါက်ရောက်ရှိပြီး အသေးစိတ်ကြည့်ရှုခဲ့ပါကြောင်း၊ ၁၉၇၀ ခုနှစ်တွင် မိမိရောက်ရှိခဲ့သည့် မီးပြအခြေအနေနှင့် ၂၀၁၇-၁၈ ခုနှစ်တွင် ရောက်ရှိခဲ့သည့် မီးပြအခြေအနေသည် များစွာကွာခြားနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မာန်အောင်မြို့နယ်ရှိ ပျက်စီးယိုယွင်းနေသော မာန်အောင်မီးပြအား မူလအခြေအနေ ရောက်ရှိအောင် ပြန်လည်ပြုပြင်ပေးရန်နှင့် မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ္ဘာ့ ရေကြောင်း လမ်းကြောင်းပေါ်ရှိ မီးပြများအား မပျက်စီးရအောင် မည်ကဲ့သို့စီမံဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်ဝမှ ဘုရင့်နောင်အငူအထိ ၂၂၂၈ ကီလိုမီတာ ရှည်လျားပါကြောင်း၊ ထိုကမ်းရိုးတန်းတွင် မီးပြတိုက်ပေါင်း ၂၆ ခုရှိပါကြောင်း၊ မီးပြတိုက်များသည် နိုင်ငံတကာ ရေကြောင်းသွားလာရေးနှင့် ပြည်တွင်းမှ ကမ်းရိုးတန်းသွား ရေယာဉ်များအတွက်ပါ အန္တရာယ်ကင်းရှင်းစေရန်အတွက် မီးပြတိုက်များ ထားရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ မာန်အောင်မီးပြတိုက်သည် ၁၉၀၉ ခုနှစ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်း မီးပြသည့်စနစ်သည် စက္ကန့် ၂၀ တွင် မီးသုံးချက်ဖွင့်သည့် မီးဖြူလျှပ်စစ်ဖြစ်ပါကြောင်း၊ မှန်ဘီလူး အား ၃၆၀၀၀၀ နှင့် ပို့ပါကြောင်း၊ မိုင် ၃၀၊ မီးပြစင်အမြင့်က ၁၂၂ ပေရှိပါကြောင်း၊ အောက်ခြေအချင်း ၂၇ ပေ သံကျွတ်ပုံလောင်းနှင့် လုပ်ထားသည့် မီးပြတိုက်ဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်က ထိုနေရာတွင် ရေချိုကန်များ၊ ရေချိုမီးစက်၊ Lister မီးစက်ကိုသုံးပြီး စားဖိုဆောင်တစ်လုံး၊ လူနေဆောင်တစ်လုံး၊ ရေချို စုဆောင်းကန်တစ်လုံးလည်းရှိပါကြောင်း၊ လုပ်သားခုနစ်ဦးကို ခြောက်လစီ ထားခဲ့သည့် စနစ်ကျင့်သုံးခဲ့ပါကြောင်း၊ သို့သော် ၂၀၀၈ ခုနှစ်တွင် မိမိတို့ 11 NM High Intensity LED Solar Lantern ကို တပ်ဆင်ပါကြောင်း၊ Solar တပ်ဆင်လိုက်သည့်အတွက် မီးစက်လည်းမောင်းရန် မလိုအပ်တော့ဘဲ လူများစွာထားရှိရန်လည်းမလိုအပ်တော့ပါကြောင်း၊ ၂၀၁၀ ခုနှစ်မှစပြီး အစောင့်ဝန်ထမ်းလေးဦးကို တစ်ဖွဲ့လျှင်လေးလနှုန်းဖြင့် ထားရှိပါကြောင်း၊ ၃-၅-၂၀၁၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်ကို ဦးတည်ဝင်ရောက်သည့် မိုရာမုန်တိုင်းကြောင့် မာန်အောင် မီးပြတိုက်ကို အဖျားခတ်ပြီး ပျက်စီးသွားခြင်းဖြစ်ပြီး လူနေဆောင်၊ မီးစက်အဆောင်နှင့် စားဖိုဆောင်အဆောက်အဦလည်း ပျက်စီးနေပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ် ဘတ်ဂျက်ကျပြီး ပင်မလူနေဆောင်ကို အုတ်စီကွန်ကရစ်ကာရံထားပါကြောင်း၊ မီးပြတိုက်အဝင်လှေကား ဘယ်ဘက် ပျက်နေသည်ကို ပြန်လည်တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ ကျောက်စီပြီး ကွန်ကရစ် ကျောက်စီရေကာလည်း လှိုင်းကာအောင် ပြင်ဆင်နေပါကြောင်း၊ မာန်အောင်တွင် လူမရှိသည်မှာ အမှန်အားဖြင့် သွားရေးလာရေးကွာဝေးသည်လည်းပါပါကြောင်း၊ ကျန်းမာရေး၊ ရိက္ခာအတွက် သွားယူခြင်း၊ ရေချိုပြန်ယူခြင်းများ ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က နောင်တွင် မည်သို့ပင် ဖြစ်စေ အစောင့်ရှိရမည်ဖြစ်ပါကြောင်း၊ အနည်းဆုံး နှစ်ဦး ရှိအောင် လေးဦး လေးလတစ်ကြိမ် မဖြစ်မနေဖြစ်အောင် မိမိတို့ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ မီးပြတိုက်များတွင် မီးပြတိုက်ဌာနမှူး တစ်ယောက်ထားပြီး ဆင်ပြောင်၊ ဆဒ္ဒန်ရေယာဉ် အသုံးပြုပြီး ၂၆ ခုကို ခြောက်လတစ်ကြိမ် နှစ်ခေါက်ပတ်ပါကြောင်း၊ မီးပြတိုက်အားလုံးတွင် High Intensity LED Solar Lantern များ အစားထိုးတပ်ဆင်ပြီး ဖြစ်ပါကြောင်း၊ မီးပြတိုက်ဝန်ထမ်းများကိုလည်း လေးဦး လေးလတစ်ကြိမ် လဲလှယ်တာဝန်ပေးပြီး လိုက်လံစစ်ဆေးနေပါကြောင်း၊ သဘာဝ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရပါက သွားရောက်စစ်ဆေးပြီး ဘဏ္ဍာငွေတောင်းခံ ပြုပြင်လျက် ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်တွေမီးပြတိုက်၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မေယုမီးပြတိုက်တို့ကို အားလုံးတောင်းဆိုချက်အရ ပြုပြင်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာ ရေးနှစ်အတွင်း အပြီးပြုပြင်သွားမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေလိုအပ်ချက်နှင့် ပျက်စီးဆုံးရှုံးသည့် အပေါ်မူတည်ပြီး မီးပြတိုင်းကို ပြုပြင်ထိန်းသိမ်းလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးတင်နု(ခ)ဦးတင်နုအောင်(မာန်အောင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မီးပြပျက်စီးရသည့်အကြောင်းရင်းသည် မီးပြတွင် အစောင့်မရှိခြင်းကြောင့်ဟု ယူဆရပါကြောင်း၊ အစောင့်ရှိပါက ပျက်စီးရန်ခက်ခဲပါကြောင်း၊ ယခု မိမိသွားရောက်စစ်ဆေးသည့် နှစ်ခေါက်တွင် ၎င်းမီးပြထဲရှိ အခန်းတံခါးများကအစ အားလုံးဖြတ်တောက်ပြီး ယူထားခြင်းများ တွေ့ရှိရပါကြောင်း၊ အစောင့်မရှိသည့်အခက်အခဲများကို ဖြေရှင်းရန် ဒေသခံအောက်ခြေဝန်ထမ်းကို ခန့်ထားပါက ယခု ပြဿနာမျိုး လုံးဝမဖြစ်နိုင်သည့်အတွက် မီးပြတိုက်များတွင် အောက်ခြေဒေသခံဝန်ထမ်းများကို ဝန်ကြီးဌာနအနေဖြင့် ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်
လူပျက်ကွက်သည့်ကိစ္စများကို ဌာနခွဲမှူးနှင့် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးအရေးယူရမည် ဖြစ်ပါကြောင်း၊ နေရေးထိုင်ရေးခက်ခဲခြင်း၊ ကျန်းမာရေးခက်ခဲခြင်း၊ သွားရေးလာရေး အခက်အခဲ များ ရှိပါကြောင်း၊ ဒေသခံဝန်ထမ်းများလုပ်မည့်သူများရှိပါက လစ်လပ်သည့်နေရာများ ရှိခဲ့ပါက ခန့်ထားဆောင်ရွက်သွားရန် မိမိ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကို ညွှန်ကြားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
