(ဃ)-တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေ-ပင်လောင်းရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် နစ်နာကြေးနှင့် သီးနှံလျော်ကြေးပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၅.၂၀၁၈)

ဆင်သေ-ပင်လောင်းရထားလမ်းစီမံကိန်းကို ၂၅-၆-၂၀၁၀ ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပါကြောင်း၊ ရမည်းသင်းမြို့နယ်၊ ရေဦးကျေးရွာနားအထိ ရထားလမ်းမိုင် ၂၂.၅ မိုင် ဖောက်လုပ်ပြီးစီးပြီးနောက် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကိုတစ်ဝက်တစ်ပြတ် ရပ်နားထားခဲ့သည်မှ  ယနေ့အချိန်အထိ ဖြစ်ပါ ကြောင်း၊ မူလလျာထားသည့်အတိုင်း စီမံကိန်းကို အပြည်‌့အဝအကောင်အထည် မဖော်နိုင်ခဲ့သည့်အတွက် အဆိုပါရထားလမ်းကို ပြည်သူများယနေ့အချိန်အထိ အသုံးပြုခွင့်မရခဲ့သလို စီမံကိန်းကုန်ကျ စရိတ် ငွေ ကျပ်သန်းပေါင်း ၅၂၀၃.၉၈၁ ငါးဘီလီယံကျော်ကို နိုင်ငံတော်ဘဏ္ဍာမှ ကျခံသုံးစွဲခဲ့ရသည့်အပြင် အဆိုပါရထားဖောက်လုပ်မှုကြောင့် ဒေသခံတောင်သူများ၏ လယ်ယာမြေ ဧကစုစုပေါင်း ၂၃၀.၈၉ ဧကကို ဆုံးရှုံးနစ်နာခဲ့ရပါကြောင်း၊ ၎င်းအထဲတွင် တပ်ကုန်းမြို့နယ်တွင် တောင်သူဦးကြီး ၂၄၀ ဦး၏ လယ်ယာ မြေဧက စုစုပေါင်း ၂၀၅.၁၉ ဧကလည်း ပါသွားခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တောင်သူ ၁၃၂ ဦး၏ လယ်ယာမြေဧက ၁၂၀.၀၈ ဧကအတွက်ကို မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေး ‌ငွေကျပ် ၁၈၃၅ သိန်းခန့်ပေးလျော်ခဲ့သော်လည်း ကျန်ရှိနေသည့် လယ်ယာမြေ ၈၅.၁၁ ဧကအတွက် ယနေ့အချိန်ထိ မည်သည့်လျော်ကြေးမှမရရှိသေးပါကြောင်း၊ သို့သော် စီမံကိန်းကြောင့်ဆုံးရှုံးသွားသည့် ရမည်းသင်း  မြို့နယ်မှ လယ်ယာမြေများအတွက် လယ်ယာနစ်နာကြေးနှင့် သီးနှံလျော်ကြေးများ အပြည့်အဝ ပေးလျော် ပြီးပြီဟု ကြားသိရပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့်စီမံကိန်းတစ်ခုတည်းမှ တောင်သူ ချင်းချင်းမှ တချို့တောင်သူများက လယ်ယာ‌မြေနစ်နာကြေးနှင့် သီးနှံလျော်ကြေးများရရှိခဲ့သော်လည်း မိမိတို့တပ်ကုန်းမြို့နယ် ကျေးရွာအုပ်စု ခြောက်အုပ်စုမှ တောင်သူ ၁၀၈ ဦး၏ လယ်ယာမြေ ၈၅.၁၁ ဧက အတွက် လယ်ယာမြေနစ်နာကြေးနှင်သီးနှံလျော်ကြေး ယနေ့ အချိန်ထိမရရှိသေးသည့်အတွက် လယ်ယာ မြေနစ်နာ‌ကြေးနှင့် သီးနှံလျော်ကြေးကို အမြန်ဆုံးပေးလျော်ရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက် ပေးမည်၍ အစီအစဉ်မရှိတော့ပါက ယခုဖောက်လုပ်ထား သည့် ရထားလမ်းတာပေါင်ကို မြို့နယ်ပြည်သူလူထုအတွက် အသုံးပြုခွင့်ပေးနိုင်ရန် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်
အဖြေ

နေပြည်တော် ဆင်သေ-ပင်လောင်း ရထားလမ်းကိုဖောက်လုပ်ရတွင် တပ်ကုန်းနယ်မှာသိမ်းဆည်းမြေ ၂၃၁.၇၅ ဧက ပါရှိသွားပါကြောင်း၊ လျော်ကြေားပေးသည့်အခါ ဝန်ကြီးဌာနအနေဖြင့် ၎င်းအတိုင်း ပေး၍မရပါကြောင်း၊ မြေယာကို အဆင့်ဆင့်စိစစ်ရပါကြောင်း၊ လျော်ကြေးကိုမည်မျှပေးရမည်ဆိုသည်ကို ဗဟိုလယ်ဆည်က တစ်ဆင့် သတ်မှတ်ပေးပါကြောင်း၊ သတ်မှတ်ထားသည့်ဧက၊ သတ်မှတ်ထားသည့် လူနာမည် ကို သတ်မှတ်ထားသော လျော်ကြေးနှုန်းထား ပေးရခြင်းဖြစ်ပါကြောင်း၊  ၂၃၁.၇၅ ဧကမှ ၁၂၀.၀၈ ဧကအတွက်ကို ၂၀၁၅ ခုနှစ်အတွင် လျော်ကြေးငွေ ၁၈၃.၄၉၇၈ သန်း ပေးလျော်ခဲ့ပြီး ဖြစ်သည့် အတွက် တပ်ကုန်း မြို့နယ်အတွင် လျော်ကြေးငွေပေးချေရန်ကျန်ရှိသည့် တောင်သူ ၁၃၄ ဦး၏ လယ်မြေ ၅၂.၉၉ ဧက နှင့် ယာမြေ ၅၈.၆၈ ဧက စုစုပေါင်း ၁၁၁.၆၇ ဧကတို့ ကျန်ရှိနေသေးပါကြောင်း၊  ၎င်းကို တပ်ကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်တွက်ချက်ပြီး ဥတ္တရသီရိခရိုင်မှတဆင့် နေပြည်တော် ကောင်စီသို့လည်းကောင်း၊ နေပြည်တော်ကောင်စီလယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့မှ  ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ ၁၉-၄-၂၀၁၈ ရက်နေ့တွင် တင်ပြထားသည့်အတွက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ခြောက်လဘတ်ဂျက်တွင် မမီတော့ပါကြောင်း၊ ၂၀၁၈-၁၉ ဘတ်ဂျက်ကိုလည်း စိစစ် နေပါကြောင်း ဗဟိုလယ်ဆည်မှသတ်မှတ်နှုန်းထားရခဲ့ပါက မိမိတို့ဘတ်ဂျက်တွင် ထည့်ပြီးတောင်းခံရမည် ဖြစ်ပါကြောင်း၊ အချိန်မမီခဲ့ပါက နောက်ထပ်ဖြည့်စွက်တောင်းခံပေးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် တတ်နိုင်သမျှ နစ်နာသည့်တောင်သူများအတွက် လျော်ကြေးငွေရရှိရေးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျော်ကြေးပေးချေ ခြင်းလုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။