ဗန်းမောက်မြို့နယ်သည် လူဦးရေ ၁၁၀၀၀၀ ကျော်နေထိုင်လျက်ရှိပြီး တိုင်းရင်းသား ရှမ်းနီလူမျိုး၊ ကတူးလူမျိုး၊ ကဏန်းလူမျိုးများ နေထိုင်ရာဒေသ ဖြစ်ပါကြောင်း၊ မြို့နယ်အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၁၉.၇၇၉ ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် မိုဘိုင်းဆက်သွယ်ရေးစနစ်လည်း ခက်ခဲသော မြို့နယ်တစ်ခု ဖြစ်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးမှုကြောင့် ယခင် CDMA အထိုင်ဖုန်းများအသုံးပြုနေရာမှ ယခုအခါ MPT ဆက်သွယ်ရေးစခန်း ၁၂ ခု၊ တယ်လီနောဆက်သွယ်ရေးစခန်းနှစ်ခု၊ အော်ရီဒူးဆက်သွယ်ရေးစခန်းသုံးခု တည်ဆောက်ပြီး ဝန်ဆောင်မှုများ ဆထက်တိုးပြီး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြို့နယ်အတွင်း အချို့နေရာများတွင် မိုဘိုင်းဆက်သွယ်ရေးစနစ် မလွှမ်းခြုံနိုင်သည့် နေရာ(၅)နေရာ ကျန်ရှိနေပါကြောင်း၊ ဗန်းမောက်မြို့နယ်၏ အထင်ကရ ဇလုံတောင်ဘုရား တောင်တက်လမ်းပိုင်း ကျန်ရှိနေပြီး ဇလုံတောင် တောင်တက်စခန်းအစမှစ၍ တောင်ထိပ်နေရာထိ မိပါကြောင်း၊ တောင်တက်လမ်းတစ်လျှောက် ၉ မိုင်ခန့်သည် ဖုန်းလိုင်းများမမိပါသဖြင့် တောင်တက်ယာဉ်လိုင်းများ စီမံခန့်ခွဲရာတွင်လည်းကောင်း၊ အခက်အခဲရှိပါက အကူအညီတောင်းခံ နိုင်ရန်အတွက် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်ရန် အမြန်လိုအပ်လျက်ရှိပါကြောင်း၊ ဇလုံတောင် ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမျှော်ကြသဖြင့် ဇလုံတောင်ဘုရားသည် ဆုတောင်းပြည့်ဘုရားအဖြစ် နာမည်ကြီးခြင်း၊ အဓိဋ္ဌာန်အောင်မြင်ခြင်း၊ သဘာဝစိမ်းလန်းစိုပြည်သော သစ်တောကြီးများ အတွင်းတည်ရှိခြင်း၊ လှပသောအလှများကို ခံစားနိုင်ခြင်း အလွန်ထူးခြားစွာ တည်ရှိပြီးမှ သမိုင်းဝင် စေတီတော်မြတ်ဖြစ်ခြင်းတို့ကြောင့် တစ်စတစ်စလူသိများပြီး နှစ်စဉ်ခရီးသွားများ အဆမတန် များပြားသည့်အတွက် ဆက်သွယ်ရေးမလွှမ်းခြုံနိုင်ခြင်းစသည့် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဇလုံတောင်တက်လမ်း၏ အခက်အခဲများစွာရှိသည့်အနက် ဆက်သွယ်ရေးကွန်ရက် အကြောင်းကို ခရီးသွားလုပ်သားပြည်သူများကိုယ်စား ဗန်းမောက်မြို့နယ်အတွင်း ဇလုံတောင် တောင်တက်လမ်းပေါ်ရှိ တောင်တက်လမ်းပိုင်း ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်ခြင်းမရှိသည့်အတွက် ဇလုံတောင်အနီး ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် အင်ပင်၊ တာမကျိုင်း၊ စီးမော်၊ နန်းဇား၊ မင်းကုန်း၊ နန့်အော့၊ နားမော်၊ ပင်းခါး၊ ကံသာယာ၊ ကံကုန်း၊ ကံရွာနှင့် ဗန်းမောက်တောင်တို့တွင် GSM စခန်းတစ်ခု၊ စုစုပေါင်း GSM စခန်း ၁၂ ခုတည်ဆောက်ထားပါကြောင်း၊ ကိုယ်စားလှယ်ကြီး ဦးကျော်စိုး၏ စာတွင် ၁၄ ခုဆိုတာ တစ်ခုက အင်းတော်နယ်စပ်က တစ်ခုဖြစ်ပြီး နောက်တစ်ခုက အသုံးပြုခြင်းမရှိသည့် မက်စ်ဝဲတာဝါတိုင်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ အမှန်တကယ် အသုံးပြုသည်မှာ ၁၂ ခုဖြစ်ပါကြောင်း၊ ထို ၁၂ ခုအပြင် ရှေ့ဆက် ဆောင်ရွက်ရန်အတွက် MPT က တိုင်းတာထားသည့် သာယာကုန်း၊ သရက်ကုန်း မံအင်၊ ပန်းတော၊ နန့်ပုံ၊ လိပ်စော၊ ပေပင်၊ ကြောင်လယ်၊ ပါထွန်၊ မံယူး။ ၎င်းတို့ထဲတွင် GSM စခန်းတစ်ခုစီနှင့် စုစုပေါင်း GSM စခန်း ၁၀ ခုကို တိုးချဲ့တည်ဆောက် ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိပြီး မြေနေရာတောင်းခံလျက် ရှိပါကြောင်း၊ မြေနေရာရရှိပါက ၎င်းကိစ္စကို တာဝါတိုင်တည်ဆောက်ခြင်း၊ စက်ပစ္စည်းများတပ်ဆင်ခြင်း၊ အဝေးဆက်ကြောင်းများ ချိတ်ဆက်ခြင်း လုပ်ငန်းများကို စီမံကိန်းရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လကုန်တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း တယ်လီနောနေဖြင့် မံလူကျေးရွာနှင့် လွှစင်ကုန်းရပ်ကွက်တွင် GSM စခန်းတစ်ခုစီနှင့် GSM စခန်းနှစ်ခု၊ အော်ရီဒူးက ဘုရားကြီးကွက်သစ်၊ ကံရွာနှင့် တောင်ချောင်းပေါက်ကျေးရွာတို့တွင် GSM စခန်းတစ်ခုစီဆိုပြီး စုစုပေါင်း GSM စခန်းသုံးခု တည်ဆောက်ထားပါကြောင်း၊ ဗန်းမောက်မြို့နယ်အတွင်း MPT၊ တယ်လီနော၊ အော်ရီဒူးတို့မှ ဖွင့်လှစ်ပြီးသည့် စခန်းက ၁၇ ခုရှိ၊ MPT က တည်ဆောက်ရန်လျာထားသည့် နောက်ထပ် ၁၀ ခုနှင့်တိုလျှင် ၂၇ ခုဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ပန်းတောနှင့် သရက်ကုန်းက အမြဲလူနေသည့် ရွာများဖြစ်ပြီး ဇလုံတောင်ကို မရောက်ရှိသည်မှာ တောင်စွယ်၊ တောင်တန်းများလည်းများပြားသည့်အပြင် ၎င်းကိုဖြတ်ပြီး ဆက်သွယ်ရန် တာဝါတိုင်တစ်ခုတည်း တည်ဆောက်၍ မရခြင်းဖြစ်သည့်အတွက် အဆင့်ဆင့် ဆက်သွယ်ရေး လမ်းကြောင်း ကောင်းအောင် လုပ်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေ Universal Service Fund က Sub Gate နှင့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးကော်မတီကို တင်ပြနေပြီဖြစ်ပါကြောင်း၊ ရှေ့နေချုပ်ဆီက ခွင့်ပြုချက်ရပြီး USF Fund ရလည်းရရှိပြီးဖြစ်ပြီး၊ USF Fund ထောင်ပြီးလျှင် မိမိတို့ နိုင်ငံတကာဥပဒေများအရ အော်ရီဒူးနှင့် တယ်လီနောဆီက ရလာသော ၂ ရာခိုင်နှုန်းသော USF Fund ကို မိမိတို့ သဘောနှင့် မိမိတို့ လုပ်ပိုင်ခွင့်မရှိပါကြောင်း၊ အမှန်တကယ် နယ်စွန်နယ်ဖျား နယ်စပ်ဒေသများတွင် ရှိနေသော ဝေးလံခေါင်းပါးသည့် နေရာများတွင် လုပ်ရန်ဆိုပြီး အဆိုပြုပါကြောင်း၊ အားလုံးညှိနှိုင်းသဘောတူညီချက်နှင့် လုပ်သည့်အခါ မိမိတို့ တိုင်ပေါင်း ၂၂၈ တိုင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ၎င်းတို့အထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခု၊ မြို့နယ်များတွင် မိမိတို့ လုပ်နေလျက်ရှိပါကြောင်း၊ ဇလုံတောင် ဧရိယာကို သုံးစွဲခွင့် ပါဝင်ခွင့်မရှိသေးပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မည်သည့်အချိန် လုပ်မည်ဆိုသည့် အဖြေကို တိတိကျကျ မပေးနိုင်သော်လည်း ပြန်လည်ပြီး စိစစ်ခိုင်းထားပါကြောင်း၊ ထို့ကြောင့် မိမိတို့ဘက်မှ အခြေအနေပေးလျှင်ပေးသလို မြေနေရာရရှိမှု၊ မီးစက်မီး၊ လျှပ်စစ်မီးရရှိမှု၊ ရာသီဥတုအခြေအနေ အားလုံးတွက်ချက်ပြီး ဆောင်ရွက်နိုင်မည် ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
