ကျင်း-တပြင်းလမ်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှစ၍ ဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်အထိ ပြီးစီးအောင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ကျင်း-တပြင်း လမ်းသည် ထီးလင်း-ပေါက်-ပခုက္ကူလမ်းမကြီးနှင့် မင်းတပ်-ပေါက်-ပခုက္ကူလမ်းမကြီးကို ဆက်သွယ်ထားသည့်လမ်း ဖြစ်သည့်အပြင် ကျေးလက်လမ်းဦးစီးဌာနမှ ဖောက်လုပ်သည့် ကျင်း-အထက်ကျော်-ဆွဲလဲလမ်း နှင့်လည်း ဆက်စပ်နေသည့် လမ်းဖြစ်သည့်အတွက်ကြောင့် ဆော-ထီးလင်း-ဂန့်ဂေါမြို့နယ်တို့ကို ဆက်သွယ်နေသော လမ်းလည်းဖြစ်ပါကြောင်း၊ ပုံတောင်-ပုံညာတောင်ကြားတွင် ရှိသည့်အတွက် ၎င်း ဒေသအတွက် အလွန်အရေးပါသော လမ်းဖြစ်ပါကြောင်း၊ ၎င်းတောင်ကြားတွင် ဒေသခံကျေးရွာအုပ်စု ၉ အုပ်စု ၊ အိမ်ခြေပေါင်း ၁၀၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ခန့်ရှိပြီး အထက်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံ ရှိသည့် ကျင်းကျေးရွာကိုသာ အဓိကမှီခိုနေရသည့်အတွက် မရှိမဖြစ် လိုအပ်သည့်လမ်းလည်း ဖြစ်ပါ ကြောင်း၊ ထို့အပြင် မြောက်ဘက်ရှိ ဆွဲလဲ၊ ယုန်ဆင်း၊ မင်းလယ်၊ ဆိုပြား အစရှိသည့် ကျေးရွာများကလည်း ၎င်းလမ်းကို မှီခိုအားထားနေကြရသည့်အတွက် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေး မည်ဆိုပါက ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအတွက်ပါသာမက ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ပခုက္ကူမြို့နယ်များသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ဒေသထွက်ကုန်များ လွယ်ကူစွာတင်ပို့ရောင်းချနိုင်ပါက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် ထီးလင်းမြို့နယ်အတွင်းရှိ ကျင်း-တပြင်းလမ်း ၁၂ မိုင်ကို ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက် ဆောင်ရွက်ပေးနိုင်မည်နည်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ထီးလင်းမြို့နယ်အတွင်းရှိ ကျင်း-တပျင်းလမ်းသည် ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါလမ်းပေါ်ရှိ ကျင်းရွာနှင့်ပခုက္ကူ-ပေါက်-ကျောက်ထု-ကံကြီး-မင်းတပ်လမ်းပေါ်ရှိ တပြင်းရွာတို့ကို ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ၁၂ မိုင် ၂ ဖာလုံ ရှည်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး မိုင် (ဝ/၀) မှ (ဝ/၄) အထိ ၄ ဖာလုံနှင့် မိုင် (၁၂/ဝ) မှ (၁၂/၂) အထိ ၂ ဖာလုံ စုစုပေါင်း ၆ ဖာလုံ သည် ၁၂ ပေ အကျယ် ကတ္တရာလမ်းဖြစ်ပြီး မိုင် (ဝ/၄) မှ (၁၂/ဝ) အထိ ၁၁ မိုင် ၄ ဖာလုံသည် ကျောက်လမ်းဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၂၆၇.၈၅ သန်းဖြင့် ပေ ၈၄၅၀ အား မျက်ကွယ်ကုန်းများ ဖြတ်ပြီး (၂ လက်မ-၄ လက်မခွဲ) ကျောက် ၄ လက်မထု တစ်လွှာခင်းကြိတ်၍ ကျောက်လမ်းခင်းခြင်း၊ ၁ မိုင် ၄ ဖာလုံအား ၃၄ ပေ အကျယ် တောင်ကမ်းပါးယံ လမ်းချဲ့ခြင်းနှင့် Box Culvert (၅) စင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ ၆ လရန်ပုံငွေတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈၈.၅ သန်းဖြင့် မိုင်တိုင်(၇/၆)မှ (၁၁/၇) အတွင်း ပေ ၂၆၄၀ အရှည်အား လမ်းကွေ့ဖြောင့်၍ ကျောက်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန် လျာထားပါကြောင်း၊ မိုင် (ဝ/၄) မှ(၄/၄) အတွင်း ၄ မိုင်နှင့် မိုင် (၈/ဝ)မှ (၁၂/ဝ) အတွင်း ၄ မိုင်တို့အား ၁၂ ပေအကျယ် ကတ္တရာလမ်းသစ် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ သန်း ၉၆၀ တင်ပြထားပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပြီး ကျန် မိုင် (၄/၄) မှ (၈/ဝ) အထိ ၃ မိုင် ၄ ဖာလုံကို ၁၂ ပေအကျယ် ကတ္တရာလမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ တင်ပြတောင်းခံ ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
