မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၏ အရှေ့ဘက်၊ အနောက်ဘက်ကပ်လျက်ရှိပါကြောင်း၊ အဆိုပါ ခရိုင်ချင်းဆက် လမ်းအား ဖောက်လုပ်ပေးမည်ဆိုပါက ရမည်းသင်းမြို့အနောက်ဘက်ရှိ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးမိုင်တိုင်အမှတ် (၂၅၆/၂) ကို ရောက်ရှိသွားမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နတ်မောက်မြို့မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကို သွားမည်ဆိုပါက ပျော်ဘွယ်မြို့နယ်ရှိ မိုင်တိုင်အမှတ် (၂၆၂) သို့သွားရပါကြောင်း၊ နတ်မောက်မြို့မှ အဆိုပါ ၂၆၂ မိုင်သို့သွားရာတွင် မိုင်အားဖြင့် မိုင် ၅၀ ခန့် ကွာဝေးပါကြောင်း၊ ယခုလို နတ်မောက်မြို့မှတစ်ဖန် မြို့သစ်မြို့ကိုဖြတ်ပြီး သွားမည်ဆိုလျှင်လည်း မိုင်ဝေးပါကြောင်း၊ မကွေးခရိုင်နှင့် ရမည်းသင်းခရိုင်ချင်းဆက်လမ်း ဖောက်လုပ်ပေးမည်ဆိုပါက နတ်မောက်မြို့နယ်ရှိ လဲဘူးကျေးရွာအုပ်စု၊ သပွတ်ပင်ကျေးရွာအထိ ကျောက်ကြမ်းလမ်းခင်းပြီးသား ဖြစ်ပါကြောင်း၊ အကျိုးဖြစ်ထွန်းမည့် ကျေးရွာများက သမှုန်းကုန်းကြီးကျေးရွာအုပ်စု၊ ကုလားရှင်းကျေးရွာအုပ်စု၊ ကပေါင်းကုန်းကြီးကျေးရွာအုပ်စု၊ လဲဘူးကျေးရွာ၊ သပွတ်ကျေးရွာ၊ ကျောက်အိုးကျေးရွာနှင့် ဖက်တောကျေးရွာများ ဖြစ်ပါကြောင်း၊ ထိုကျေးရွာများက တစ်ဖက်ပိတ်ကျေးရွာများဖြစ်ခြင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာသာသနာကိစ္စများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့နိုင်စေရေးအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ နတ်မောက်မြို့ကို ဖြတ်၍ ရန်ကုန်-မန္တလေး-စစ်တွေ-တောင်ကြီး-လားရှိုး-လွိုင်ကော်သို့ သွားသည့် ကားလိုင်းများမှာလည်း ကားလိုင်း ၃၀ ခန့်ရှိပြီး နတ်မောက်မြို့ကိုဖြတ်၍ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၆၂) သို့ အသွား/အပြန် သွားလေ့ရှိပြီး တစ်ခြားကိုယ်ပိုင်ယာဉ်များလည်း သွားလာနေကြပါကြောင်း၊ ထို့ကြောင့် နတ်မောက်မြို့နယ်နှင့် ရမည်းသင်းမြို့တို့အား ခရိုင်ချင်းဆက်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးခရိုင်နှင့် ရမည်းသင်းခရိုင်တို့ကို ဆက်သွယ်မည့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကပေါင်းကုန်းကြီး၊ လဲဘူး၊ သပွတ်ပင်၊ ကျောက်အိုး၊ အောင်ချမ်းသာ၊ ဖက်တောရေ၊ မျှော်တောင်၊ မကျီးပင်ကုန်းကျေးရွာတို့မှ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်သို့ဆက်သွယ်သည့် ခရိုင်ချင်းဆက်လမ်း၏ စုစုပေါင်းအရှည်မှာ ၂၅ မိုင်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း ၁၇ မိုင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှစ်မိုင်ပါဝင်ပါကြောင်း၊ အဆိုပါလမ်းများအား တစ်ဆက်စပ်တည်း ဖောက်လုပ်ပြီးပါက ရန်ကုန်-မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် (၂၅၆/၂) သို့ ဆက်သွယ် သွားရောက်နိုင်မည် ဖြစ်ပါကြောင်း၊ လမ်းများ၏ လက်ရှိအခြေအနေတွင် နတ်မောက်-စိုင်ကောင်းလမ်းခွဲမှ ကပေါင်းကုန်းကြီး-လဲဘူးကျေးရွာအထိ ၄ မိုင် ၆ ဖာလုံသည် ကျေးရွာများမှ ကိုယ်ထူကိုယ်ထဖောက်လုပ်ထားသော ကျောက်ကြမ်းလမ်းဖြစ်ပြီး ယာဉ်များသွားလာ၍ ရသော်လည်း ကျန်လမ်းပိုင်းများမှာ လှည်းလမ်းအဆင့်သာရှိပါကြောင်း၊ အဆိုပါခရိုင်ချင်းဆက်လမ်းအား နတ်မောက်-စိုင်ကောင်းလမ်းခွဲမှ ကျောက်အိုးကျေးရွာအထိ ၉ မိုင် ၄ ဖာလုံကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Phase I စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိပြီး ကျန်ရှိသည့် ၁၅ မိုင် ၄ ဖာလုံအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆက်လက်ဖောက်လုပ် သွားမည် ဖြစ်ပါကြောင်း၊ လမ်းဖောက်လုပ်ပြီးစီးပါက အကျိုးဖြစ်ထွန်းမည့် ကျေးရွာများတွင် သမှုန်းကုန်းကြီးအုပ်စု၊ ကုလားရှင်းအုပ်စု၊ ကပေါင်းကုန်းကြီးအုပ်စုနှင့် လဲဘူးကျေးရွာ၊ သပွတ်ပင်ကျေးရွာ၊ ကျောက်အိုး ကျေးရွာနှင့်ဖက်တော ကျေးရွာတို့ဖြစ်ပြီး လူဦးရေ ၁၀၀၀၀ ကျော်ကို ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများ အကျိုးပြုမည် ဖြစ်ပါကြောင်း၊
မကွေးခရိုင်နှင့် ရမည်းသင်းခရိုင်တို့ကို ဆက်သွယ်မည့်ခရိုင်ချင်းဆက်လမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) တွင်ပါဝင်ပါသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကပေါင်းကုန်းကြီး၊ လဲဘူး၊ သပွတ်ပင်လမ်းပိုင်း၌ ၁၂ ပေ အကျယ် ၆ လက်မထု ကျောက်ရောမြေ ၈ မိုင် ၆ ဖာလုံခင်းရန်အတွက် ရန်ပုံငွေထည့်သွင်းလျာထား ထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် လမ်းပိုင်းများအား ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးအောင်တင်လင်း (နတ်မောက်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတောင်းသည့် ကိစ္စကသည် ခရိုင်းချင်းဆက်လမ်းဖြစ်ပါကြောင်း၊ ကျေးရွာချင်းဆက်လမ်း တောင်းခြင်းမဟုတ်သည့်အတွက် ခရိုင်ချင်းဆက်လမ်းအနေအထားဖြင့် မည်ကဲ့သို့ လုပ်ပေးနိုင်မည် ဆိုသည့်ကိစ္စကို ရှင်းလင်းဖြေကြားစေချင်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ရွာနာမည်များထည့်ဖြေသည်မှာ အလေးထူးသည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့လုပ်မည်ဆိုသည်မှာလည်း ခရိုင်ချင်းဆက်လမ်းဖြစ်ပြီး ၎င်းရွာများကိုပါ အကျိုးပြုခြင်းဖြစ်သည်ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
