မိမိတို့ ၆-၉-၂၀၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကန်ထရိုက်စနစ်နှင့် လုပ်ငန်းလုပ်ဆောင်ရမည့် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ဖြစ်ပါကြောင်း၊ မိမိတို့ ဝယ်ယူရေးဆိုင်ရာ တင်ဒါတွင် ဝယ်ယူမည့် ပစ္စည်းအရေအတွက်၊ အရည်အသွေး၊ စံချိန်စံညွှန်းလိုအပ်ချက်နှင့် ပေးသွင်းရမည့် ကာလများကို ကြိုတင်သတ်မှတ်ပေးရမည်၊ သက်ဆိုင်ရာဒေသ၏ ဈေးကွက်အတွင်းရှိ အနိမ့်ဆုံး ကြမ်းခင်းဈေးနှင့် အမြင့်ဆုံးကြမ်းခင်းဈေးကို တင်ဒါခေါ်ယူသည့် အဖွဲ့အစည်း၏ ကြမ်းခင်းသတ်မှတ်ရေး ကော်မတီမှ ကြိုတင်သတ်မှတ်ပေးရမည်၊ ပေးသွင်းရမည့် ပစ္စည်းများ၏ ကြိုတင်သတ်မှတ် ထားရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းများကို ပြည့်မီသောကုမ္ပဏီကသာ တင်ဒါစိစစ်ခွင့် ရှိသည်ဆိုပြီး ရေးသားထားပါကြောင်း၊ သို့သော်လည်း ၁၉-၁၀-၂၀၁၇ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက် ဒုတိယအပိုဒ်တွင် တည်ဆောက်ရေး လုပ်ငန်းများအတွက် ဝယ်ယူရေးဆိုင်ရာ တင်ဒါခေါ်ယူရာတွင် ပေးသွင်းရမည့် ပစ္စည်းများအား ကြိုတင်သတ်မှတ် ထားရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းလိုအပ်ချက်အတိုင်း နမူနာပစ္စည်းများကို စစ်ဆေးပြီး နည်းပညာစံချိန် စံညွှန်းကိုက်ညီသော တင်ဒါတင်သွင်းသူများ အနက်မှ ဈေးအနည်းဆုံးတင်ဒါကို ရွေးချယ်ရမည်ဆိုပြီး ပြဋ္ဌာန်းထားပါကြောင်း၊ ဝယ်ယူရေးဆိုင်ရာ တင်ဒါတွင် အနိမ့်ဆုံးကြမ်းခင်းဈေး ရှိစရာမလိုဘဲ အမြင့်ဆုံးကြမ်းခင်းဈေးသာ ရှိသည်ဟု ဖော်ပြပါကြောင်း၊ ၎င်းညွှန်ကြားချက်ကို တစ်နိုင်ငံလုံးက ဌာနတိုင်း၏ ပစ္စည်းဝယ်ယူရေးအတွက် အကျုံးဝင်ခြင်းရှိ/မရှိ၊ ထိုညွှန်ကြားချက်ကို အမှန်တကယ်လိုက်နာခြင်းရှိ/မရှိ၊ စသည်တို့ကို စိစစ်ဆောင်ရွက်ရန် လိုပါကြောင်း၊ တင်ဒါတွင် ဆောင်ရွက်မည့် လုပ်ငန်းပမာဏ၊ လိုအပ်သည့် အရည်အသွေး၊ စံချိန်စံညွှန်းသတ်မှတ်ကာလများအား ပြည့်စုံစွာကြိုတင် သတ်မှတ်ပေးရမည်၊ ကျွမ်းကျင်မှုဆိုင်ရာ စာအိတ် (Technical Proposal Envelope) များကို လိုအပ်သည့် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှုရှိ/မရှိ ရွေးချယ်ပြီးနောက် အရည်အသွေးပြည့်မီသည့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ (Technical) အောင်မြင်သည့် ကုမ္ပဏီများကို ဈေးနှုန်းဆက်လက် ဝင်ရောက်ယှဉ်ပြိုင်စေပြီး အဆိုပါ ကုမ္ပဏီများ၏ ဈေးနှုန်းအဆိုပြုလွှာ စာအိတ် (Finical Proposal Envelope) ကို တင်ဒါစိစစ် ရွေးချယ်ရေးကော်မတီနှင့် သက်ဆိုင်ရာကော်မတီများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်ပြီး ဈေးနှုန်းအနည်းဆုံးကုမ္ပဏီကို ပထမအဆင့်တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်ရမည်ဟု ရေးသားထားပါကြောင်း၊ တည်ဆောက်မှုဆိုင်ရာ တင်ဒါများကိုခေါ်ယူရာတွင် Two Envelope စနစ်ဖြင့် ဆောင်ရွက်ပါကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာစာအိတ် (Technical Proposal Envelope) များကို ဦးစွာတင်သွင်းစေရမည် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာစာအိတ် တင်သွင်းသည့် ကုမ္ပဏီများအတွက် လိုအပ်သည့်အရည်အသွေးနှင့် စံချိန်စံညွှန်းများ ပြည့်မီမှုရှိ/မရှိ စစ်ဆေးပြီး ကျွမ်းကျင်မှုဆိုင်ရာ (Technical) အောင်မြင်သည့် ကုမ္ပဏီများကိုသာ ဈေးနှုန်းအဆိုပြုလွှာ စာအိတ် (Financial Proposal Envelope) ကို ဝင်ရောက်ယှဉ်ပြိုင် တင်သွင်းစေရမည် ဖြစ်ပါကြောင်း၊ ဈေးနှုန်းအဆိုပြုလွှာစာအိတ် မတင်သွင်းမီ အနိမ့်ဆုံးကြမ်းခင်းဈေးနှင့် အမြင့်ဆုံးကြမ်းခင်းဈေးကို ကြိုတင်ကြေညာရမည်။ အနိမ့်ဆုံးကြမ်းခင်းဈေးထက် လျော့နည်းသော အမြင့်ဆုံးကြမ်းခင်းဈေးထက် ကျော်လွန်သော တင်သွင်းဈေးနှုန်းများကို ရွေးချယ်မည်မဟုတ်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတည်ဆောက်ရေးလုပ်ငန်းတွင် အနိမ့်ဆုံး၊ အမြင့်ဆုံးဈေးကို သတ်မှတ်ရမည်ဟု ပြောပါကြောင်း၊ အနိမ့်ဆုံးကြမ်းခင်းဈေးအတိုင်း လုပ်နိုင်သည့်ကုမ္ပဏီ တစ်ခုထက်ပိုပါက တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို မဲနှိုက်ရွေးချယ်ပေးရမည်၊ မိမိတို့အနိမ့်ဆုံးနှင့် အမြင့်ဆုံးကြမ်းခင်းဈေးကို ကြိုတင်ကြေညာရမည်ဟု ပါရှိသော်လည်း လက်တွေ့တွင် အနိမ့်ဆုံးကြမ်းခင်းဈေးကို ပြည်နယ်နှင့်တိုင်းဒေသကြီး တော်တော်များများတွင် လေ့လာကြည့်မိသမျှ လျှို့ဝှက်ထားဆဲဖြစ်ပါကြောင်း၊
တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့်ကန်ထရိုက်ကို ရွေးချယ်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးခြင်း (Technical Proposal Envelope) ကို ပထမစစ်ဆေးပြီး အောင်မြင်မှသာ ငွေကြေးဆိုင်ရာစာအိတ် (Financial Proposal Envelope) ကို ဝင်ရောက်ယှဉ်ပြိုင် စေရခြင်းဖြစ်သည့်အတွက် ရွေးချယ်ခံရသည့် ကန်ထရိုက်တာသည် လုပ်ငန်းကျွမ်းကျင်မှု ရှိပြီးသားဖြစ်သည်ဟု ယူဆရပါကြောင်း၊ (Technical Proposal Envelope) ပထမအဆင့်ကို အောင်မြင်ထားသည့် ကျွမ်းကျင်သောကန်ထရိုက်တာက တည်ဆောက်ရေးလုပ်ငန်း၏ အနိမ့်ဆုံးဈေးကို တွက်ချက်နိုင်ပါလိမ့်မည်။ လွှတ်တော်မှာဘတ်ဂျက်ရေး ဆွဲတင်ပြသည်က One Line နှင့် ရေးဆွဲတင်ပြခြင်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ စိစစ်ခြင်းဆိုသည်မှာလည်း Design Estimate ပေါ်တွင် အခြေခံစိစစ်ခြင်းမဟုတ်ဘဲ One Line ပေါ်တွင် စိစစ်ကြခြင်းဖြစ်ပါကြောင်း၊ ထို့အတွက် Estimate ဖောင်းပွမှုများရှိနိုင်ပါကြောင်း၊ တကယ့်လုပ်ငန်းတန်ဖိုး အမှန်ရနိုင်ဖို့ဆိုလျှင် ဒေသပေါက်ဈေးနှင့် မြေပြင်အခြေအနေကို အသေးစိတ်တွက်ချက်မှရမည်၊ ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီက အနိမ့်ဆုံးကြမ်းခင်းဈေးကို သတ်မှတ်ပေးစရာမလိုဘဲ ဈေးပြိုင်အိတ်ဖွင့်တင်ဒါခေါ်ယူလျှင် ရပါကြောင်း၊ တင်ဒါဆိုသည်မှာ ပွင့်လင်းမြင်သာစွာ ယှဉ်ပြိုင်ပြီး ရွေးချယ်ရသည့် အလုပ်ဖြစ်သဖြင့် ဈေးနှုန်းသတ်မှတ်လိုက်မည်ဆိုပါက ဘက်လိုက်မှုများ၊ အဂတိလိုက်စားမှုများ ဖြစ်လာနိုင်ပါကြောင်း၊ ဌာနမှအရည်အသွေးပိုင်းကိုသာ အဓိကထားပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီကိုလုပ်ငန်းစတင်သည်နှင့် ဘတ်ဂျက်လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းကြိုတင် ခွင့်ပြုပေးခဲ့မည်ဆိုလျှင်လည်း လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးကို အထောက်အကူ ရစေမည် ဖြစ်ပါကြောင်းဖြင့် မေးမြန်းပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၏ မေးခွန်းတွင် ဖော်ပြထားမှုများအရ ပစ္စည်းဝယ်ယူရေးတင်ဒါနှင့် တည်ဆောက်ရေးတင်ဒါဆိုပြီး အပိုင်းနှစ်ပိုင်းပါဝင်ပါကြောင်း၊ ပထမပိုင်းဖြစ်သည့် ပစ္စည်းဝယ်ယူရေးတင်ဒါခေါ်ယူ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့်အချက်များအရ အနိမ့်ဆုံးကြမ်းခင်းဈေးနှုန်း သတ်မှတ်ရန် မလိုအပ်ပါကြောင်း၊ ပစ္စည်းဝယ်ယူရေး တင်ဒါအောင်မြင်သူကို ရွေးချယ်ရာတွင် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် တင်ဒါတင်သွင်းသူများအနက်မှ ဈေးအနည်းဆုံးသော တင်ဒါကိုရွေးချယ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
ဒုတိယပိုင်းဖြစ်သည့် တည်ဆောက်ရေးဆိုင်ရာတင်ဒါ ခေါ်ယူဆောင်ရွက်သည့် နေရာတွင် တင်ဒါတင်သွင်းသူများအား (Two Envelope) စနစ်ဖြင့် စိစစ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာစာအိတ် (Technical Proposal Envelope) များကို လိုအပ်သော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှုရှိ/မရှိ စိစစ်ရွေးချယ်ရမည်ဖြစ်ပြီး ကျွမ်းကျင်မှုဆိုင်ရာ (Technical) အောင်မြင်သည့် ကုမ္ပဏီများကို ဈေးနှုန်းဆက်လက်ဝင်ရောက် ယှဉ်ပြိုင်စေရမည် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ (Technical) အောင်မြင်သည့် ကုမ္ပဏီများမှ တင်သွင်းလာသော ဈေးနှုန်းများအနက် ဈေးနှုန်းအနည်းဆုံးတင်သွင်းသည့် ကုမ္ပဏီအားတင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
