(က)-ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို ရေတိုရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သောမူဝါဒ၊ မဟာဗျူဟာ များချမှတ်၍ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၅.၅.၂၀၁၈)

 

(က)-ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို နိုင်ငံတော် နှင့် နိုင်ငံသားများ ရေတိုရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သောမူဝါဒ၊ မဟာဗျူဟာ များချမှတ်၍ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်သောကြောင့် ကျေးလက်နေပြည်သူတို့၏ဘဝကို မြှင့်တင်နိုင်ရေးသည် အထူးအရေးကြီးသည့်အချက် ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းများ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပေးရေးသည် ကျေးလက်နေပြည်သူတို့၏ ဘဝကို မြှင့်တင်ရာမှာ အထူးအရေးပါလှပါကြောင်း၊ ကျေးလက်လမ်းများကို တိုးချဲ့ဖောက်လုပ် ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းသည် သယ်ယူပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးများကို တိုးတက်ကောင်းမွန်စေရုံတင်မက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကိုပါ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊

ကျေးလက်လမ်းများအဆင့်မြှင့်တင်သည့်အခါ မည်သည့်လမ်းများကို မည်သည့်မူဖြင့် ဦးစားပေး ရွေးချယ်မည်ဆိုသည်မှာ အ‌ရေးပါသည့်အချက်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျေးလက်လမ်းများကို လမ်းဦးစီးဌာနအောက်က လမ်းနှင့်ဆက်သွယ်ထားမှု၊ လမ်းအကျယ်ပေါ်မူတည်ပြီး (A)၊ (B)၊ (C) ဟူ၍ အတန်းအစားသုံးမျိုးခွဲခြားထားပါကြောင်း၊ (A) အဆင့်ကို ၂၀၂၀၊ (B) အဆင့်ကို ၂၀၂၅၊ (C) အဆင့်ကို ၂၀၃၀ တွင် ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းအဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသည်ဟု သိရှိရပါကြောင်း၊ ကျေးလက်လမ်းများကို လေ့လာကြည့်ပါက လမ်းဦးစီးဌာနအောက်က လမ်းနှင့် ဆက်သွယ်ထားတိုင်း အသုံးများခြင်း၊ အရေးပါခြင်းမဟုတ်သကဲ့သို့ လမ်းများကျယ်တိုင်းလည်း အရေးကြီးသည့်လမ်းမဟုတ်သည်ကိုတွေ့ရမည် ဖြစ်ပါကြောင်း၊ လမ်းဦးစီးဌာနကလမ်းနှင့် မဆက် သွယ်သော်လည်း အရေးပါသောလမ်းများစွာရှိသကဲ့သို့ လက်ရှိအနေဖြင့် လမ်းများအလွန်မကျယ် သော်လည်း အသုံးများလာသည့်လမ်းများစွာရှိသည့်အတွက် လမ်း၏အရေးပါမှု၊ အသုံးများမှုများကို သာ အဓိကထားပြီး အတန်းအစားခွဲခြားသင့်သည့်အပြင် လမ်း၏လတ်တလောအသုံးပြုနိုင်သော အနေအထားနှင့် အရေးပေါ်လိုအပ်မှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ လတ်တလော သွားလာရန်အဆင်ပြေပြီးသား ကျေးလက်လမ်းများကို ကတ္တရာလမ်းမြှင့်နေခြင်းထက် လုံးဝသွား မဖြစ်သည့် လမ်းများကို သွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးသည်က ပိုမိုအကျိုးများ နိုင်သကဲ့သို့ ဖွံ့ဖြိုးမှုမှာလည်း ပိုမိုညီမျှစေမည်ဖြစ်ပါကြောင်း၊

အရေးကြီးသည့်နောက်အချက်က လက်ရှိရည်မှန်းထားသည့်အတိုင်း အကောင်အထည်ဖော်နိုင်ရန် အတွက် လိုအပ်သောဘဏ္ဍာငွေကို မည်ကဲ့သို့ဖြည့်ဆည်းပေးမည်နည်း၊ လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မည်နည်းဟူသည့်အချက် ဖြစ်ပါကြောင်း၊ Plan to Budget ဟုဆိုသော်လည်း Plan များသည် လက်တွေ့ကျသည့် အမှန်ဆောင်ရွက်နိုင်သော Plan မျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ လက်ရှိ ဘဏ္ဍာငွေခွဲဝေရရှိမှုများအရလည်း ရည်မှန်းထားသည့်အတိုင်း ၂၀၂၀ တွင် (A) အဆင့်လမ်း အားလုံးကို ကတ္တရာလမ်းဖြစ်ရန် မလွယ်တော့ဟု ထင်မြင်ပါကြောင်း၊ ထို့ကြောင့် မဖြစ်မနေ ကတ္တရာခင်းရန်၊ ကွန်ကရစ်လမ်းအဆင့်မြှင့်ရန် လိုအပ်သောလမ်းလောက်ကိုသာ ကွန်ကရစ်ခင်းပြီး အခြားလမ်းများကို ရရှိနိုင်မည့်ဘဏ္ဍာငွေ လတ်တလောလိုအပ်မှု၊ လမ်း၏မြေအနေအထား စသည်တို့နှင့် ချင့်ချိန်ပြီး ကျောက်ချောလမ်း၊ ဂျင်းလမ်း၊ ဂဝံလမ်း၊ မြေသားလမ်း စသည်တို့အဖြစ် ဖောက်လုပ်သည်က လက်တွေ့ပိုကျသကဲ့သို့ ပိုမိုအကျိုးများစေနိုင်ပါကြောင်း၊

ကျေးလက်လမ်းများ၏ လမ်းအကျယ်သတ်မှတ်ရေး၊ ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးတို့အတွက် ခိုင်မာ သည့်မူတစ်ခုဖြစ်လာရန် ကျေးလက်လမ်းဆိုင်ရာဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲရန် လိုအပ်နေပါ ကြောင်း၊ ထို့အပြင် လမ်းဖောက်ရာတွင် လိုအပ်သောလမ်းများရရှိရေးနှင့် ပတ်သက်၍ မြေပိုင်ရှင်က မပေးအပ်ပါကမဖောက်လုပ်သည့် လက်ရှိကျင့်သုံးနေသည့်မူသည် ရေရှည်တွင်အဆင်မပြေနိုင် သကဲ့သို့ လူတစ်ယောက်စ၊ နှစ်ယောက်စက သဘောမတူသည်နှင့် လူအများအကျိုးနစ်နာမည့် သဘောဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး လက်တွေ့ကျကာ မျှတမှုရှိသော၊ တိကျပြတ်သားသည့်မူဝါဒ လိုအပ်နေပြီဖြစ်ပါကြောင်း၊ နောက်ဆုံးတစ်ချက်အနေဖြင့် သိရှိလိုသည်မှာ ကျေးလက်လမ်းဆိုင်ရာမူဝါဒချမှတ်သည့်အခါ ဖောက်လုပ်ပြီးလမ်းများ ထိန်းသိမ်းပြုပြင်ရေးကို မည်ကဲ့သို့ထည့်သွင်းစဉ်းစားထားသနည်းဟူသည့်အချက် ဖြစ်ပါကြောင်း၊ ယခု Mini Budget မတိုင်မီအထိ ဖောက်လုပ်ပြီးကျေးလက်လမ်းများ ထိန်းသိမ်းပြုပြင်ရေးအတွက် ဘဏ္ဍာငွေချထားပေးမှု မရှိသလောက်ဖြစ်နေသည်ကို တွေ့ရှိရပြီး ပြုပြင်ရန်လိုအပ်လာပါက အချိန်မီမပြုပြင်နိုင်ဖြစ်ကာ လမ်းများမပျက်စီးသင့်ဘဲ များစွာပျက်စီးရပါကြောင်း၊ ထို့ကြောင့် ဖောက်လုပ်ပြီးလမ်းများ ပြုပြင်ရေးကို ကျေးလက်လမ်းဆိုင်ရာမူဝါဒချမှတ်ရာတွင် အထူးအလေးပေးထည့်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ လူမှုဘဝများမြှင့်တင်ရေး တို့အတွက် နိုင်ငံတော်ဘဏ္ဍာငွေကို ထိထိရောက်ရောက်သုံးစွဲပြီး နိုင်ငံတော်နှင့် နိုင်ငံသားများကို အကျိုးအများဆုံးပြုစေမည့်၊ ရေရှည်တွင်ရရှိမည့်အကျိုးကိုရည်ရွယ်ရုံမျှသာမက ရေတိုအတွင်းတွင်ပါ အကျိုးများစွာရရှိစေမည့် ကျေးလက်လမ်းဆိုင်ရာမူဝါဒတစ်ရပ် လိုအပ်နေပြီဖြစ်သည့်အတွက် ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင်‌့တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို နိုင်ငံတော် နှင့် နိုင်ငံသားများ ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သောမူဝါဒ၊ မဟာဗျူဟာ များချမှတ်၍ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို နိုင်ငံတော် နှင့် နိုင်ငံသားများ ရေတို၊ ရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် ကျေးလက်လမ်းများဖွံ့ဖြိုးရေး မဟာဗျူဟာကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအတွက် မူဝါဒချမှတ်ပေးထားပြီး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို အကျဉ်းချုပ်တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ရည်မှန်းချက်အနေဖြင့် ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ ကျေးလက် ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ရက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသားပို့ဆောင်ရေးပင်မ စီမံကိန်းအား အထောက်အကူဖြစ်စေရေး၊ ၂၀၃၀ ခုနှစ် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန်အတွက် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်သွားလာရေး တို့ဖြစ်ပါကြောင်း၊

၂၀၁၆ ခုနှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ပူးပေါင်းလေ့လာသုံးသပ်ထားချက်များအရ တစ်နိုင်ငံလုံး လူဦးရေ ၅၁ သန်းကျော်မှ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ၃၅ သန်းသည် ကျေးလက်ဒေသ တွင် နေထိုင်ကြပြီး အဆိုပါ ၃၅ သန်း၏ ၂၈ ရာခိုင်နှုန်း ဖြစ်သော ၁၀ သန်းခန့်သည် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများကို အသုံးပြုနိုင်ကြပြီး အမာခံလမ်းနှင့် ကျောက်ချောလမ်းအသုံးပြုနိုင်သော လူဦးရေက ကျေးလက်နေလူဦးရေ၏ ၁၁ သန်းခန့်၊ စုစုပေါင်း ကျေးလက်နေလူဦးရေ၏ ရာခိုင်နှုန်း ၃၀ ခန့်ရှိပါကြောင်း၊ ခြောက်သွေ့ရာသတွင် သွားလာနိုင်သော ကျေးလက်မြေသားလမ်းများကို အသုံးပြုနိုင် သည့် လူဦးရေ ၁၀ သန်းခန့်ရှိပြီး ကျေးလက်နေလူဦးရေ၏ ရာခိုင်နှုန်း ၃၀ ခန့်က အသုံးပြုနေ ကြပါကြောင်း၊ လမ်းလုံးဝ မရှိသေးသည့်ဒေသများတွင် နေထိုင်သည့်လူဦးရေက လေးသန်းခန့်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ကျေးလက်နေလူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်သည် လမ်းလုံးဝမရှိသေးသည့် ဒေသများတွင် နေထိုင်နေကြပြီး ၎င်းတို့အတွက် ကျေးလက်လမ်းများ ဆက်လက်ဖောက်လုပ်ပေး သွားရမည် ဖြစ်ပါကြောင်း၊ အခြေခံစာရင်းပြုစုထားရှိပြီးသော ကျေးရွာပေါင်း ၅၇၂၂၈ ရွာအနက် လူဦးရေ ၁၀၀၀ နှင့်အထက် နေထိုင်သောကျေးရွာအားလုံးကို ၂၀၂၀ ခုနှစ်မတိုင်မတွင်လည်းကောင်း၊ လူဦးရေ ၅၀၀ နှင့်အထက်ရှိသောကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်မတိုင်မီတွင် လည်းကောင်း၊ ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် ဖောက်လုပ်နိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အတွင်း တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တချို့ပြည်နယ်များတွင် လူဦးရေ ၂၅၀ မပြည့်သည့် ရွာများစွာရှိပါကြောင်း၊ ရွာများ၏ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို ရွာများ၏ အရေးကြီးသည့် အခြေအနေများအပေါ် မူတည်ပြီး သီးခြားဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ကျေးလက်လမ်းများအကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် အဓိကချိတ်ဆက်သည့် လမ်းကွန်ရက်စနစ် (Core Rural Road Network) ဖြင့် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းဦးစီးဌာနပိုင် လမ်းမကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်သည့် လမ်းများကို Class(A)၊ တစ်ဆင့်ခံချိတ်ဆက်သည့်လမ်းများကို Class(B)နှင့် Class(B) လမ်းအချင်းချင်း ထပ်မံချိတ်ဆက်သည့် လမ်းများကို Class(C) ဟုသတ်မှတ်ပြီး ကျေးလက်လမ်းများဖွံ့ဖြိုးရေး မဟာဗျူဟာနှင့်အညီ တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးနိုင်ထူးအောင် (နွားထိုးကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 (A)၊ (B)၊ (C) ရွေးချယ်ခြင်းကို ပြန်လည်သုံးသပ်ပေးနိုင်ခြင်း ရှိ/မရှိ၊ လမ်းဦးစီးလမ်းနှင့် ဆက်သွယ်သည် ဆိုတိုင်းလည်း လမ်းကအမှန်တကယ်အရေးပါသည့် လမ်းဟုတ်/မဟုတ်၊ ထို့ကြောင့် လမ်းဦးစီးဌာနတစ်ခုတည်နှင့် ဆက်သွယ်ခြင်းမဟုတ်ဘဲ အခြားသောအချက်များနှင့် ပတ်သက်ပြီး စဉ်းစားပေးနိုင်ခြင်း ရှိ/မရှိ၊ (A)၊ (B)၊ (C) ရွေးသည့်အခါ အသုံးများမှု၊ အသုံးဝင်မှုစသည့် အချက်များ ပေါ်မူတည်ပြီး ပေးနိုင်ခြင်းရှိ/မရှိ၊ စီမံကိန်းတစ်ခုရေးဆွဲမည်ဆိုလျှင် ဘတ်ဂျက်ရှိမှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် (A)အဆင့်လမ်းများကို ၂၀၂၀ ခုနှစ်တွင် ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းဖြစ်အောင်လုပ်မည် ဆိုသည်မှာ ဘတ်ဂျက်ကိုချင့်ချိန်ရန် လိုအပ်ပါကြောင်း၊ Medium Term Framework ဟုခေါ်သည့် ကာလလတ်အတွင်း ငွေပမာဏမည်မျှကို မည်သည့်နေရာများတွင် အသုံးပြုမည်ဆိုသည်ကို အစိုးရအဖွဲ့အနေဖြင့် ချမှတ်ထားရန် လိုအပ်ပါကြောင်း၊ ကျေးလက်လမ်းအတွက် မည်မျှရနိုင်သည် ဆိုခြင်းအပေါ် အခြေခံပြီး၊ နိုင်ငံတကာအကူအညီများက မည်သို့ရလာနိုင်သည်ဆိုသည်ကို မူတည်ပြီးရနိုင်သည့် ဘတ်ဂျက်နှင့် ကိုက်ညီသည့် စီမံကိန်းတစ်ခုကို ရေးဆွဲခြင်းကပိုမို ကောင်းမွန်ပါကြောင်း၊ ထို့ကြောင့် လက်ရှိစီမံကိန်းကို ဘတ်ဂျက်က နောက်ကလိုက်လာနိုင်အောင် ဆောင်ရွက်ပြီးစီးခြင်းရှိ/မရှိ၊ မသေချာပါကလည်း ဘတ်ဂျက်ရရှိမှုပေါ် မူတည်ပြီးမှ ပြန်လည်ရေးဆွဲရန်လည်း ရှိ/မရှိ သိရှိလိုပါကြောင်း၊

ကျေးလက်လမ်းနှင့်ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းရန်လည်း ရှိ/မရှိနှင့် လမ်းများရရှိရေး မူဝါဒကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ လက်ရှိလုပ်နေရသည့် အနေအထားက အဆင်မပြေပါကြောင်း၊ ထို့ကြောင့် ၎င်းနှင့်ပတ်သက်ပြီး‌ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း၊

မိမိမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနက ဖောက်လုပ်ထားသော ကတ္တရာလမ်းများရှိပါကြောင်း၊ လမ်းများက ပျက်စီးခြင်းများပြားသည့်အတွက် ကတ္တရာလမ်းပေါ်တွင် ကားမောင်း၍ မရသည့်အတွက် ဘေးကလှည်းလမ်းပေါ်တွင် မောင်းနေရသည့် အနေအထားများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိန်းသိမ်းပြုပြင်ရေးကိစ္စများအပေါ် မည်ကဲ့သို့ ဆောင်ရွက်သွားမည်နှင့် မည်ကဲ့သို့ လျာထားသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

 Class(A) သည် Main လမ်းမကြီးနှင့် တိုက်ရိုက်ထိတွေ့မည့်လမ်းကို Class (A) ဟုသတ်မှတ်ပြီး လမ်းနယ်အကျယ်ကို မူလက ပေ ၁၀၀ ဆိုပြီး သတ်မှတ်ပါကြောင်း၊ ပေ ၁၀၀ သတ်မှတ်ခြင်း အကြောင်းအရင်းက ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းလုပ်မည်ဆိုလျှင် Road Furniture ဟုခေါ်သည့် အချက်အလက်များ အားလုံးထည့်ရန်အတွက် ပေ ၁၀၀ ဟုသတ်မှတ်သည့် အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးများနှင့် တွေ့ဆုံသည့်အခါ ပေ ၁၀၀ ရရန် ခက်ခဲသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် Class (A) ကို ပေ ၆၀ သို့ လျှော့ပေးပါဆိုပြီး ညှိနှိုင်းပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရင်ညှိနှိုင်းပါကြောင်း၊ ညှိပြီးမှ ပေ ၁၀၀ အစား Class(A) ကို လမ်းနယ် ပေ ၆၀ ဆိုပြီး ၎င်းအစည်းအဝေးကြီးတွင် အတည်ပြုခဲ့ပါကြောင်း၊ Class(B)လမ်းက အမာခံလမ်း၊ ဂဝံလမ်း သို့မဟုတ် ကျောက်ချောလမ်းအဆင့်ဖြစ်ပါကြောင်း၊ Class(B)ကို မူလက ပေ ၆၀ ထားခြင်းကို ပေ ၄၀ ခန့်ထားပေးပါဆိုပြီး မိမိတို့က ပေ ၄၀ ရရှိမည်ဆိုပါက Class(B)ဆောင်ရွက်မည်ဖြစ်ပြီး လမ်းပြီးစီးသွားပါက လမ်းနယ်လုံးဝမရနိုင်ပါကြောင်း၊ တချို့နေရာများတွင် ၁၀ ပေ၊ ၁၅ ပေစသည်ဖြင့် Class(C)ဆိုပြီး သတ်မှတ်ထားပါကြောင်း၊ မြေသားလမ်းအတိုင်း ထားမယ်ဆိုသည့် အနေအထားမျိုးနှင့် သတ်မှတ်သည့်အခါ ဝန်ကြီးချုပ်များကို အကူအညီတောင်းခံပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်သုံးရပ်မှကိုယ်စားလှယ်များ တွေ့ဆုံပြီး Class (A), Class (B), Class (C) ကို ခွဲပေးပါဆိုသည့် အချိန်တွင် ခွဲပေးလာသည့်အတွက် အကြမ်းအားဖြင်‌့ အတည်ပြုပြီးဖြစ်ပါကြောင်း၊ Cabinet တွင် အတည်ပြုပြီးလျှင် လွှတ်တော်ကို အဆောက်အဦ ၆၆၀ ချုပ်ပြီး ပို့ရမည်ဖြစ်သော်လည်း ပြီးခဲ့သည့် ၈ ရက်နေ့ အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက တက်လာသည့် ဝန်ကြီးများက ပြန်လည်ပြီးသုံးသပ်ပါရစေဆိုပြီး ပြောလာသည့်အတွက် စည်း/ကော်နဲ့ Cabinet တင်မယ့်ကိစ္စကို ခဏရပ်ထားပြီး ဝန်ကြီးချုပ်များကို ပြန်လည်ပြီး နောက်ဆုံးအကြိမ်သုံးသပ်ပေးပါဆိုပြီး ပြန်ပို့ထားပါကြောင်း၊ စီမံကိန်းနှင့်ဘတ်ဂျက်ကိစ္စကို စီမံကိန်းတွေရေးဆွဲပြီး စီမံကိန်းများနောက်က ဘတ်ဂျက်လိုက်ခြင်းမျိုးကို Budget follows the Plan အဆင့်ထိ မရောက်နိုင်သေးပါကြောင်း၊ ယခု Plan follows the Budget ဖြစ်နေပါကြောင်း၊ Seeing Figures ပေးထားသည့် ဘတ်ဂျက်ကိုမူတည်ပြီး နည်းနည်းစီမျှလုပ်လိုက်လျှင်လည်း ခုနက အရာမရောက်မည် စိုးသည့်အတွက် ထိုအထဲကနေဦးစားပေး (၁)၊ (၂)၊ (၃)၊ (၄) များ လုပ်လိုက်သည့်အတွက် တချို့ကတိကဝတ်လေးများ ပါမည်မဟုတ်ပါကြောင်း၊

ဥပဒေပြဋ္ဌာန်းရန်ဆိုသည် ကိစ္စက မှန်ပါကြောင်း၊ မိမိတို့ ဥပဒေပြဋ္ဌာန်းရန် လုပ်နေပါကြောင်း၊ ဥပဒေပြဋ္ဌာန်းလိုက်လျှင် တစ်ယောက်၊ နှစ်ယောက်ခန့်က ကပ်ပြီးမပေးနိုင်ဘူး ဆိုသည့်ကိစ္စကို ဥပဒေနှင့်သိမ်းလိုက်မှ A-Class ဆိုပြီး ပေ ၆၀ လမ်းဖြစ်လာမည် ဖြစ်ပါကြောင်း၊ လမ်းဖောက်ပြီးလျှင် လမ်းပြင်ဆင်ထိန်းသိမ်းမှု မရှိဘူးဆိုသည့် အချက်များက မှန်ပါကြောင်း၊ ကျေးလက်လမ်း တော်တော်များများသည် ပြင်သည့်ဘတ်ဂျက်ရှိပြီး ထိန်းသိမ်းသည့် Maintenance Budget မရှိခြင်း များပါကြောင်း၊ မိမိတို့မူလလမ်းဦးစီးဌာန၊ တံတားဦးစီးဌာနက Maintenance Budget ရှိပါကြောင်း၊ ယခုနှစ်ကစပြီး Maintenance Budget စတင်ထည့်သွင်းပြီး Maintenance ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။