တက္ကသိုလ်များတွင် ကာလတစ်ခုအထိ ဘွဲ့ကြိုသင်တန်းများပိတ်ထားခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ဘွဲ့ကြိုများ ပြန်လည်အသက်ဝင်ခဲ့ပါကြောင်းနှင့် ယင်းသို့ ပြင်ပမိန်းတက္ကသိုလ်များတွင် တက်ရောက်ရန် ထူးချွန်သည့် ရမှတ်များ လိုအပ်ပါကြောင်း၊
ယခင်နှစ်က ရန်ကုန်တက္ကသိုလ် COE ဝင်ခွင့်ရသည့် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်စာရင်းများကို ဖော်ပြရမည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးပထမ အမှတ်အများဆုံး ၅၅၅ မှတ်ဖြစ်သည့်အချိန်တွင် COE အင်္ဂလိပ်စာအနေဖြင့် ၅၄၆ မှတ်ဖြင့် လည်းကောင်း၊ IR (International Relation) တွင် ၅၂၆ မှတ်ဖြင့် အမြင့်ဆုံးဖြင့်လည်းကောင်း၊ သင်္ချာတွင် ၅၀၉ မှတ် အမြင့်ဆုံးဖြစ်လည်းကောင်း ဝင်ရောက်ခဲ့သည့်ကိုတွေ့ရှိရပါကြောင်း၊ ဘာသာရပ်အလိုက်အနိမ့်ဆုံး အမှတ်များသည် စာကြည့်တိုက်နှင့် သုတေသနပညာတို့တွင် ၃၆၀ မှတ်၊ IR (International Relation) တွင် ၄၇၀ မှတ် ရရှိမှ COE တန်းများတက်ရောက်ခွင့်ရရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ထိုသို့ သက်ဆိုင်ရာ COE ဘာသာရပ်အလိုက် ဘွဲ့များ ရရှိပြီးပါက COE တက်ရောက်သူများအတွက် ဘယ်လိုစီစဉ်ထားသည်ကို သိရှိလိုပါကြောင်း၊
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ မိန့်ခွန်းတွင် ကျောင်းသားလူငယ်များအနေဖြင့် အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေးအတွက် ပညာသင်စရိတ်ထောက်ပံ့မှုများ တိုးမြှင့်ပေး နိုင်အောင် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သကဲ့သို့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများ မြင့်မားလာအောင် ဦးတည်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဝင်ငွေနည်းမိသားစု၊ ဆင်းရဲနွမ်းပါးသည့် မိသားစုက ကျောင်းသားလူငယ်တွေ အဆင့်မြင့်ပညာ ဆည်းပူးခွင့်ရရှိရေးသည် နိုင်ငံတော် အတွက် အရေးကြီးသည့်မူဝါဒတစ်ရပ်ဖြစ်လာဖြစ်မည်ဖြစ်ကြောင်း၊ အရည်အချင်းရှိလူငယ်များအနေဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ပညာရပ်တွေကို ဆည်းပူးခွင့် ရရှိပြီး ၎င်းတို့နှင့် ထိုက်တန်သည့် နေရာများရရှိနိုင်ရန်နှင့် နိုင်ငံတကာပညာသင်အခွင့်အလမ်းများ၊ ပြည်တွင်းအခွင့်အလမ်းများကို အလေးထား မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်းဟူ၍ ပညာရေးနှင့် ပတ်သက်ပြီး လမ်းညွှန်မိန့်ကြားခဲ့ပါကြောင်း၊
ထို့ကြောင့် ကျောင်းသားလူငယ်တွေ ၎င်းတို့နှင့် ထိုက်တန်သည့်နေရာများ၊ နိုင်ငံတကာ ပညာသင် အခွင့်အလမ်းများ၊ ပြည်တွင်းအခွင့်အလမ်းများကို မည်သို့လေးထားပြီး ဆောင်ရွက်ထား သည်ကို မေးမြန်းလိုပါကြောင်းနှင့် နည်းပညာတက္ကသိုလ်(COE)များအတွက် သီးခြား မေးမြန်း ထားသည် ကိုလည်း အလျဉ်းသင့်ချိန်တွင် ဖြေကြားပေးပါရန်ဟူ၍ မေးခွန်းမေးခွန်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့များတွင် အထူး လေ့ကျင့်ပြုစုပျိုးထောင်ရေးအစီအစဉ်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံးမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သော ကျောင်းသားကျောင်းသူများအား ၂၀၁၃-၂၀၁၄ ပညာသင်နှစ် မှစတင်၍ လက်ခံသင်ကြားသင်ယူလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေခဲ့သည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် Center of Excellent (COE) အဖြစ် ဖော်ပြထားခြင်းမရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် ၂၅ ခု၊ မန္တလေး တက္ကသိုလ်တွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် ၂၄ ခုသို့ တက်ရောက်ခွင့် ရရှိရန်အတွက် ဘာသာရပ်တစ်ခုစီ၏ သတ်မှတ်ထားသော အများဆုံးကျောင်းသားကျောင်းသူ အရေအတွက်ကိုသာ တိုင်းဒေသကြီး/ပြည်နယ် အားလုံးမှ ယှဉ်ပြိုင်လျှောက်ထားရခြင်း ဖြစ်ပါ ကြောင်း၊ တက်ရောက်ခွင့်ရရှိသည့်ကျောင်းသားကျောင်းသူများထဲမှ အရည်အချင်း သတ်မှတ်ချက် ဖြစ်သည့် ဘာသာရပ်အလိုက် သတ်မှတ်ထားသော အနိမ့်ဆုံးရမှတ်နှင့် အနိမ့်ဆုံးစုစုပေါင်း ရမှတ်တို့ကို ပြည့်မီ၍ ဝိဇ္ဇာချွန်ဆုနှင့်သိပ္ပံချွန်ဆုတို့ကို လျှောက်ထားလာပါက ပညာရေးဝန်ကြီးဌာနအနေဖြင့် စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် ပညာသင်ထောက်ပံံ့ကြေးချီးမြှင့်သည့်အစီအစဉ်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COE ဟူ၍ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွက် ဖော်ပြထားခြင်းမရှိပါကြောင်းနှင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် ဘာသာရပ် ၂၅ ခုနှင့် ၂၄ ခု လက်ခံပြီး အရည်အချင်း သတ်မှတ်ချက်များ၊ အနိမ့်ဆုံးရမှတ်၊ အနိမ့်ဆုံးစုစုပေါင်းရမှတ်ရရှိခဲ့ပါက ဝိဇ္ဇာချွန်ဆု၊ သိပ္ပံချွန်ဆုများ ချီးမြှင့်မည်ဟူ၍ ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ကို ဝင်ခွင့်ပြုသည့် လျာထားဦးရေကို ၁၀၀ ဝန်းကျင်ကိုသာ ယှဉ်ပြိုင်သည့်ထဲမှ စိစစ်လက်ခံခြင်းဖြစ်သည့်အတွက် ရန်ကုန်တက္ကသိုလ်က စုစု ပေါင်း ဘာသာရပ် ၂၅ ခုအတွက် ကျောင်းသားကျောင်းသူစုစုပေါင်း ၁၄၁၀ ဦးနှင့် မန္တလေး တက္ကသိုလ်တွင် မနှစ်က ကျောင်းသားကျောင်းသူ၊ ဘာသာရပ် ၂၄ ခုမှာ စုစုပေါင်းခွင့်ပြုဦးရေ ၇၃၀ ဦးဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် တက်ရောက်ခွင့်ရရှိ ကြသည့် ကျောင်းသားကျောင်းသူများသည် ယေဘုယျအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ် ၄၀၀ နှင့်အထက်ရရှိသူများဖြစ်ခြင်းကြောင့် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းတွင် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကို ပိုမိုရရှိလျက်ရှိသည်ကို သိရှိရပါကြောင်း၊ အချို့ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်တက်ရောက်နေစဉ်မှာပင် ပြည်ပ တက္ကသိုလ် များမှ ကာလတို၊ ကာလရှည် ပညာသင်ဆုများကိုရရှိပြီး သွားရောက်ပညာဆည်းပူးနိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိနေကြပါကြောင်း၊
ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်တို့တွင် ဘွဲ့ကြိုသင်တန်းများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်တက်ရောက်ခဲ့သူများသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ကုန်မှာ သင်တန်းပြီးမြောက်ခဲ့ပြီး BA ၊ B.Sc ဘွဲ့များကို ရရှိခဲ့ကြပြီး ဂုဏ်ထူးတန်းဘွဲ့သင်တန်းသို့ တက်ရောက်ကြသူများသည် ယခုပညာသင်နှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တတိယနှစ် ဂုဏ်ထူးတန်းကို တက်ရောက်ပညာသင်ယူလျက်ရှိကြပါကြောင်းနှင့် အချို့သူများသည် မဟာဘွဲ့ သင်တန်းများကို ဆက်လက်တက်ရောက်ပညာသင်ယူလျက်ရှိပါကြောင်း၊ ဥပဒေဘာသာရပ် ကျောင်းသား ကျောင်းသူများ၏ ပညာသင်နှစ်သည် ငါးနှစ်ဖြစ်သည့်အတွက် နောက်ဆုံးနှစ်တွင် တက်ရောက်ပညာသင်ယူနေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များသာမက အခြားဝိဇ္ဇာသိပ္ပံတက္ကသိုလ်များရှိ ကျောင်းသားကျောင်းသူများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ ဓာတ်ခွဲခန်း သုံးစက်ပစ္စည်းကိရိယာများကို ခွင့်ပြုဘဏ္ဏာငွေရရှိမှုအပေါ်မှာမူတည်ပြီး ကျောင်းသားကျောင်းသူ ငါးဦးလျှင် တစ်စုံနှုန်းဖြင့် လက်တွေ့လုပ်ဆောင်မှုများကို ပြုလုပ်နိုင်ရေးအတွက်က ဦးစားပေး အစီအစဉ်အလိုက် ဖြည့်ဆည်းစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာသင်ခန်းများ၊ လက်တွေ့ ဓာတ်ခွဲခန်းများ၊ စာကြည့်တိုက်များ၊ အိပ်ဆောင်များကိုလည်း တိုးချဲ့စီစဉ် ဖြည့်ဆည်း ပေးလျက် ရှိပါကြောင်း၊
ကျောင်းသားကျောင်းသူများ ပညာသင်ယူနေစဉ်ကာလအတွင်း ဆက်သွယ်ပြောဆိုမှု၊ နက်နက် နဲနဲ ပိုမိုသင်ယူနိုင်ရေး(Deep Learning)၊ အခြေခံသုတေသန(Basic Research) အတွေ့အကြုံ ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြန်မာစာနှင့်အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာပြိုင်ပွဲများ၊ စကားရည် လုပွဲများ၊ သိပ္ပံပြပွဲများ၊ ပြိုင်ပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများကိုလည်း စီစဉ်ပြုလုပ်ပေးလျက် ရှိပြီး ဆုများလည်း ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊
နိုင်ငံတကာတက္ကသိုလ်များက ပညာရှင်များ၊ ဧည့်ပါမောက္ခများ လာရောက်ပို့ချခြင်း ICT စွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပြင်ပကုမ္ပဏီများ ဥပမာ- Samsung ကလာရောက်ပြီး သင်တန်းပို့ချခြင်း၊ Mobile Application Program များ ပြုလုပ်၍ယှဉ်ပြိုင်စေခြင်း၊ ထူးချွန်သူများကို ဆုချီးမြှင့်ခြင်း များကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများ အတွေ့ အကြုံ ကောင်းများရရှိစေရန်နှင့် စိတ်အားထက်သန်မှု မြင့်တက်စေရန်ရည်ရွယ်ပြီး ပြင်ပမှ အောင်မြင်နေသော စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး ဟောပြောပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ပေးခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ပေးခဲ့သည့်အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် စိတ်အားထက်သန်မှု မြင့်တက်ပြီး မိမိဘာသာရပ်၊ တက္ကသိုလ်နှင့် နိုင်ငံကိုပိုမိုချစ်မြတ်နိုးစိတ်၊ ဘွဲ့ရလုပ်ငန်းလုပ်ကိုင်လိုမှု၊ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်လိုမှု ပိုမိုတိုးမြှင့်ရရှိလာ၍ အခွင့်အလမ်းလည်းမြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲများကို ဖိတ်ကြားဆောင်ရွက်ပေးသကဲ့သို့ ဧည့်ပါမောက္ခ သင်ကြားပို့ချခြင်းအစီအစဉ်များကိုလည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်စေပြီး ဆုရရှိလာသည့် ကျောင်းသားကျောင်းသူများကိုလည်း ပြည်တွင်းတွင် ဆုချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနမှ နိုင်ငံတကာတက္ကသိုလ်များအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ Type Project ကို ၂၀၁၆ ခုနှစ်စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ရာ ဤ Project တွင်လည်း ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် အဝေးသင်တက္ကသိုလ်များမှ ဘွဲ့ရရှိမည့် ကျောင်းသားကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာစေရန် ပြင်ဆင်မှု များပြုလုပ်ခြင်း၊ သင်ရိုးညွှန်းတမ်းများပြုပြင်ရေးဆွဲခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ ဆွေးနွေးဟောပြောခြင်းစသည့်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ၁၆ ဦး ဆုရရှိခဲ့သည့်အနက် ကျောင်းသား (၂)ဦးသည် Aid Model ASEM မှလည်းကောင်း၊ ကျောင်းသား ၃ ဦးသည် China Myanmar Innovation and Intrapreneurship Competition ပြိုင်ပွဲ သင်္ချာပြိုင်ပွဲမှလည်းကောင်း ဆုများအသီးသီးရရှိလာပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်တို့ရှိ ဘာသာရပ်အသီးသီးသည် မိမိတို့ ဌာနများမှဘွဲ့ရရှိခဲ့သည့် ကျောင်းသားကျောင်းသူများ အလုပ် အကိုင်ရရှိမှုကို လေ့လာသုတေသန ပြုလုပ်ရန် ပြင်ဆင်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် အချို့သောဘာသာရပ်တို့မှ နောက်ဆုံးနှစ် တက်ရောက်နေသော ကျောင်းသားကျောင်းသူများကိုပါ နိုင်ငံတကာအဖွဲ့အစည်းများမှ ကြိုတင် အလုပ်အကိုင် ကမ်းလှမ်းမှုများရှိသည်ကိုလည်းသိရှိရပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်မှရရှိသည့် ရိုးရိုးဘွဲ့ဒီဂရီအမျိုးအစားများသည် အခြားဝိဇ္ဇာသိပ္ပံ တက္ကသိုလ် များမှ ပေးအပ် ချီးမြှင့်လျက်ရှိသော ဘွဲ့နှင့် တူညီပါကြောင်းပြန်လည်ဖြေကြားပါသည်။
