ဘားအံစက်မှုဇုန်ကို ၂၀၁၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စက်မှုဇုန်၏ မြေနေရာသည် မြေဧက မြေ လွတ်၊ မြေရိုင်းများဖြင့် ၉၀၃.၄၈ ဧကနှင့် လယ်မြေဧက ၆၅.၅၂ ဧက ပါဝင်နေပါသဖြင့် လယ်မြေကိစ္စနှင့်ပတ်သက်၍ လယ်သမားများ၏ နစ်နာချက်များကို ပြည်သူ့လွှတ်တော် သို့ တင်ပြရာတွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေး ကော်မရှင်အဖွဲ့မှ အဖွဲ့ (၉) သည် ၁၇-၉-၂၀၁၂ ရက်နေ့တွင် ဘားအံခရိုင် အစည်းအဝေးခန်းမတွင် လယ်သမားများကို ခေါ်ယူမေးမြန်းခဲ့ပါကြောင်း၊ ထို့အပြင် လယ်ယာမြေကို စုံစမ်းမေးမြန်းခဲ့စဉ်က ဥက္ကဋ္ဌဟောင်းကို ဖိတ်ကြားမေးမြန်းခဲ့ရာတွင် ဤလယ်မြေများ သည် ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်ကနယ်မြေဒေသ အေးချမ်းမှုမရှိသည့် အတွက်ကြောင့် ပြလေးပြစနစ်ကိုကျင့်သုံးခဲ့ပြီး အစိုးရမှ (ပလဖ) မြန်မာ့နှစ်ရှည်ပင် လုပ်ငန်း ဆောင်ရွက်ရန် သိမ်းယူခဲ့ပါကြောင်း။
သို့သော် တရားဝင်သိမ်းဆည်းခွင့်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသည့်အပြင် လယ်မြေများကို (ပလဖ) ဝန်ထမ်းများမှ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိခဲ့ပါကြောင်၊ စိုက်ပျိုးလုပ်ကိုင်မှု မရှိသည့် အတွက်ကြောင့် တပ်မတော်အစိုးရလက်ထက်တွင် တောင်သူလယ်သမားများကို ပြန်လည်ခေါ်ယူပြီး လယ်ယာမြေ ကို ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပါကြောင်း၊ ထိုသို့ လုပ်ကိုင်ခွင့်ပေးရာ၌ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် လယ် သမားများကို ခေါ်ယူခဲ့ပါကြောင်း၊ လယ်သမားများနှင့်အတူ (ခရက) ဥက္ကဋ္ဌ၊ (ပလဖ) တာဝန်ခံ၊ ကျေးရွာဥက္ကဋ္ဌများ လည်း ပါဝင်ပါကြောင်း။
လယ်သမားများကို လယ်မြေအခွန်ထမ်းဆောင်ရာတွင် ပြန်လည်ပေးပါ့မည်ဟု ကတိကဝတ်ပေးခဲ့သော်လည်း လုပ်ပိုင်ခွင့်ပြေစာ ရရှိခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် လယ်သမားများက လယ်မြေကို ပြန်လည်လုပ်ကိုင်ခဲ့ သည်မှာ ၁၀ နှစ်တိုင် ကာလကျော်လာခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှ တပ်မတော် အစိုးရလက်ထက်တွင် လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိသကဲ့သို့ ယနေ့ခေတ်တွင် စက်မှုဇုန်ခေတ်နှင့်ဆိုပြီး ပြန်လည် သိမ်းဆည်းခံရခဲ့ပါကြောင်း၊ ၃၁-၁၂-၂၀၁၃ ရက်နေ့တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌမှ အမိန့်အမှတ် (၂/၂၀၁၃) ဖြင့် အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ အမိန့်တွင် (က) လယ်ယာမြေဥပဒေအခန်း (၁၂)၊ ပုဒ်မ ၉၊ အပိုဒ်ခွဲ (ဂ)အရ နှင်ထုတ်ခြင်းအမိန့်နှင့် လယ်မြေပေါ်မှ ထွက်ခွာပေးရန်၊ (ခ) လယ်ယာမြေဥပဒေပုဒ်မ အခန်း (၇)၊ ပုဒ်မ ၁၉၊ အပိုဒ်ခွဲ (ဃ) အရ လယ်မြေတွင် ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦများကို ဖယ်ရှားပေးရန် ထိုအမိန့်ကို ၁-၁-၂၀၁၄ ရက်နေ့မှ ၁၅-၁-၂၀၁၄ ရက်နေ့အထိ ၁၅ ရက် အတွင်း လိုက်နာဆောင်ရွက်ရန်၊ ထိုအမိန့်ကို လိုက်နာဆောင်ရွက်ရန်မရှိပါက သို့မဟုတ် သတ်မှတ်ရက် ကျော်လွန်ပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် လယ်သမားများသည် ဘိုးဘွားပိုင်မြေများကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် သိမ်းခဲ့ပြီး တပ်မတော်အစိုးရလက်ထက်တွင် ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပါကြောင်း၊ ယခုဒီမိုကရေစီခေတ်ရောက်မှ ၎င်းတို့ပိုင် ဆိုင်သောလယ်မြေများ၊ ပူးပေါင်းပိုင်မြေများကို လုပ်ကိုင်ခွင်မရရှိတော့ဘဲ စက်မှုဇုန်မြေအဖြစ် ပြန်လည် သတ်မှတ်ခြင်းသည် လယ်သမားများအတွက် အခွင့်အရေး နစ်နာကြေးတစ်စုံတစ်ရာ ရရှိခံစားခွင့်ပေးရန် ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
ဘားအံစက်မှုဇုန်သည် ဘားအံမြို့မှ (၇) မိုင်ခန့်အကွာ ၊ ဘားအံ-လှိုင်းဘွဲ့ကားလမ်း နံဘေး၊ မိဇံကျေးရွာနှင့် စံဖရီးကျေးရွာကြားတွင် တည်ရှိပြီး မြေဧရိယာ ၁၀၀၅.၇၅ ဧက ကျယ်ဝန်းပါကြောင်း၊ ဘားအံစက်မှုဇုန်မြေသည် ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၀၉၈-က) မြေရိုင်း ၄၅၉.၈၆ ဧက၊ စံဖရီးကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၀၉၈-ခ) မှ မြေရိုင်း ၄၀၅.၈၉ ဧကနှင့် လယ်မြေ ၅၇ ဧက၊ မိဇံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၀၉၆-ခ)မှ မြေရိုင်း ၇၄.၄၈ ဧကနှင့် လယ်မြေ ၈.၅၂ ဧက စုစုပေါင်းမြေရိုင်း ၉၄၀.၂၃ ဧကနှင့် လယ်မြေ ၆၅.၅၂ ဧက ဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာများသည် ၁၉၈၅ ခုနှစ် မတိုင်မီအချိန်က မည်သူမျှ စိုက်ပျိုးလုပ် ကိုင်မှုမရှိသော မြေများဖြစ်ခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန်နှင့် နှစ်ရှည်သီးနှံ ရော်ဘာနှင့် သီဟိုဠ်စိုက်ပျိုးမှုများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့ကောင်စီ၏ အဆိုပြုတင်ပြမှုအရ လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၊ ပြည်သူ့လုပ်အား နေရာချထားရေးအဖွဲ့က ၁၉၈၅ ခုနှစ်မှစ၍ ရော်ဘာနှင့် သီဟိုဠ်ခြံများ တည်ထောင်ခဲ့ပါကြောင်း။
ပြည်သူ့လုပ်အားနေရာချထားရေးအဖွဲ့က ရော်ဘာနှင့်သီဟိုဠ်ခြံအဖြစ် အသုံးပြုခဲ့သောမြေရိုင်း ၉၄၀.၂၃ ဧက နှင့် လယ်မြေ ၆၅.၅၂ ဧကတို့အား ၁၉၉၅ ခုနှစ် မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ၎င်းမြေဧရိယာအနက် မြေ ၉၆၉.၀ ဧကကို ၂၀၀၄ ခုနှစ်တွင် မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ စက်မှုဝန်ကြီးဌာန ယခင်အမှတ် (၂) စက်မှုဝန်ကြီးဌာနသို့ မြေဧရိယာ ၉၆၉ ဧကကို ထပ်မံလွှဲပြောင်းပေးခဲ့သဖြင့် စက်မှုဝန်ကြီးဌာနသည် ရော်ဘာနှင့် သီဟိုဠ်ခြံမြေအဖြစ် ဆက်လက်အသုံး ပြုခဲ့ပါတယ်။
နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ၂၀၁၁ ခုနှစ်တွင် ဘားအံစက်မှုဇုန်အဖြစ် တည်ထောင်နိုင်ရန် အဆိုပါမြေ ၉၆၉ ဧကကို စက်မှုဝန်ကြီးဌာနသည် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ကရင်ပြည်နယ်အစိုးရသည် စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းပေးခဲ့သော မြေနေရာအား ဘားအံစက်မှုဇုန် တည်ထောင်ရန် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့မှ နာယကများ အဖြစ် ဆောင်ရွက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဖွဲ့ဝင် ၃၄ ဦးပါ စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စက်မှုဇုန်ဖော်ထုတ်ခြင်း လုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုပါစက်မှုဇုန်မြေနေရာအား စက်မှုဇုန်အကွက်များဖော်ထုတ်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ လျှပ်စစ် မီးတိုင်များ စိုက်ထူ၍ မီးကြိုးများသွယ်တန်းခြင်းတို့ ဆောင်ရွက်စဉ် မြေဧက ၆၅.၅၂ ဧကတွင် စိုက်ပျိုး လုပ်ကိုင်လျက်ရှိသော လူပုဂ္ဂိုလ် ၁၈ ဦးမှ ကန့်ကွက်တင်ပြမှုများ ပြုလုပ်လာသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာဌာနများဖြင့် စုံစမ်း စိစစ်မှုများ ပြုလုပ်ခဲ့ရာ ကန့်ကွက်တင်ပြသူများသည် ပြည်သူ့လုပ်အား နေရာချထားရေးအဖွဲ့ လုပ်ကိုင်ခြင်းမပြုမီ၊ ၁၉၈၅ ခုမတိုင်မီအချိန်က လုပ်ကိုင်ခဲ့ဖူးသောတောင်သူများ၏ ဆွေမျိုးသားချင်းတော်စပ် ပတ်သက်ကြသူများ ပါရှိသကဲ့သို့ ပတ်သက်ဆက်စပ်ခြင်း၊ ဆွေမျိုးတော်စပ်ခြင်း မရှိသူများလည်းပါဝင်ကြပြီး ၂၀၀၄ ခုနှစ်တွင် ကရင်ပြည်နယ် ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးစိုက်ဧက တိုးတက်ရေးဆောင်ရွက်မှု အစီအမံအရ အဆိုပါလယ်မြေ ၆၅.၅၂ ဧကတွင် လုပ်ကိုင်လိုကြောင်း တင်ပြမှုအပေါ် ဒေသအုပ်ချုပ်ရေးအဖွဲ့များက စက်မှုဝန်ကြီးဌာန၊ ရော်ဘာခြံနှင့် သီဟိုဠ်ခြံတို့မှ တာဝန်ရှိသူများ နှင့် ညှိနှိုင်း၍ လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း ၎င်းတို့သည် နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်ရခြင်းမဟုတ်ဘဲ ရာသီဥတု အခြေအနေပေးမှုအပေါ် မူတည်၍သာ စိုက်ပျိုးခဲ့ကြသူများ ဖြစ်ပါကြောင်း။
စက်မှုဇုန်တည်ဆောက်ခြင်းကို ကန့်ကွက်တင်ပြကြသည့် လယ်မြေ ၆၅.၅၂ ဧကတွင် လုပ်ကိုင်ခဲ့သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့က ကျေးရွာအရောက် သွားရောက် တွေ့ဆုံ၍ စက်မှုဇုန်တည်ဆောက်ရခြင်းရည်ရွယ်ချက်၊ စက်မှုဇုန်ဖြစ်ပေါ်လာပါက ရရှိနိုင်သည့် အကျိုးရလဒ်များ နှင့် ၎င်းလယ်မြေတွင် လုပ်ကိုင်ခဲ့သူများအတွက် နစ်နာမှုမရှိစေရန် ဆောင်ရွက်ထားသည့် အစီအမံများကို သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါကြောင်း၊ သို့သော် အဆိုပါပုဂ္ဂိုလ်များသည် လက်ခံလိုက်နာမှုမရှိဘဲ လယ်မြေများအတွင်း ဝင်ရောက်စိုက်ပျိုးမှုများ ပြုလုပ်ခဲ့သဖြင့် စက်မှုဇုန် လမ်း ဖောက် လုပ်ခြင်း၊ မီးတိုင်မီးကြိုးများ စိုက်ထူသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် မြေနေရာအဖြစ် ဖော်ထုတ်နိုင်မှုမရှိဘဲ မူလအတိုင်း လယ်မြေအဖြစ် တည်ရှိပြီး၊ ယခုနှစ် မိုးစပါးရာသီအထိ ၎င်းတို့မှ စပါးစိုက်ပျိုးလျက်ရှိနေပါကြောင်း။
အဆိုပါလယ်မြေ ၆၅.၅၂ ဧကကို လုပ်ကိုင်ကြသူများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် စက်မှု ဇုန်ကြီးကြပ်ရေး ကော်မတီ၏ မြေယာဥပဒေနှင့်အညီ စက်မှုဇုန်မြေအဖြစ် ပြောင်းလဲဖော်ဆောင်ရေး လုပ်ငန်း သည် ပြီးပြတ်မှုမရှိဘဲ နှောင့်နှေးတုံံ့ဆိုင်းလျက်ရှိနေစဉ် စိုက်ပျိုးလုပ်ကိုင်သူအချို့သည် ၎င်းလယ်ကွက်များတွင် ခြံစည်းရိုးကာရံခြင်း၊ အခိုင်အမာနေအိမ်များ ဆောက်လုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လာခြင်းကို တွေ့ရှိရ ပါကြောင်း။
ထိုသို့ဆောင်ရွက်လာခြင်းသည် စိုက်ပျိုးလုပ်ကိုင်လို၍ စက်မှုဇုန်တည်ဆောက်မှုကို ကန့်ကွက်ခြင်းမဟုတ်ဘဲ စက်မှုဇုန်တည်ဆောက်ခြင်းကြောင့် မြေတန်ဖိုး မြင့်တက်လာမည့်အကျိုးကို မျှော်ကိုး၍ ကန့်ကွက် တင်ပြခြင်း ဖြစ်ကြောင်း ထင်ရှားပေါ်လွင်သဖြင့် တည်ဆဲလယ်မြေဥပဒေအရ၊ နေအိမ်၊ အိမ်ရာအဆောက်အဦ များအား ဖျက်သိမ်းဖယ်ရှားပေးရန် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါကြောင်း။
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီသည် စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းပေးခဲ့ သည့် ရော်ဘာနှင့် သီဟိုဠ်ခြံမြေ ၉၆၉ ဧကအပါအဝင် မြေရိုင်း ၉၄၀.၂၃ ဧက နှင့် လယ်မြေ ၆၅.၅၂ ဧကအား စက်မှုဇုန်တည်ထောင်ခြင်းကြောင့် လယ်ယာများ၌ စိုက်ပျိုးလုပ်ကိုင်ခဲ့သူများ နစ်နာမှုမရှိစေရေးအတွက် လည်းကောင်း၊ ပေါ်ပေါက်လာမည့် စက်မှုဇုန်များအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများသို့ အခြားသောဒေသမှ လာရောက်လုပ်ကိုင်ကြသူများ၏ အခက်အခဲကို ဖြေရှင်းပေးနိုင်ရန်အတွက်လည်ကောင်း၊ မြေနေရာ ချထားပေးနိုင်ရန် စက်မှုဇုန်နှင့် အနီးတဝိုက် ဆက်စပ်ဧရိယာတွင် စက်မှုဇုန်လုပ်သားကျေးရွာ ထူထောင်မည့် မြေနေရာကို မူလက စီမံထားရှိပြီး ဖြစ်သည့်အပြင် လယ်မြေလုပ်ကိုင်မှု စွန့်လွှတ်ရသူများအနေဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လိုပါက သင့်တော်သော အလုပ်အကိုင်ရရှိရေး ပေါင်းစပ်ညှိနှိုင်းသည်အထိ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရန် စီမံထားရှိပါကြောင်း ဖြေကြားပါသည်။
ဒေါ်နန်းစေအွာ(ဘားအံ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
တောင်သူလယ်သမားများအတွက် အခွင့်အရေးနစ်နာကြေးအနေဖြင့် တစ်စုံတစ်ရာရရှိရန်ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
လယ်ယာမြေများသည် ယခင်က အခြေအနေအရ ယာယီစိုက်ပျိုးရန်ပေးခဲ့ပြီး အဆင့်ဆင့် လွှဲပြောင်းပြီး ရယူလာခဲ့သော လယ်မြေများဖြစ်ပါကြောင်း၊ မိမိတို့ စက်မှုဝန်ကြီးဌာနသည် ကရင်ပြည်နယ် အစိုးရအဖွဲ့ကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးသူများအတွက် အလုပ်အကိုင်ရေး၊ နေအိမ်ရရှိရေး ကို စက်မှုဇုန်အလုပ်အကိုင်များထဲမှ အလုပ်အကိုင်ရရှိရေးနှင့် အိမ်နေရာရရှိရေးတို့ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ရုံးနှင့် ညှိနှိုင်းပြီး ပေးထားပါကြောင်း၊ မြေလျော်ကြေးကို စီမံဆောင်ရွက်ထား သည်မှာ မရှိပါကြောင်း ဖြေကြား ပါသည်။
