ပူတာအိုခရိုင်အတွင်းလိုအပ်မည့်ယန္တရား များဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၂၁.၈.၂၀၁၃)

ပူတာအိုခရိုင်သည် ယခုအချိန်ထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသ တစ်ခုဖြစ်ပြီး မြို့နယ်ချင်း ဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများကို အသစ်ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသော်လည်း ၂၀၁၂-၁၃ ခု ဘဏ္ဍာရေးနှစ်တွင် စတင်ပေးခဲ့သော ပူတာအို-မချမ်းဘော-နောင်မွန်း ကားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှာ ယခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နှစ်ဝက် အထိ ပြီးစီးခြင်းမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့နှောက်နှေးနေရခြင်းမှာ သက်ဆိုင်ရာ/ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် အားနည်းခြင်းကြောင့်မဟုတ်ဘဲ လုပ်ငန်းသုံးယန္တရားများ လုံလောက်မှု မရှိခြင်းကြောင့်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပူတာအိုခရိုင်တွင် အမှန်တကယ်လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးဌာနသုံး ယန္တရားများကို သက်ဆိုင်ရာမှ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် ဖြည့်ဆည်းပေးမည်ဆိုပါက မည်သည့်ယန္တရားအမျိုးအစားများကို မည်သည့်အချိန်တွင် ဖြည့်ဆည်းပေးမည် ကိုသိရှိလို ပါကြောင်း မေးမြန်း ပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ မချမ်းဘော-ဖရုခ-နောင်မွန်းလမ်းသည် ၆၄ မိုင် ရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်သည့်အတွက် စက်/ယာဉ် ယန္တရားများနှင့် စက်သုံးဆီများကို မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကို အသုံးပြုပြီး သယ်ယူပို့ဆောင်ရပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် နယ်မြေ အခြေအနေအရ ဌာနပိုင်ယာဉ်/ယန္တရား ၂၂ စင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အတွက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တပ်မတော်စစ်ကြောင်းနှင့်အတူ  ပူတာအိုလမ်းကြောင်း ဖွင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် လမ်းကြောင်းပွင့်ခဲ့ရာ မချမ်းဘော-ဖရုခ-နောင်မွန်းလမ်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်  စက်/ယာဉ် ယန္တရားနှင့် စက်သုံးဆီများကို သယ်ပို့ပေးနိုင်ခဲ့ပြီး လမ်းအတွက်လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

လက်ရှိတွင် ပူတာအိုခရိုင်အတွင်း မြေထိုးစက် ၁ စီး၊ မြေညှိစက် ၁ စီး၊ မြေတင်စက် ၁ စီး၊ မြေတူးစက် ၂ စီး၊ လမ်းကြိတ်စက် ၅ စီး တို့နှင့်အတူ လမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မချမ်းဘော-ဖရုခ-နောင်မွန်းလမ်းကို မြေညှိစက် ၁ စီး၊ မြေတူးစက် ၁ စီး၊ မြေတင်စက် ၁ စီး တို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လာမည့် ပွင့်လင်းရာသီတွင် စက်/ယာဉ် ယန္တရားများ ထပ်မံဖြည့်ဆည်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။