GSM,CDMA Sim Cardများခွဲဝေချထားပေး မှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၄.၁၁.၂၀၁၃)

ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကြီး ၁ ခုနှင့် မြို့နယ်ခွဲ ၂ ခု ရှိပါသည်။ မြို့နယ်ကြီး တွင် GSM Sim Card နှင့် CDMA-450 Sim Card ကို အသုံးပြု၍ ရပြီး မြို့နယ်ခွဲ ၂ ခုတွင် CDMA-450 Sim Card သာအသုံးပြု၍ရပါကြောင်း၊ Sim Card များ ခွဲဝေချထားရာတွင် GSM Sim Card များ သုံးစွဲ၍မရသော မြို့နယ်ခွဲ ၂ ခုတွင်ပါ GSM Sim Cardများခွဲဝေချထားပေးသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ မိမိအမြင် အရအောက်ခြေ ပြည်သူလူထုနှင့် နီးစပ်သောအဖွဲ့အစည်းမှ လူထုအတွေးနှင့် မကိုက် ညီသော ကိစ္စရပ်များကို သက်ဆိုင်ရာ အထက်အဖွဲ့အစည်း သို့ ပြန်လည်တင်ပြ သင့်သည်ဟု ယူဆပါကြောင်း၊ ထို့ပြင်  မလိုလားအပ်သောမှာင်ခိုဈေးကွက် များ ပေါ်ပေါက်စေနိုင်ပါကြောင်း၊ GSM Sim Card အသုံးပြု၍ မရသော နေရာများကို ခွဲဝေချထားရာတွင် အောက်ခြေ၌ ကြီးကြပ်ရသော မြို့နယ်အဆင့်တာဝန်ရှိသူ၏ လုပ်ရပ်များမှာ မှန်ကန်မှု ရှိ/မရှိ၊ အကယ်၍ မှန်ကန်မှုရှိုပါက  ယခင် CDMA -800 အသုံးပြု၍မရစဉ်က မည်သည့်အတွက် ဘုတ်ပြင်းနှင့် သက်ဆိုင်ရာမြို့နယ်ခွဲ ၂ ခုကို ခွဲဝေချထားခြင်းမပြုပါသလဲ။ အကယ်၍ မှန်ကန်မှုနှင့် လိုက်လျောညီထွေမှုမရှိပါက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပြီး မည်ကဲ့သို့တာဝန်ယူမှုများရှိမည်ကို သိလိုကြောင်း မေးမြန်းပါသည်၊

အဖြေ

မိမိတို့ ထုတ်ဝေပေးခဲ့သည့် MEC Tel CDMA-800MHz ရေဒီယိုစခန်းမှာ ထားဝယ်မြို့တွင် ၁ခုနှင့် မြိတ်မြို့တွင် ၂ခု ရှိပါကြောင်း၊ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း GSM စခန်း ၃၄ ခုကို ထားဝယ်မြို့ ၅ နေရာ၊ ရေဖြူမြို့ ၂ နေရာ၊ လောင်းလုံ ၃ နေရာ၊ သရက်ချောင်း ၂ နေရာ၊ မြိတ်မြို့ ၁၀ နေရာ၊ ကျွန်းစုမြို့နယ် ၁ နေရာ၊ ပုလော ၂ နေရာ၊ တနင်္သာရီမြို့ ၂ နေရာ၊ ကော့သောင်း ၅ နေရာ၊ ဘုတ်ပြင်း ၁ နေရာ နှင့် ပလောက်မြို့နယ်ခွဲတွင် ၁ နေရာတို့ကို တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

၎င်းရေဒီယိုစခန်းများတွင် အသုံးပြုနိုင်မည့် လိုင်းအင်အား၊ လက်ရှိသုံးစွဲနေမှု အခြေအနေ၊ ထပ်မံတပ်ဆင်ပေးနိုင်မည့် လိုင်းအင်အား စသည်တို့ကို တွက်ချက်ပြီး တန်ဘိုးနည်း မိုဘိုင်းတယ်လီဖုန်း Sim Card များ အသုံးပြုနိုင်ရန် တနင်္သာရီ တိုင်းဒေသကြီးအတွက် ၂၀၁၃ခုနှစ်၊ ဧပြီလတွင် MEC Tel 800MHz Sim Card (၄၃၅၀)ကတ်၊ မေလတွင် MEC Tel 800MHz Sim Card (၁၅၀၀)ကတ်၊ ဇွန်လတွင် MEC Tel 800MHz Sim Card (၁၃၅၀)ကတ်၊ ဇူလိုင်လတွင် MEC Tel 800MHz Sim Card (၁၅၀၀)ကတ်နှင့် GSM Tel Sim Card (၃၀၀၀)ကတ်၊ သြဂုတ်လတွင် MEC Tel 800MHz Sim Card(၂၀၀၀)ကတ်၊ GSM Tel Sim Card(၆၀၀၀)ကတ်နှင့် စက်တင်ဘာလတွင် MEC Tel 800MHz Sim Card(၁၂၀၀)ကတ်၊ WCDMA Tel Sim Card(၉၀၀)ကတ်နှင့် GSM Tel Sim Card (၄၁၀၀)ကတ်၊ စုစုပေါင်း MEC Tel 800MHz Sim Card (၁၁၉၀၀)ကတ်၊ WCDMA Tel Sim Card(၉၀၀)ကတ်နှင့် GSM Tel Sim Card (၁၃၁၀၀)ကတ်တို့ကို ခွဲဝေပေးခဲ့ပြီးဖြစ်ပါကြောင်း။

တန်ဘိုးနည်း မိုဘိုင်းတယ်လီဖုန်း Sim Card များကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှတဆင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ စီစဉ်ကြီးကြပ်မှု နှင့် ခွဲဝေရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက် ၂၀၁၃ခုနှစ်၊ ဧပြီ၊ မေနှင့် ဇွန်လများ၌ Sim Card များခွဲဝေပေးခဲ့ရာတွင် ရရှိသောကတ်အရေအတွက် နည်းနေ၍ တယ်လီဖုန်း ဆက်သွယ်ပြောဆိုနိုင်သော ထားဝယ်နှင့် မြိတ်မြို့တွင်သာ ခွဲဝေချထားပေးခဲ့သောကြောင့် တန်ဘိုးနည်းဖုန်းများ မရရှိသော ကျန်မြို့နယ်အသီးသီးမှ ပြည်သူများက ဖုန်းကတ်ရယူလိုကြောင်း တောင်းဆိုမှုများ မကြာခဏ တင်ပြခဲ့ သည်ဟု သိရပါကြောင်း။

ဇူလိုင်လမှစတင်၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးကို GSM Sim Card များ သတ်မှတ်ခွဲဝေချထား ပေးရခြင်းမှာ GSM ဖုန်းများသည် လိုင်းမိသည့် နေရာတိုင်းတွင် ပြောဆိုနိုင်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ အခါ အားလျော်စွာတာဝန်အရ သို့မဟုတ် စီးပွားရေး၊ လူမှုရေးအရ၊  မြို့ပေါ်ဒေသ တယ်လီဖုန်းဆက်သွယ်၍ ရသောနေရာများသို့ သွားလာနေရသူများဖြစ်သည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ ကိုလည်း ခွဲဝေရောင်းချပေးခဲ့ပါကြောင်း၊ တယ်လီဖုန်းလိုင်း မမိသော ဒေသများရှိ ဌာနဆိုင်ရာများနှင့် ပြည်သူ လူထုကို ခွဲဝေရောင်းချပေးရာတွင် အဆိုပါ GSM Sim Card များနှင့် စပ်လျဉ်းသည့် ငွေဖြည့်နည်းများ၊ သတ်မှတ်ချိန်၊ သတ်မှတ်ကာလများ၊ ဆောင်ရွက်ရမည့် နည်းစနစ်များနှင့် သက်ဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားပြီးမှ ရောင်းချပေးခြင်းဖြစ်ပါကြောင်း၊ ဝယ်ယူရန်ဆန္ဒမရှိသည့် ပြည်သူလူထုမှ မြို့နယ်အုပ် ချုပ်ရေးမှူးထံ ပြန်လည်အပ်နှံပြီး မြို့ပေါ်၊ ရပ်ကွက်များသို့ ခွဲဝေရောင်းချပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားပါသည်။