(ဂ)-ရသေ့တောင်မြို့နယ်၊ မြို့မ အ.ထ.က(ခွဲ) အတွက် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဥၤးသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၅.၁၀.၂၀၁၃)

ရသေ့တောင်မြို့ပေါ်ရှိ အ-လ-က ကျောင်းကို ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ အ-ထ-က(ခွဲ)အဖြစ်တိုးမြှင့်ပေးခဲ့ပြီး ကျောင်းသား ကျောင်းသူဦးရေသည် မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ စုစုပေါင်း ၇၀၀ ကျော်ရှိပါကြောင်း၊ စာသင်ခန်းနှင့် ကျောင်းသား ဦးရေ လုံလောက်မျှတမှုမရသည့်အတွက် ပညာသင်ကြားရာတွင် အလွန်ခက်ခဲနေသည့် အပြင် ကျောင်းအဆင့် တိုးပေးလိုက်သည့်အတွက် ဝိဇ္ဇာဘာသာရပ်သင်ကြားသည့် ဆရာဆရာမများ သာရှိပြီး သိပ္ပံပညာရပ်သင်ကြားမည့် ဆရာဆရာမများမရှိသည့် အတွက် အခက်အခဲများ ကြုံတွေ့နေပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကူညီဆောင် ရွက် ပေးစေချင်ပါကြောင်း၊  ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ပိုမိုများပြားလာမည်ဖြစ်သည့်အတွက် အတန်းခွဲများကိုတိုးချဲ့ရန် လိုအပ်နေပါ၍ ရသေ့တောင်၊ မြို့မ အ-လ-က ကျောင်းမှ အ-ထ-က(ခွဲ) အတွက် ကျောင်းဆောင် သစ် ဆောက်လုပ်ပေးရန် လိုအပ်နေသောကြောင့် ကျောင်းဆောင် သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ်နှင့် တည်ဆောက် မည့်  ကျောင်းဆောင်သစ်စာရင်းကို လျာထားပြုစုပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မြို့မ အ-ထ-က (ခွဲ) အတွက် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် လျာထားသော်လည်း ထိုသို့လျာ ထားသည့်စာရင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာန ဘဏ္ဍာရေးကော်မရှင်နှင့် လွှတ်တော်တို့ကို တင်ပြပြီး စိစစ် အတည်ပြုခြင်းကို ခံယူရ မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ တင်ပြလျာထားချက်ကို အတည်ပြုခြင်းခံရပါက ရသေ့တောင်မြို့နယ်၊ မြို့မ အ-ထ-က (ခွဲ) အတွက် ကျောင်းဆောင်သစ်တစ်ဆောင်ကို  ၂၀၁၄-၁၅ ပညာသင်နှစ်အတွင်း ဘဏ္ဍာရေးငွေ ခွဲဝေပေးရန်အစီအစဉ်ရှိပါကြောင်း ဖြေကြားပါသည်။