မိမိတို့ နယ်မြေသည် ရေလိုအပ်ချက်ရှိသည်နှင့်အညီ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပြည်ထောင်စုအဖွဲ့က ချထားပေးသော ရေတူးတွင်း ၆ တွင်းရှိပါကြောင်း၊ သို့သော် ရွာသာယာကြီးအုပ်စု၊ တောင်ယာ အလယ်ပိုင်းနှင့် ရွှေတဲ သဲကုန်း ကျေးရွာတို့တွင် စည်ပင်သာယာရေးဌာနနှင့် လူမှုကွန်ယက်အဖွဲ့များ၏ အကူအညီဖြင့် ရေတွင်းများ တူးပေးခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ဘဲ ငွေအရင်း အနှီးလုံလောက်မှသာတူး၍ ရနိုင်သည့် နေရာများဖြစ်ကြောင်း၊ ယခုလည်း သောက်ရေ သောက်နေရပါကြောင်း၊ သို့သော် ရေရှား ပါသော နွေရာသီတွင် ရေပြတ်ခြင်းများကြုံတွေ့ရသည့်အတွက် မီးရေးထင်းရေး ကိစ္စများတွင် အလွန်အန္တရာယ်ရှိနေသောကြောင့် ဒေသခံပြည်သူများက အရေးတယူ တူးပေးရန် တင်ပြလာကြပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ဌာနက ယင်းဒေသနှစ်ခုကို ယခု ဘဏ္ဍာနှစ် မဟုတ်သည့်တိုင် နောက် ဘဏ္ဍာနှစ်များတွင် တူးပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
သဲကုန်းမြို့နယ်ရှိ ရွာသာယာကြီးကျေးရွာအုပ်စု၊ တောင်ရွာကျေးရွာတွင် အိမ်ခြေအားဖြင့် ၄၇ အိမ်၊ လူဦးရေအားဖြင့် ၂၀၂ ဦး နေထိုင်ပြီး လက်ရှိရေသုံးစွဲမှုတွင် လက်နှိပ်တုံကင်တွင်း ၂ တွင်း နှင့်လက်တူးတွင်း ၂ တွင်းတို့မှ ရယူသုံးစွဲလျက် ရှိပါကြောင်း၊ ကျေးရွာ၏ မြောက်ဘက်ပိုင်းတွင် ဆည်မြောင်းမှ ပေးဝေသော ရေထွက်မြောင်း ရှိပြီး ကျေးရွာ၏တောင်ပိုင်းတွင် တွင်းတိမ် ၁ တွင်းသာ လိုအပ်သည့်အတွက် ထပ်မံတူးဖော်လိုခြင်း ဖြစ်ပါကြောင်း၊ အလားတူ ဇီးကုန်းကျေးရွာအုပ်စု၊ ရွှေတဲသဲကုန်းကျေးရွာတွင် အိမ်ခြေ ၂၂၇ အိမ်၊ လူဦးရေ ၈၆၆ ဦး ရှိပြီး့ လက်ရှိရေသုံးစွဲမှုတွင် စက်ရေတွင်း ၃ တွင်း၊ လက်တူး တွင်း ၁၄ တွင်းမှ ရယူသုံးစွဲလျက်ရှိပြီး နွေရာသီ အတွင်း၌ ရေလုံလောက်မှု မရှိသည့်အတွက် စက်ရေတွင်း ၁ တွင်း ထပ်မံတူးဖော်ပေးရန် လိုအပ်ခြင်းဖြစ်ပါကြောင်း၊ သဲကုန်းမြို့နယ် အတွင်းရှိ တောင်ရွာကျေးရွာတွင် တွင်းတိမ်တူးဖော်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ ဝ.၃၅ သန်း၊ ရွှေတဲ သဲကုန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ ၂.၉ သန်း စုစုပေါင်း ၃.၂၅ သန်းသာ ကုန်ကျမည် ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာနှစ်ရွာတို့တွင် ရေရရှိရေးအတွက် သဲကုန်းမြို့နယ် ကျေးလက် ဦးစီးဌာနမှ အင်ဂျင်နီယာများနှင့် မြို့နယ်အထောက်အကူပြု ကော်မတီများမှ ကွင်းဆင်း စစ်ဆေးပြီး၏ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြစေမည် ဖြစ် ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ လျာထားခြင်းတော့ မရှိသေးပါ ကြောင်း၊ သို့သော် ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားနိုင်ရေး အတွက် တွက်ချက်တင်ပြသွား မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
