မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသ တွင် နေထိုင်ကြရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးလက်ဒေ သနေပြည်သူများ၏ ကျန်းမားရေးနိမ့်ကျမှုအမြင့်မားဆုံး ရှိနေသည်ကို တွေ့ရှိ ရပါကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု မဆောင်ရွက်ပေးနိုင်သည်ကို ပြည်သူများက နားလည်သော်လည်း ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို အနီးကပ် တာဝန်ယူဆောင်ရွက် ပေးမည့် မြို့နယ်၊ မြို့နယ်ခွဲနှင့် တိုက်နယ်ဆေးရုံများ အချို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသောဆေး ပစ္စည်းကိရိယာများ၊ ဆရာဝန်နှင့်ဝန်ထမ်းများ၊ လက်တွေ့မကျဘဲမပြည့်မစုံ ဖြစ်နေသည် ကို ကျေး လက်နေပြည်သူများ ဝမ်းနည်းစွာခံစားနေရပါကြောင်း၊ မြို့ပြနှင့်ကျေး လက် ကျန်းမာရေးကွာဟမှုနည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်သွားရေး လုပ်ငန်း စဉ်များတွင် အဓိကအနီးကပ်ကြပ်မတ်ဦးဆောင်သွားမည့် မြို့နယ်၊ မြို့နယ်ခွဲနှင့် တိုက်နယ် ဆေးရုံများအချို့တွင် ဆေးပစ္စည်းနှင့်ကိရိယာများ၊ ဆရာဝန်များ၊ ဝန်ထမ်းများသည် ဖွဲ့စည်းပုံနှင့်လက်တွေ့ ကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊ မြို့ပြတစ်ခုနှင့်တစ်ခုသည်လည်း ကွာဟနေသည့် အတွက် ထိုဒေသအတွင်းရှိ နေထိုင်ကြသော ကျေးလက်နေပြည်သူများ၏ ကျန်းမားရေးစောင့်ရှောက်မှုသည်လည်း ပိုမိုအားနည်းနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိ မြို့ပြကို အခြေပြု၍ ကျေးလက်ကျန်းမာရေး ကွာဟမှု နည်းပါအောင် အဓိက အနီးကပ်ကြပ်မတ်ဦးဆောင်သွားမည့် မြို့နယ်၊ မြို့နယ်ခွဲနှင့် တိုက်နယ်ဆေးရုံများ အချို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းချမှတ်ထားသော လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆေးပစ္စည်းကိရိယာများ ဆရာဝန်များ၊ ဝန်ထမ်းများ မြို့ပြတစ်ခုစီတွင် ကွာဟလိုအပ်နေမှုများကို ဦးစွာဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို သိရှိ လိုပါကြောင်းမေးမြန်းပါသည်။
နိုင်ငံတော်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုဖြင့် ခရိုင် ၇၀၊ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်၊ မြို့နယ်ခွဲပေါင်း ၈၄ မြို့နယ်၊ မြို့ပေါင်း ၃၉၈ မြို့၊ ရပ်ကွက်ပေါင်း ၃၀၆၃ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၃၆၁၈ အုပ်စုနှင့် ကျေးရွာပေါင်း ၆၄၁၃၄ ရွာတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် လူဦးရေတိုးနှုန်းသည် ၁.၀၁ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံ၏ လူဦးရေသည် စုစုပေါင်း ၆၀.၃၈ သန်းရှိရာ ၇၀ ရာခိုင်နှုန်းသည် ကျေး လက်နေပြည်သူများဖြစ်ပါကြောင်း၊ကျန်းမာရေးဝန်ကြီးဌာနသည် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်အတွက် ကျန်းမာရေး အဆင့်အတန်း မြှင့် တင်နိုင်ရေး၊ ရောဂါကာကွယ်နှိမ်နင်းရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို သာတူညီမျှ ရရှိခံစားနိုင်ရန်အတွက် ကျန်းမာရေး ဆိုင်ရာအသုံးစရိတ်များကို တိုးမြှင့်သုံးစွဲလျက်ရှိပြီး ဆေးရုံများတွင် အရေးပေါ်ကုသမှု၊ မွေးမိခင်စောင့်ရှောက် မှုနှင့် ကလေးမွေးဖွားမှုများ၊ အချို့သောအထူးကုရောဂါလုပ်ငန်းများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာနသည် မြို့ပြနှင့်ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှု ကွာဟချက် လျော့နည်းစေရန် အတွက် ကျန်းမာရေးအသုံးစရိတ်ကို နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိရာ ၂၀၀၀-၀၁ ခု ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၇၆၈၈ သန်းရှိရာမှ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၃၉၂၁၉၇ သန်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၄၉၉၃၀၆ သန်းအထိ တိုးတက်သုံးစွဲနိုင်ခဲ့ပါကြောင်း၊
မြို့နယ်တိုင်းတွင် ကျေးလက်နေပြည်သူများအတွက် အနည်းဆုံး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံမှ နှစ်ရုံ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄ ခုမှ ၇ ခုတို့ဖြင့် ကျေးလက်နေပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ ၎င်းဒေသတွင် ဆေးဝါးများလိုအပ်ပါက အခမဲ့ကုသပေး နိုင် ရန်ထောက်ပံ့ပေးခဲ့ခြင်း၊ ကျေးလက်ကျန်းမာရေးဌာနတစ်ခုလျှင် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄ ခု အနည်းဆုံးထားရှိပြီး အခြေခံကျန်းမာရေးဝန်ထမ်းများဖြစ်သော လက်ထောက် ကျန်းမာရေးမှူးများ၊ အမျိုးသမီး ကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများက ကျေးလက်နေ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ယူဆောင်ရွက်လျက်ရှိခြင်း၊ ကျန်းမာရေးဌာနများ၏ ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအား တိုးချဲ့ခြင်းတို့ဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် ဆောင်ရွက် လျက်ရှိသည့်အပြင် ပြည်သူလူထုပါဝင် ပူးပေါင်းစေရန်အတွက် စေတနာဝန်ထမ်း ကျန်းမာရေး လုပ်သားများကို လည်း သင်တန်းပေး၍ ဝေးလံသောဒေသ များတွင် နေထိုင်သော ကျေး လက်နေပြည်သူများ ကို စောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများ၏ မိခင်၊ မွေးကင်စကလေးနှင့် ၅ နှစ်အောက် ကလေးများ အကျိုးခံစားခွင့် ပိုမိုရရှိနိုင်ရန်အတွက် နည်းလမ်းများရှာဖွေပြီး စွမ်းအားစုအရင်းအမြစ်များကို ပိုမို စိုက်ထုတ် သုံးစွဲနေသည့်အပြင် ကျောင်းသားကျောင်းသူတို့၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်နိုင်ရေးကိုလည်း ရည်ရွယ်၍ ကျန်းမာသောလူနေမှုဘဝ၊ ကျန်းမာရေးနှင့်ညီညွတ်သော အမှုအကျင့်များကို ခံယူကျင့် သုံးစေရန် ကျန်းမာရေးအဆင့်မြှင့် ကျောင်းအစီအစဉ်ကို ထည့်သွင်းရေးဆွဲလျက် ၁၉၉၆ ခုနှစ်မှစ၍ ကျောင်းများ၌ အသိပညာပေး လေ့ကျင့် သင်ကြားပေးလျက်ရှိ ပါကြောင်း၊ ပြည်သူ့ဆေးရုံ များ၌ ဆေးရုံ စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ဆေးရုံအဆင့်အလိုက် စံကိုက်ဆေးနှင့် ဆေးပစ္စည် ကိရိယာများ ဖြည့် ဆည်းပေးလျက်ရှိရာ ရန်ကုန်မြို့၊ ဗဟိုဆေးသိုလှောင်ရေးဌာနမှ ဆေးဝါးများဝယ်ယူ၍ နှစ်စဉ် တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ဖြည့်ဆည်းပေးသည့်အပြင် ဆေးဝါးများ အရေးပေါ်လိုအပ်ပါကလည်း ပြည်သူ့ဆေးရုံများ သို့ ထောက်ပံ့ လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၁၂-၂၀၁၃ ခုဘဏ္ဍာနှစ်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေး ဌာနများသို့ ဘဏ္ဍာငွေများအချိုးကျ ခွဲဝေပေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများမှ အစီအစဉ်ဖြင့် ဆေးဝါးဝယ်ယူရေးကော်မတီများဖွဲ့စည်းကာ တင်ဒါစနစ်ဖြင့် ဆေးဝါး များဝယ်ယူ၍ ခရိုင်၊ မြို့နယ်အဆင့်၊ တိုက်နယ် အဆင့်နှင့် ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများအတွက် ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးရုံများတွင် ထပ်မံလိုအပ်သော ဆေးရုံသုံးကိရိယာများကိုလုပ်ငန်း လိုအပ်ချက်နှင့် အညီစိစစ်လျက် ဦးစားပေးအစီအစဉ်အတိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိရာ ဆေးရုံသုံး ပစ္စည်းများလိုအပ်ပါက သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျက် မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ဆေးရုံအုပ်ကြီးများက တင်ပြပြီး သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် တင်ပြတောင်းခံလာပါက စိစစ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဆေးရုံအဆင့်နှင့်လျော်ညီစွာ စံကိုက်ဆေးရုံသုံးပစ္စည်းများအား နှစ်စဉ်ပြည့်ဝအောင် ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်နှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်များ၌ တိုးမြှင့် ရရှိခဲ့သော ရန်ပုံငွေဖြင့် ဆေးရုံသုံးပစ္စည်းများအား ပိုမိုဝယ်ယူခဲ့ပြီး မြို့နယ်နှင့်တိုက်နယ်ဆေးရုံများသို့ ဓါတ်မှန်စက်များ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် အခြားဆေးရုံသုံးပစ္စည်း များထောက်ပံ့ပေးခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအရခွင့်ပြုထားသော လက်ထောက် ဆရာဝန်အင်အား ဖြည့်ဆည်းခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှတစ်ဆင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိခြင်း၊ ယခင်က တိုက်နယ်ဆေးရုံအချို့တွင် ဆရာဝန်ခံထားနိုင်ခြင်း မရှိသော်လည်း ယခုအခါ တိုက်နယ်ဆေးရုံများတွင် ဖွဲ့စည်းပုံအသစ်အရ တာဝန်ခံဆရာဝန်တစ်ဦးနှင့် လက်ထောက်ဆရာဝန် တစ်ဦးစီကိုခန့်ထားပြီး၊ အချို့သော တိုက်နယ်ဆေးရုံများတွင် လက်ထောက်ဆရာဝန် တစ်ဦးစီခန့် ထား နိုင်ရန်စီစဉ်ခြင်း၊ လက်ရှိအစိုးရသစ်လက်ထက်တွင် တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေး ဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ အသစ်ဖွင့်လှစ်နိုင်ခဲ့ခြင်း၊ လက်ထောက်ကျန်းမားရေးမှူးများ၊ သူနာပြုများ၊ သားဖွား ဆရာမများနှင့် ကြီးကြပ်(၂)များအား လေ့ကျင့်မွေးထုတ်၍ တာဝန်ပေးအပ်နိုင်ခြင်း၊ ဗဟိုအဆင့်နှင့်ခရိုင်အဆင့် ဆေးရုံများမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ဆေးကုသရေး အဖွဲ့များမှ လည်း ကျေးလက်ဒေသအထိ အခါအားလျော်စွာ ကွင်းဆင်းကုသပေးခြင်းတို့ဖြင့် မြို့ပြနှင့်ကျေး လက်ဒေသ ကွာဟချက်များနည်းပါးစေရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
