ပဲခူးတိုင်းအရှေ့ခြမ်း ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်များရှိ စစ်တောင်းမြစ်အတွင်း စီးဝင်သော ချောင်းကြီးများကို ပြီးခဲ့သော နွေရာသီ တွင် ပြန်လည် တူးဖော်ပေး သည့် အတွက် နှစ်စဉ်နှစ် တိုင်း ရေကြီးရေလျှံမှုဘေးနှင့်ကြုံနေရသော မိမိတို့ မြို့နယ်များသည် ယခုနှစ် မိုးတွင်းကာလရေကြီးခြင်းဘေးမှ လွတ်မြောက် ခဲ့သောကြောင့် ပြည်ထောင်စု အစိုးရကို ဒေသခံပြည်သူများမှ အထူးပင် ကျေးဇူး တင် ဝမ်းမြောက်လျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် စစ်တောင်းမြစ် ဝှမ်းနှင့် ဆက်စပ်လျက်ရှိပြီး မြေသြဇာ ကောင်း၍ မြေ သည် ပြန့်ပြူးညီ ညာနေသောကြောင့် ရေ သွင်း၊ ရေထုတ်စနစ်များကောင်းပြီး ကုန်ထုတ် ဆက် သွယ်ရေးလမ်းများ လည်း ကောင်းမည် ဆိုပါက တိုင်းပြည်အတွက် စိုက်ပျိုးရေး ကဏ္ဍသည် အလွန်အားကိုးနိုင်သော တိုင်းဒေသကြီးတစ်ခု ဖြစ်လာနိုင် ပါကြောင်း၊ ချောင်း၊ မြောင်းများ ဖောက်သည့်အခါတွင် ရေသွင်း၊ ရေထုတ်ရန် အတွက်သာမက ကျေးရွာချင်းဆက် လမ်း၊ ကုန်ထုတ်ဆက်သွယ်ရေး လမ်း၊ မြောင်း၊ ဘောင်၊ လမ်းများအဖြစ် ရည်ရွယ်၍ ဖောက်လုပ်မည်ဆိုပါက ပညာရေး၊ ကျန်းမာ ရေး၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ကျရေးအတွက်ပါ အလွန်အကျိုးကျေးဇူးများ ဖြစ်နိုင်ပါကြောင်း။ ယခုအချိန်တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် စစ်တောင်းမြစ်အတွင်း စီး ဝင်နေသော ချောင်းကြီးများကို တူးဖော်ပေးခဲ့ပြီးဖြစ်သော် လည်း ချောင်းသွယ်၊ မြောင်း သွယ်များ တူးဖော်ပေးရန် လိုအပ်လျက်ရှိသေးပါကြောင်း၊ ယင်းချောင်း များကို ဆက်လက်တူးဖော်ပေးမည်ဆိုပါက မိုးတွင်း ကာလ ရေကြီးရေ လျှံခြင်းကို ပိုမိုကာကွယ်နိုင်မည့်အပြင် နွေစပါး၊ သီးထပ်ဧကသောင်းချီ စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အပိုင်-အောင်ချမ်းသာ၊ ကျုံပါ ချောင်းဝ-ကဒွတ်နှင့် အထက်ကျုံပါ-ကျီးပင်စုချောင်းများ အား ချောင်း အဖြစ်၊ လမ်းအဖြစ်တူးဖော်ပေးရန်နှင့် သနပ်ပင်မြို့နယ်အတွင်း လိုအပ်သော ချောင်း/မြောင်း ၂၄ ခုအား ပြုပြင် တူးဖော်ပေးပါရန် မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ရှိ ကျုံပေါက်ရိုးမှ ခ.ယ.က တူးမြောင်း၊ နွေစပါး ရေသွင်းရေနုတ်မြောင်း၊ (အပိုင်-အောင်ချမ်း သာချောင်းဟောင်း)သည် ကလိုင်-ပိုင်ကျုံရေနုတ်မြောင်းအတွင်းသို့လည်းကောင်း၊ ကျုံပါချောင်းဝ-ကဒွတ်ချောင်း သည် မင်းရွာ-မင်းကဒတ် ရေနုတ်မြောင်းအတွင်းသို့ လည်းကောင်း၊ အထက်ကျုံပါ-ကျီးပင်စု (ကမ်းပြို ချောင်းဟောင်း)သည် သနတ္တန်းချောင်းအတွင်းမှ စစ်တောင်းမြစ်အတွင်းသို့လည်းကောင်း စီးဝင် သည့် ချောင်းများ ဖြစ် ပါကြောင်း၊ ကျုံပေါက်ရိုးမှ ခ.ယ.က တူးမြောင်း (အပိုင်-အောင်ချမ်းသာချောင်းဟောင်း)အား ပြန်လည်တူးဖော်ပေးခြင်းဖြင့် လယ် ယာမြေဧက ၅၄၀၀ ခန့် ကိုလည်းကောင်း၊ ကျုံပါချောင်းဝ-ကဒွတ်ချောင်း အား ပြန်လည်တူးဖော်ပေးခြင်းဖြင့် လယ်မြေဧက ၂၇၀၀ ခန့် ကိုလည်းကောင်း၊ ကျုံပါ-ကျီးပင်စု (ကမ်းပြိုချောင်းဟောင်း)အား ပြန်လည်တူးဖော်ခြင်းဖြင့် လယ်မြေဧက ၄၂၀၀ ခန့်ကို ရေတော်မိုးတော် မိုးစပါးဧကများအဖြစ် ပြောင်းလဲ တိုးတက် စိုက်ပျိုးလာနိုင်မည်ဖြစ်ပြီး ချောင်းပေါက်များအား လမ်းအဖြစ်အသုံးပြုနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမို ချောမွေ့လွယ်ကူမြန်ဆန်လာမည် ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ တိမ်ကောနေသော ချောင်း/မြောင်း ၂၄ ခုကို ပြန်လည်တူးဖော်ပေးခြင်းအားဖြင့် မိုးစပါး ကောင်းစွာ မစိုက်ပျိုးနိုင်သော လယ်မြေ ဧက ၅၄၀၀၀ ခန့်ကို ရေတော်မိုးတော် မိုးစပါးစိုက်ဧကများအဖြစ် ပြောင်းလဲတိုးတက် စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ချောင်း၊ မြောင်းများအဖြစ် တူးဖော်ပေးမည့် လုပ်ငန်း (၃) ခုနှင့် ချောင်း/မြောင်း (၂၄) ခုကို ဆောင်ရွက်ပေးနိုင်ရန် လာမည့်မိုးရာသီ ကာလအတွင်း ရေစီးရေလာအခြေအနေ၊ ချောင်းအသီးသီး၏ ရေနုတ်စွမ်းအား အတွက် တူးဖော်ဆောင် ရွက်သင့်သော အတိုင်းအတာ စသည့်တို့ကို ကွင်းဆင်းလေ့လာကြည့်ရှုပြီး ဇလဗေဒဆိုင်ရာ စူးစမ်း လေ့လာ တွက်ချက်ခြင်းလုပ်ငန်းအလိုက် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ခြင်းတို့ကို ပြုလုပ်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ပုံငွေတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်တွင် လုပ်ငန်းများဆောင်ရွက်သွားနိုင် မည် ဖြစ် ပါကြောင်းနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းနှင့် အကူအညီများ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
