မအူပင်မြို့နယ်ကျေးရွာများတွင် နေထိုင်သော အိမ်ထောင်စုများသည် အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ ၆၆/၆ အတုများကို ကိုင်ဆောင်ထားသည့်အတွက် အတုများထုတ်ပေးသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား အရေးယူပေးနိုင်မှု ရှိ/မရှိ နှင့် ၎င်းအတုများကိုဖျက်သိမ်း၍ သန်းခေါင်စာရင်းအသစ် ပြန်လည်ကောင်ယူပေးနိုင်မှု ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်နှင့် ပတ်သက်၍ မအူပင်မြို့ နယ်၊ ကျေးရွာများတွင် လက်ဝယ်ကိုင်တွယ် အသုံးပြုကြသော
အိမ်ထောင်စု လူဦးရေစာရင်း (၃)မျိုး ဆိုသည်မှာ မိမိဌာနမှ ဥပဒေနှင့်အညီ ပုံစံအားဖြင့် ပုံစံ၆၆/၆ ဟုတရားဝင် သတ်မှတ်ထုတ်ပေးသော အိမ်ထောင်စုလူဦးရေစာရင်း၊ ယခင် (ရယက) လက်ထက်တွင် ကျေးရွာ၏ အုပ်ချုပ်ရေး ကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ (ရယက)မှ ထုတ်ပေး ထားသည့် အရပ်ခေါ်အိမ်ဆွဲ စာရင်းဟု ခေါ်သော အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ယခုအစိုးရသစ် လက်ထက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ၎င်းတို့၏ ကျေးရွာအုပ်စုအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး တံဆိပ်နှင့် ရုံးတံဆိပ်ဝိုင်းများရိုက်နှိပ် လက်မှတ်ထိုး၍ ထုတ်ပေးထားသော လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန၏ အိမ်ထောင်စု စာရင်းနှင့် ပုံစံတူညီသော အိမ်ထောင်စု စာရင်းဖြစ်သည်ကို တွေ့ရှိရပါသည်။
မအူပင်မြို့နယ်တွင် အဆိုပါပုံစံတူ အိမ်ထောင်စုစာရင်းမှာ မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်ပေးထားခြင်းမရှိဘဲ၊ မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာအချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မိမိကျေးရွာ လူဦးရေစာရင်း သိရှိရန်နှင့် စီမံခန့်ခွဲမှုကစ္စများအတွက် အဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူး တံဆိပ်နှင့် ရုံးတံဆိပ်ဝိုင်းရိုက်နှိပ်၍ အိမ်ထောင်စုစာရင်း ထုတ်ပေးမှုနှင့် ပတ်သက်၍ ဦးညွှန့်စိန်ပါ(၇) ဦးမှ တိုင်ကြားမှု၊ စာရွက်စာတမ်းအတုသဖွယ် ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ ဦးခင်မောင်ဝင်းပါ (၃) ဦးမှလည်း အရေးယူပေးပါရန် အကြိမ်ကြိမ်တိုင်ကြားမှုများကြောင့် စုံစမ်းစစ်ဆေးခဲ့ပြီး ပါဝင်ပတ်သက်သော ရပ်/ကျေး စာရေးဝန်ထမ်းနှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့အား မအူပင်ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်/ မြို့နယ်ခွဲများတွင် ယခင်က အကြောင်းအမျိုးမျိုးဖြင့် မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် မိမိတို့ဒေသရှိ အိမ်အကြောင်းအရာနှင့် လူဦးရေစာရင်းများ အသက်အပိုင်းအခြား အလိုက် သိရှိရန်အတွက်လည်းကောင်း၊ ရပ်ကွက်အေးချမ်းသာယာရေးနှင့် လုံခြုံရေး အရသော်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အသုံးပြုသော အိမ်ထောင်စု လူဦးရေစာရင်း ၆၆/၆ ပုံစံတူများအား မိမိတို့အစီအစဉ်ဖြင့် ပြုလုပ်ပြီး လူဦးရေစာရင်းများ ကောက်ယူမှုများရှိခဲ့သဖြင့် မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အဆိုပါ အိမ်ထောင်စုစာရင်း ပုံစံတူများအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ များနှင့် လဲလှယ်ထုတ်ပေးရန် စီမံဆောင်ရွက်လိုကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ (၂၉-၁-၂၀၁၃) ရက်စွဲပါ စာအမှတ်၊ ၁၀၂/ မ-၆ (နငသ-၄) ၀၄၁၅/အမတ/လဝက ဖြင့် တင်ပြခဲ့သည့်အပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (၆-၂-၂၀၁၃) ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂-၁၄(၅)/ အစိုးရ(ဧရာဝတီ)ဖြင့် လည်းကောင်း မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၁၅-၂-၂၀၁၃) ရက်စွဲပါ စာအမှတ်၊ ၃/၃-၈/ ဦး-၆ ဖြင့်လည်းကောင်း မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အားလုံးသို့ လဲလှယ်ဆောင်ရွက်မည့် အိမ်ထောင်စု လူဦးရေစာရင်းပြုစု၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့ တင်ပြပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။
ထိုကဲ့သို့ ညွှန်ကြားချက်နှင့်အညီ မအူပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံး အနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး တံဆိပ်တုံး ရိုက်နှိပ်၍ လက်မှတ်ရေးထိုးထုတ်ပေးခဲ့သော ကညင်ဝကျေးရွာ အုပ်စုမှ ပုံစံတူ အိမ်ထောင်စု စာရင်းပုံစံ (၂၁၁) စောင်အား (၂၆-၁၀-၂၀၁၂) နေ့တွင်လည်းကောင်း၊ ထရော်ညောင်ဝိုင်းကျေးရွာ အုပ်စုမှ အိမ်ထောင်စု စာရင်း ၆၆/၆ ပုံစံတူ (၃၇) စောင် တို့အား (၁၅-၂-၂၀၁၃) နေ့တွင်လည်းကောင်း၊ ရုံးလက်ခံပုံစံများဖြင့် တိုက်ဆိုင်စိစစ်ပြီး မိမိဌာနမှ တရားဝင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ များထုတ်ပေးပြီး ဖြစ်ပါသည်။
ထို့အပြင် မိမိဌာနမှ ဆောင်ရွက်လျက်ရှိသော မိုးပွင့်စီမံချက်အဆင့် (၁) မှ အဆင့် (၅) အထိ ကာလအတွင်း မအူပင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း စုစုပေါင်း (၉၇၄) စုအား ထပ်မံထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့ပါ၍ မအူပင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးသော အိမ်ထောင်စုများအား ကျေးရွာအုပ်ချုပ်မှူးမှ လဲလှယ်ပေးရေးတင်ပြလာမှုအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
