(စ)-ရေစကြိုမြို့နယ်ရှိကျေးလက်ဒေသတို့တွင်တာ ဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်း အပြောင်းအရွှေ့များအတွက်လစ်လပ်နေရာကိုအ စားထိုးခန့်ထားပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၅)ရက်မြောက်နေ့ (၁.၆.၂၀၁၅)

ဦးတင်ဌေးအောင် (ရေစကြို)မိမိတို့ ရေစကြိုမြို့နယ်တွင် တိုက်နယ်ဆေးရုံ ၄ ခုနှင့် ဆေးပေးခန်း ဌာနများရှိပြီး ယင်းဌာနများ၊ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်အပြောင်းအလဲဖြစ်သည့်အခါတွင်လည်းကောင်း၊ ဆေးပေးခန်းဌာနများတွင် ဆရာမအပြောင်းအလဲဖြစ်သည့်အခါတွင်လည်းကောင်း အစားထိုးခန့်ထားမှုများ များစွာနောက်ကျနေ သည်ကို တွေ့ရှိရပါကြောင်း၊ ကြက်ဆူကျင်း တိုက်နယ်ဆေးရုံတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှ တာဝန်အပြောင်းအရွှေ့ ကျသွားပြီးသည့်နောက် ၂၀၁၄ ခုနှစ်တစ်နှစ်လုံး ဆရာဝန်မရောက်ရှိလာပါကြောင်း၊ ဒေသခံများကလည်း ကျန်းမာရေးအခက်အခဲကြောင့် ကြိမ်ဖန်များစွာ လာရောက်အကူအညီတောင်းသည့်အတွက် မြို့နယ် ဆရာဝန်ကြီးနှင့် ညှိနှိုင်းဆောင်ရွက်သော်လည်း ယနေ့ထိ ခန့်ထားပေးခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် ရေစကြိုမြို့နယ်ရှိ ကျေးလက်ဒေသတို့တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ ဆရာမများ တာဝန်အပြောင်းအရွှေ့ပြုပြီး ထိုလစ်လပ်နေရာအသီးသီးတွင် တာဝန်ကျသူများ မရနိုင်ဘဲ ကာလကြာမြင့်စွာ ကြုံတွေ့နေကြရသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်နှင့် ကျန်းမာရေးဝန်ထမ်း အပြောင်းအရွှေ့များ အတွက် မြန်ဆန်စွာ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးမကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများ၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနတို့တွင် ဆရာဝန်များ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ တာဝန်ထမ်းဆောင်နေမှု အခြေအနေအရ ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ခွင့်ပြု ၁ ဦး၊ ခန့်ထား ၁ ဦး၊ အထူးကုဆရာဝန် ခွင့်ပြု ၇ ဦး၊ လစ်လပ် ၇ ဦး၊ လက်ထောက်ဆရာဝန် ခွင့်ပြု ၁၈ ဦး၊ ခန့်ထား ၇ ဦး၊ လစ်လပ် ၁၁ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ခွင့်ပြု ၁ ဦး၊ ခန့်ထား ၁ ဦး၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ခွင့်ပြု ၁ ဦး၊ ခန့်ထား ၁ ဦး၊ မြေတော်တိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်၊ လက်ထောက်ဆရာဝန် ခွင့်ပြု ၂ ဦး၊ ခန့်ထား ၁ ဦး၊ မအူတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်၊ လက်ထောက်ဆရာဝန် ခွင့်ပြု ၁ ဦး၊ ခန့်ထား ၁ ဦး၊ လစ်လပ် ၁ ဦး၊ ကြက်ဆူကျင်းတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်၊ လက်ထောက်ဆရာဝန် ခွင့်ပြု ၂ ဦး၊ လစ်လပ် ၂ ဦး၊ ပခန်းကြီးတိုက်နယ်ဆေးရုံတွင် ခွင့်ပြု ၂ ဦး၊ ခန့်ထား ၁ ဦးနှင့် သူဌေးကုန်းတိုက်နယ်ဆေးရုံတွင် ခွင့်ပြု ၂ ဦး၊ ခန့်ထား ၁ ဦးဖြစ်ပါကြောင်း။

ကျန်းမာရေးဝန်ထမ်းများ အပြောင်းအရွှေ့များအတွက် လျင်မြန်စွာ ခန့်ထားပေးနိုင်ရေးအတွက် နှစ်စဉ် ဆောင်ရွက်လျက်ရှိရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရွေးချယ်ခဲ့ပြီး ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်လျက်ရှိသော သစ်လွင် လက်ထောက်ဆရာဝန် ၁၇၁ ဦးအား ၂၀၁၅ ခုနှစ် မတ်လအတွင်း ခန့်ထားမည့်အချိန်တွင် လုပ်သက်ရ ဒေသခံဆရာဝန်များမှ လစ်လပ်လျက်ရှိသော ရေစကြိုပြည်သူ့ဆေးရုံရှိ လစ်လပ်နေရာများနှင့် ကြက်ဆူကျင်းတိုက်နယ် ဆရာဝန်နေရာများအား ခန့်ထားပေးပြီးဖြစ်ပါကြောင်း၊ ၁-၁-၂၀၁၅ ခုနှစ်မှစ၍ စတင်လစ်လပ်သော ကြက်ဆူကျင်းတိုက်နယ် ဆရာဝန်နေရာတွင် ပခုက္ကူပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာလင်းထင် (ဆမ-၂၈၀၉၇) အား ယာယီအစီအစဉ်ဖြင့် တွဲဘက်တာဝန်ချထားပြီးဖြစ်ပါကြောင်း။

အဆိုပါလစ်လပ်နေရာများတွင် ပြန်လည်ခန့်ထားရန်အတွက် အချိန်ကာလကြာရှိရခြင်းမှာ တာဝန် ချထားသော ဆရာဝန် ၁ ဦး၊ ၎င်းတို့၏ ပြည်သူ့ဆေးရုံ သို့မဟုတ် တိုက်နယ်ဆေးရုံများသို့ တာဝန် သွားရောက်မထမ်းဆောင်လျှင် လူအားဖြင့် ထိုနေရာတွင် မရှိသော်လည်း တာဝန်ချထားသည့်နေရာတွင် ရှိပြီးသားဖြစ်သည့်အတွက် အဆိုပါနေရာကို လစ်လပ်စာရင်းပြန်ပေါ်လာစေရန် အဆင့်ဆင့်ပြန်လည်ပြီး အမှုစစ်ဆေးခြင်း၊ နေရာမှထုတ်ပယ်ခြင်း အစရှိသည်များ ဆောင်ရွက်ပြီး နေရာလစ်လပ်ပေါ်လာပြီးမှ ကျွန်မတို့ နောက်တစ်ယောက်ကို ခန့်ထားရပါကြောင်း၊ အဆိုပါ အစီအစဉ်များကိုလည်း ယခင်ကထက် အချိန်ကာလပိုပြီး ဆောလျင်စွာ ပြီးစီးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အထူးအစီအစဉ်များ ချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။