(ဂ)-သိန္နီမြို့နယ်၊ဥယျာဉ်မှူး၊ပိန်းဆာ၊နားဆော့၊မိုင်း လီနှင့် ခမ်းတိန်း ကျေးရွာအုပ်စုများမှ ပြည်သူများ အတွက် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၅)ရက်မြောက်နေ့ (၁.၆.၂၀၁၅)

ဦးစိုင်းဝင်းခိုင် ( သိန္နီ မဲဆန္ဒနယ်)နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီကူးပြောင်းရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချမှတ်ပြီး နယ်ပယ်အသီးသီးမှ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးဘဝ အဆောက်အအုံတစ်ခုလုံး တိုးတက်လာရန်အတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ပါး ပပျောက်ရေး အထောက်အကူဖြစ်စေရန်အတွက် မီးလင်းနိုင်ရေးသည် အဓိကကျလာပါကြောင်း၊ သိန္နီမြို့အတွင်း ကောင်းအောင်ကျေးရွာအုပ်စုနှင့် တပ်မတပ်ရင်းအားလုံးတို့သည် လျှပ်စစ်မီးများရရှိပြီး ပြည်သူများ အဆင်ပြေနေပါကြောင်း၊ ထိုကျေးရွာအုပ်စုနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသော ဥယျာဉ်မှူးကျေးရွာအုပ်စု၊ ပိန်းဆာကျေးရွာအုပ်စု၊ နားဆော့ကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာအုပ်စုနှင့် ခမ်းတိန်းကျေးရွာအုပ်စုမှ ပြည်သူများသည်လည်း လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာသို့ တင်ပြပေးရန် တောင်းဆိုလာပါကြောင်း၊ သို့ဖြစ်ပါ၍ သိန္နီမြို့နယ်၊ ဥယျာဉ်မှူးကျေးရွာအုပ်စု၊ ပိန်းဆာကျေးရွာအုပ်စု၊ နားဆော့ကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာအုပ်စုနှင့် ခမ်းတိန်းကျေးရွာအုပ်စုတို့မှ ပြည်သူများ လျှပ်စစ်မီး ရရှိရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်နှင့် မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်ကို သိရှိလိုပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းရေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးသိန္နီမြို့နယ်၊ ဥယျာဉ်မှူးကျေးရွာအုပ်စုတွင် ဥယျာဉ်မှူးကျေးရွာ၊ နမ့်စန်စုတ်ကျေးရွာ၊ မန်နောင်ကျေးရွာ၊ မန်စတ်ကျေးရွာနှင့် ကွန်ခန်ကျေးရွာဟူ၍ ၅ ရွာ ရှိပြီး ဥယျာဉ်မှူးကျေးရွာနှင့် နမ့်စန်စုတ်ကျေးရွာကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေ ဖော်ပြပါရှိပြီးဖြစ်ပါကြောင်း၊ မန်နောင်ကျေးရွာ၊ မန်စတ်ကျေးရွာနှင့် ကွန်ခန်ကျေးရွာကို အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (National Electrification Plan) ၂ မိုင်အထက်ရှိသော ရွာများအဖြစ် စာရင်းသွင်းပြီး၊ ထည့်သွင်းဖော်ပြထားပြီး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။

ပိန်းဆာကျေးရွာအုပ်စုတွင် ကျေးရွာ ၆ ရွာရှိပြီး ပိန်းဆာကျေးရွာ၊ နောင်ဆိုင်ကျေးရွာနှင့် ပန်စုံကျေးရွာသည် လျှပ်စစ်ဓာတ်အားရရှိရန်အတွက် ၂၀၁၄-၂၀၁၅ နောက်ဆုံးလတွင် ရန်ပုံငွေထည့်သွင်းပြီး ပြုပြင်လျာထားပြီး ဆောင်ရွက်ပေးခဲ့သည်မှာ ယခုအချိန်တွင် လုပ်ငန်းလက်စသတ်မည့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ၎င်းရွာများကို နောက်ထပ် နှစ်ပတ်အတွင်း ဓာတ်အားလိုင်းအားလုံး ပြီးစီးသွားမည်ဟု မနေ့က အဆက်အသွယ်ရရှိပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျေးရွာများကို တင်ပြခဲ့သည့်အတိုင်း နောက်ထပ် ၃ ရွာကို National Electrification Plan က မိမိတို့ စီမံချက်နှင့်ပင်  ဆက်လက်ပြီး စာရင်းသွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

နားဆော့ကျေးရွာအုပ်စုတွင် နားဆော့ကျေးရွာ၊ ကောင်းဆာကျေးရွာ၊ နားထွန်ကျေးရွာ၊ စံလောင်းကျေးရွာ၊ မိုင်းပန်ကျေးရွာ၊ နားချက်ကျေးရွာနှင့် နမ့်အွန်ကျေးရွာဟူ၍  ကျေးရွာ ၇ ရွာ ရှိပြီး ဓာတ်အားရရှိရန်အတွက် အားလုံးကို မိမိတို့ အထက်ပါ တင်ပြခဲ့သည့် National Electrification Plan ထဲတွင် ဦးစားပေးအစီအစဉ်ဖြင့် ထည့်သွင်းဖော်ပြထားပြီးဖြစ်ပါကြောင်း။

မိုင်းလီကျေးရွာအုပ်စုတွင် ကျေးရွာ ၇ ရွာရှိပြီး အဆိုပါကျေးရွာများကို အမျိုးသားဓာတ်အားရရှိရေး စီမံချက်ကပဲ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ခမ်းတိန်းကျေးရွာအုပ်စုတွင် ကျေးရွာ ၉ ရွာရှိပြီး ခမ်းတိန်းကျေးရွာ၊ နောင်ကားကျေးရွာ၊ မန်စောက်ကျေးရွာနှင့် ဟိုနားကျေးရွာ ၄ ရွာကို ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ရှိသော ကျေးရွာ ၅ ရွာကို National Electrification Plan တွင် ဦးစားပေး အစီအစဉ် ထည့်သွင်းဖော်ပြထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကစပြီး ကျေးရွာများ မီးလင်းရေးကိစ္စများတွင် ၁၁ ကေဗွီဓာတ်အား လိုင်း၏အောက် ၄၀၀ ဗို့လိုင်းအပါအဝင် အားလုံးကို ပြည်နယ်/တိုင်းဒေသကြီး ရန်ပုံငွေများတွင် အသီးသီး ထည့်သွင်းလျာထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ထို့အပြင် မိမိတို့ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ရေးဆွဲထားသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် ကိုလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး ဓာတ်အားရရှိရေးအဖြစ် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ ကိုယ်စားလှယ်တော်ကြီး တောင်းခံထားသော ကျေးရွာများအနက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အချို့သော ကျေးရွာများ ထပ်မံပြီး မီးရရှိသွားမည်ဖြစ်ပြီး ကျန်ရှိသော ကျေးရွာများကို အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် အစီအစဉ်ထဲတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။