(က)-ရခိုင်ပြည်နယ်ရှိနည်းပညာတက္ကသိုလ်များတွင် ဘာသာရပ်ပေါင်းစုံသင်ကြားနိုင်ရေးနှင့် သင်ယူခွင့် မရှိသောဘာသာရပ်များကိုတခြားဒေသရှိနည်းပညာ တက္ကသိုလ်များတွင်သွားရောက်သင်ယူခွင့်ရရှိစေရန် စီစဉ်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၅)ရက်မြောက်နေ့ (၁.၆.၂၀၁၅)

ဒေါ်ခင်စောဝေ( ရသေ့တောင်မဲဆန္ဒနယ်)ရန်ကုန်မြို့၊ ကြို့ကုန်းစက်မှုတက္ကသိုလ်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းသူကျောင်းသားများကို မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ၊ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ၊ လေကြောင်းအင်ဂျင်နီယာ၊ သတ္တုဗေဒအင်ဂျင်နီယာ၊ သတ္တုတူးဖော်ရေးအင်ဂျင်နီယာ၊ ဗိသုကာပညာ အင်ဂျင်နီယာ စသည့်ဘာသာရပ်များကို ၁၉၉၈ ခုနှစ်အထိ သင်ကြားပေးခဲ့ပါကြောင်း၊  ရခိုင်ပြည်နယ်တွင် ဆယ်တန်းအောင်မြင်သော ကျောင်းသားကျောင်းသူများသည် ၁၉၉၈ ခုနှစ်မှစ၍ စစ်တွေနည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရရှိခဲ့ကြသော်လည်း စတင်ဖွင့်လှစ်သင်ကြားစဉ်က မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ Aqua Tech စသည့် ဘာသာရပ်ငါးခုကို သင်ကြားခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် Aqua Tech ပညာရပ်ကို သင်ကြားပို့ချခြင်း မပြုခဲ့သည့်အတွက် မိမိတို့ပြည်နယ်တွင် ၎င်းဘာသာရပ်ဆိုင်ရာ အတတ်ပညာရှင်များ ရခိုင်ပြည်နယ်တွင် များစွာရှားပါးသွားကြောင်း။ ရခိုင်ပြည်နယ်ရှိ ကျောင်းသားများအနေဖြင့်လည်း အဆိုပါ ဘာသာရပ်များကို သင်ကြားလိုသော ဆန္ဒများရှိနေပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ နည်းပညာတက္ကသိုလ်များတွင် ဘာသာရပ်ပေါင်းစုံသင်ကြားပေးနိုင်ရေးအတွက် စီစဉ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရခိုင်ပြည်နယ်ရှိ နည်းပညာတက္ကသိုလ်များတွင် သင်ယူခွင့်မရှိသော ဘာသာရပ်များကို တခြားဒေသရှိ နည်းပညာတက္ကသိုလ်များတွင် သွားရောက်ပညာ သင်ယူခွင့်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဘရွှေ
အဖြေ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဘရွှေပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတစ်ဝန်းတွင် နည်းပညာတက္ကသိုလ်ပေါင်း ၂၉ ခုကို ဖွင့်လှစ်သင်ကြားလျက် ရှိသည့်အနက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ စသော သင်တန်းလေးခုကို ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နည်းပညာတက္ကသိုလ် စုစုပေါင်း ၁၆ ခု ရှိပါကြောင်း၊  

အဆိုပါ လေးဘာသာမှအပ ကျန်အင်ဂျင်နီယာဘာသာရပ်များ သင်ကြားလိုပါက ထိုဘာသာရပ်များ သင်ကြားသည့် နည်းပညာတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်တန်းရမှတ်များအပေါ် မူတည်၍ လျှောက်ထားသင်ကြားခွင့်ရှိပါကြောင်း။ စစ်တွေနည်းပညာတက္ကသိုလ် အပါအဝင် အဆိုပါ ဘာသာလေးခု သင်ကြားလျက်ရှိသော အခြားနည်းပညာတက္ကသိုလ်များတွင် ဘာသာရပ်များ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရန် ကျောင်းအလိုက်တက်ရောက်နိုင်မည့် ကျောင်းသားအင်အား၊ ဒေသ၏လိုအပ်ချက်၊ ဒေသ၏စီးပွားရေး စီမံကိန်းနှင့်အညီ စိစစ်တွက်ချက်၍ ဘာသာရပ်များ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရန် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ တက္ကသိုလ်အလိုက် စီစဉ်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။