တပ်မတော်အစိုးရလက်ထက်တွင် ဘားအံမြို့ ကမ်းနားတစ်လျှောက်၌ရှိသော လူနေအိမ်များကို ဖယ်ရှားပေးရာ၌ အမှတ်(၃)ရပ်ကွက်တွင် အိမ်များသာမက ဆန်စက်များပါ ဖျက်သိမ်းခဲ့ရပါကြောင်း၊ ဖျက်သိမ်းရသော ရည်ရွယ်ချက် မှာ ကမ်းနားတစ်လျှောက် သာယာလှပရေးအတွက် ဖြစ်သော်လည်း ယနေ့ထက်တိုင် မည်သည့် စီမံကိန်းမျှ အကောင်အထည်ဖော်ခြင်း မရှိဘဲ သဲ၊ ကျောက် ရောင်း ဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်များသာ မြစ်ကမ်း တစ်လျှောက် ၌ စုပုံ ရောင်းဝယ်နေကြ ပါသည်။ ထို့သို့ သဲ၊ ကျောက်များ စုပုံရောင်းဝယ်မည့်အစား ဘားအံမြို့ကို မော်လမြိုင်မြို့ကဲ့သို့ သာယာလှပအောင် ဆောင်ရွက်စေ လိုသည့်အတွက် မြစ်ကမ်းပါးတစ်လျှောက် သာယာလှပရေး ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
[ဒေါ်နန်းစေအွာ၊ ဘားအံမဲဆန္ဒနယ်ကိုယ်စား ဒေါ်ဇာတလဲမ်း၊ ထန်ထလန်မဲဆန္ဒနယ်က မေးမြန်းပါသည်။]
ဘားအံမြို့ သံလွင်မြစ်ကမ်းဘေး တစ်လျှောက်အတိုင်းအတာမှာ BOC ကွေ့မှ ဘားမဲတောင်ခြေအထိ ပေအရှည် ၆၃၀၀ ခန့်ရှိပြီး ကတ္တရာလမ်း ပြုပြင်ခြင်း၊ တိုးချဲ့ခြင်းကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောင်ရွက် လျက်ရှိပြီး စည်ပင်သာယာရေး အဖွဲ့မှ မြစ်ကမ်းနားတစ်လျှောက် သာယာ လှပရေးအတွက် မြစ်ကမ်းနဖူးရှိ သဲ၊ ကျောက် လုပ်ငန်းရှင် ၇ ဦး၏ လုပ်ငန်းများကို ပြောင်းရွှေ့ဖယ်ရှားစေခဲ့ပြီး သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ပါသည်။ အဆိုပါ မြစ်ကမ်းနဖူး တစ်လျှောက်တွင် မြေထိန်း နံရံများပြုလုပ်ခြင်း၊ စတီးလက်ရမ်းများ တပ်ဆင်ခြင်း၊ လူသွား စြင်္ကံများ တည်ဆောက်ခြင်း၊ မြေခင်းအလှဆင်ခြင်း၊ လမ်းဘေး ဝဲယာ ပန်းအလှပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများကို စီမံချက် ရေးဆွဲ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် သြဂုတ်လမှ စတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
