မိမိအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မဲပေးနိုင်သည့် မူလအခွင့်အရေးများ မဆုံးရှုံးစေရန် ရည်ရွယ်မေးမြန်းခြင်းဖြစ်ပါကြောင်း။ ယခုအချိန်တွင် မြို့နယ်နှင့် ကျေးရွာများအားလုံးနီးပါးတွင် မဲပေးနိုင်သူများစာရင်းကို ကြော်ငြာထားရှိသော်လည်း လာရောက်ကြည့်ရှုရန် လှုံဆော်မှု အားနည်းသည့်အတွက် မဲစာရင်းကြည့်သူအရေအတွက် လွန်စွာနည်းပါးသည်ကို တွေ့ရှိရ ပါကြောင်း၊ ပါတီများနှင့် ပြင်ပအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် လိုက်လံစစ်ဆေးရာတွင် အမှားများစွာ ပါဝင်သည်ကိုတွေ့ရှိရခြင်း၊ မဲစာရင်းမှားယွင်းခြင်းအတွက် မဲပေးနိုင်ခွင့်ရှိသူ မှန်ကန်ကြောင်း တာဝန်ခံပြောကြားပေးမည့်သူရှိပါက မဲပေးခွင့်ပြုသည်ကို အသိပေးခြင်းများ ရှိသော်လည်း ပြည်သူများအနေဖြင့် နားလည်သိရှိမှု မရှိခြင်းတို့ကြောင့် ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့နိုင်မည့် မီဒီယာများ၊ ကျေးရွာ/ရပ်ကွက်အတွင်း လှည့်လည်ဆော်သြမှုများကို မကြာခဏ ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ယခု ပထမအကြိမ် မဲစာရင်းကြေညာရာ၌ မှားယွင်းသည်များကို ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိပါက နောက်ပိုင်း မဲစာရင်းကြေညာခြင်းများတွင်လည်း မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ခဲယဉ်းနိုင်ပါကြောင်း၊
ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍လည်း ရောက်ရှိရာဒေသတွင် မဲပေးရန်အတွက် ရက်ပေါင်း ၁၈၀ အနည်းဆုံး လိုအပ်သည်နှင့် စပ်လျဉ်း၍လည်း ရက်ပေါင်း ၁၈၀ အောက် ရှိသူများအနေဖြင့် ၎င်းတို့ နေရပ်ပြန်ရန် ငွေကြေးနှင့် အချိန်အခက်အခဲများကြောင့် မဲပေးခွင့် ဆုံးရှုံးနိုင်ပါကြောင်း၊ ပြည်ပ ရောက်ရွှေ့ပြောင်းလုပ်သားများ၏ မဲပေးခွင့်ရရှိရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နှင့် အချိန်မီ ကြိုတင်လမ်းညွှန်ထားရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲက အစပြု၍ မဲပေးခွင့်ရရှိရေးနှင့်ပတ်သက်၍ မှန်ကန်သက်သာသည့် နည်းလမ်းတချို့ကို ပြန်လည် သုံးသပ်သင့် ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဆင့်ဆင့် လမ်းညွှန်ချက်များ ညွှန်ကြားထားပြီးဖြစ်သကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံမှူးနှင့် ပါတီအချို့အတွက် အငြင်းပွားဖွယ်ရာများရှိခဲ့ည့်အတွက် လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ခြင်းရှိ/မရှိကို စုံစမ်း သင့်ပါကြောင်း၊ ထို့ကြောင့် (က) မဲစာရင်း များအား ပြည်သူလာရောက်ကြည့်ရှုကြရန်စေရန် ယခုထက် ပို၍ နှိုးဆော်တိုက်တွန်းရန်၊ (ခ) နောက်ဆုံး မဲစာရင်းကပ်ချိန်အထိ လွဲချော်မှုများရှိပြီး မဲပေးနိုင်ခွင့် အခွင့်အရေး ဆုံးရှုံးသည်ဆိုပါ မည်သို့တာဝန်ယူမည်၊ (ဂ) နိုင်ငံသားတစ်ဦးသည် မသိနားမလည်မှုအကြောင်း တစ်ခုခုကြောင့် မဲပေးရန် အခွင့်အရေးဆုံးရှံးခြင်းသည် အခြေခံ ဥပဒေပုဒ်မ ၃၉၁ ပုဒ်မခွဲ(က)နှင့် ညှိစွန်းခြင်း ရှိ/မရှိ၊ (ဃ) ပြောင်းရွှေ့ ရက်ပေါင်း ၁၈၀ ကျော်လွန်ခြင်းမရှိသည့် လုပ်သားများနှင့်ပတ်သက်၍ ဖြေလျှော့ပေးရန်၊ (င) ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ မဲပေးပိုင်ခွင့် ကွဲလွဲချက်များ သိရှိနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကော်မရှင်အဆင့်ဆင့်ကို ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များကို အများပြည်သူ သိရှိနိုင်ရန် ဖော်ပြပေးရန်တို့အတွက် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပထမမေးခွန်းနှင့် စပ်လျဉ်း၍ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ အသိပေးကြေညာချက်ကစတင်ပြီး မဲစာရင်းမှန်ကန်ရေး၊ မဲစာရင်းတွင် ပြည့်ပြည့် စုံစုံပါဝင်ရေး၊ မဲစာရင်းပြုစုပုံတို့ကို ရှင်းလင်းဖော်ပြ ထုတ်ပြန်ထားခဲ့ပါကြောင်း၊ မဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများက ပြုစုပြီး အခြေခံမဲစာရင်း များကို ကြေညာပေး၍ မဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများကို ပုံစံ(၃)ဖြင့် တောင်းဆိုရန်၊ ကန့်ကွက်ခြင်းများအတွက် ပုံစံ(၄)ဖြင့်ကန့်ကွက်ရန်၊ ပြင်ဆင်ခြင်းများအတွက် ပုံစံ၄(ဂ)ဖြင့် ပြင်ဆင်ရန် နှိုးဆော်ခဲ့သည့်အပြင် ယနေ့အထိ နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံလိုင်းအစီအစဉ်များမှ တစ်နေ့လျှင် ၃ ကြိမ် (သို့မဟုတ်) ၄ ကြိမ်ထက်မနည်း နှိုးဆော်ပေးနေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊
မေးခွန်း ၂ နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ရွေးကောက်ပွဲဥပဒေများ ပါ ပြဋ္ဌာန်းချက်များအရ မဲဆန္ဒရှင်များအနေဖြင့် မဲမပေးမနေရ စနစ် မဟုတ်ပါကြောင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများနှင့်အညီ မဲစာရင်းများကိုပြုစု ကြေညာပြီး သက်ဆိုင်ရာမဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများကြည့်ရှုရန် တာဝန်ရှိပါကြောင်း၊ ထို့နောက် လိုအပ်ချက်များအပေါ် ဖြည့်စွက် ပြင်ဆင်ကန့်ကွက်ခြင်းများ ပြုလုပ် ခွင့်ရှိပါကြောင်း၊ မဲစာရင်းများကို လာရောက်ကြည့်ရှုခြင်းမရှိခြင်း၊ လိုအပ်ချက်များ ဖြည့်စွက်ပေးရန် တင်ပြမှု ပျက်ကွက်ခြင်းများအပေါ်၌ ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူ နိုင်မည် မဟုတ်ပါကြောင်း၊ မဲစာရင်းတွင် အမှားအယွင်းပါရှိမှုများအတွက် လွှတ်တော် ရွေး ကောက်ပွဲများ နည်းဥပဒေ ၅၀(ဂ)အရ ထိုမဲဆန္ဒရှင်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံပြီးပြောဆိုခဲ့မည်ဆိုပါက ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် မဲပေး ပိုင်ခွင့် လုံးဝဆုံးရှုံးသွားရန် အကြောင်းမရှိပါကြောင်း။
မေးခွန်း (၃)နှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ ရက်ပေါင်း ၁၈၀ ထက် ကျော်လွန်ပြီး မိမိမဲဆန္ဒနယ်ပြင်ပရောက်ရှိသူများအနေဖြင့် ရောက်ရှိနေသည့်ဒေသရှိ မဲဆန္ဒနယ်၏ မဲစာရင်းတွင် အမည်ထည့်သွင်းပေးနိုင်ရန် ပုံစံ(၃-က)ဖြင့် တောင်းဆိုနိုင်ပါကြောင်း၊ သို့ရာတွင် ရက်ပေါင်း ၁၈၀ ထက်နည်းသူများအနေဖြင့် မိမိမဲဆန္ဒနယ်သို့သာ ပြန်လည်သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးခြင်း သို့မဟုတ် မဲရုံသို့ သွားရောက် ကိုယ်တိုင်ဆန္ဒမဲထည့်ခြင်းတို့ကို ပြုလုပ်ကြရမှာဖြစ်ကြောင်းကို နည်းဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ရက်ပေါင်း ၁၈၀ သည် သင့်လျော်လုံလောက်သောအချိန်ကာလ သတ်မှတ်ချက်ဖြစ်သည့်အတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် ဖြေလျှော့ပေးနိုင်ခြင်းမရှိပါကြောင်း။
မေးခွန်း(၄)နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၁(က)အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများအနေဖြင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးခွင့်ရှိပါကြောင်း၊ လွှတ်တော် ရွေးကောက်ပွဲများဥပဒေပုဒ်မ ၆ တွင်သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် အမည်စာရင်းပါဝင်သူသာ ဆန္ဒမဲပေးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပါက ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်ရန် မရှိပါကြောင်း။
မေးခွန်း (၅)နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို သိရှိလိုပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများက တာဝန်ရှိသူများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သွားမည်ဖြစ်ပါကြောင်း၊
မေးခွန်း (၆) နှင့် စပ်လျဉ်း၍ ယခင်ရွေးကောက်ပွဲတွင် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် မဲပေးပိုင်ခွင့်ရှိသော်လည်း ယခုအကြိမ်တွင် နိုင်ငံသား၊ ဧည့်နိုင်ငံသားပြုခွင့်ရသူများသာ မဲပေးပိုင်ခွင့်ရှိမည်ဖြစ်ခြင်း၊ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသူများစာရင်းနှင့် ပတ်သက်၍ ပြည်တွင်းမဲဆန္ဒရှင်များအတွက် ပုံစံ(၁-၁)ဖြင့်လည်းကောင်း၊ တပ်မတော်သားများနှင့် အတူနေမိသားစုများ၏ စာရင်းကို ပုံစံ(၁-၂)နှင့်လည်းကောင်း၊ ပြည်ပမဲဆန္ဒရှင်များအတွက် ပုံစံ(၁-၃)နှင့်လည်းကောင်း ပြုစုမှတ်တမ်း တင်ထားရှိခြင်း။ အဆိုပါပြုစုထားရှိသည့်ပုံစံများကိုလည်း သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားရှိမည်ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာစွာ ကြည့်ရှုနိုင်ခြင်း၊ မဲပေးပြီးသူဖြစ်ကြောင်း အမှတ်အသားပြုသည့်အနေဖြင့် ဆန္ဒမဲပေးပြီးပါက သတ်မှတ် လက်ချောင်းပေါ်တွင် မင်တို့သည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ခြင်း၊ ယခင်က ဆန္ဒမဲလက်မှတ်ပေါ်ရှိ သတ်မှတ်ထားသည့်နေရာတွင် အမှန်ခြစ် ခြင်းဖြင့် ဆန္ဒပြုရသော်လည်း ယခုအကြိမ်တွင် အမှတ်ခြစ်အမှတ်အသားပါသော လေးထောင့်ကွက် တံဆိပ်ကလေး ထားရှိပြီး သတ်မှတ်နေရာတွင် တံဆိပ်နှိပ် ဆန္ဒပြုရမှာဖြစ်သည့်အပြင် မှန်ကန်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နမူနာ ပုံစံများဖြင့် ထုတ်ပြန်ကြေညာ ပေးသွား မည်ဖြစ်ခြင်း၊ မဲစာရင်းများကို ကြိုတင် အခြေခံ မဲစာရင်းပြုစုခြင်း၊ ဆန္ဒမဲရေတွက်ရာတွင် တိကျခိုင်မာမှုရှိစေရန် တာလီမှတ်ပြီး ရေတွက်သည့်စနစ်ကို ကျင့်သုံးရန် စီစဉ်ထားရှိခြင်း၊ မဲရုံအလိုက်ရရှိသော လွှတ်တော် ကိုယ်စားလှယ်အသီးသီး၏ ဆန္ဒမဲရလဒ်ပုံစံ(၁၆)ကို မဲရုံနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးတွင် လည်းကောင်း၊ မြို့နယ်များအတွက် မြို့နယ်တွင် စာရင်းပေါင်းပြုစုသည့် ပုံစံ(၁၉)များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင်လည်းကောင်း ပွင့်လင်းမြင်သာစွာ ကြေညာထားရှိရန်အတွက် နည်းဥပဒေများတွင် ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း။
မဲဆန္ဒရှင်စာရင်း ကြေညာပြီးနောက် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်သွင်းရန် (၇)ရက်အစား ၁၄ ရက်အထိ တိုးချဲ့သတ်မှတ်ပေးထားခြင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် လူမှုရေးအဖွဲ့အစည်းများအား ဖိတ်ခေါ်ပညာပေး ပူးပေါင်း ဆောင် ရွက် နေခြင်း၊ ပြည်တွင်း /ပြည်ပရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ ခွင့်ပြုစောင့်ကြည့်စေခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများဆိုင်ရာ ကျင့်ဝတ်များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ ကျင့်ဝတ်များကို နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများဆိုင်ရာ ကျင့်ဝတ်များကို သက်ဆိုင်ရာနိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်ပြုစုနိုင်ခဲ့ခြင်း၊ စောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များကိုလည်း သက်ဆိုင်ရာလူမှုအဖွဲ့အစည်း ပုဂ္ဂိုလ်များနှင့် ပူးပေါင်းရေးဆွဲ ထုတ်ပြန်ကြေညာနိုင်ခဲ့ခြင်း၊ ပြည်ပမှစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ ကို တိတိကျကျ ထုတ်ပြန်ပေးထားနိုင်ခဲ့ခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည်များ၊ မဲဆန္ဒနယ်များစာရင်းကို ကြည့်ရှုနိုင်သည့်အပြင် မဲစာရင်းများကိုလည်း ကြည့်ရှုနိုင်ရန် ကြိုးစားဆောင်ရွက်နေခြင်း တို့ကိုဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါအချက်များသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ ကွဲလွဲချက်များအနက် အဓိကအချက်များကိုသာ ကောက်နှုတ်ဖော်ပြခြင်းသာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါ်ခင်မွှေးလွင်(မင်းကင်း) က ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
မိမိတို့နေဖြင့် မဲစာရင်းကိစ္စများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရာတွင် မဲဆန္ဒရှင်များက ၎င်းတို့၏ မဲစာရင်းပါဝင်ခြင်းရှိ/မရှိကို သွားကြည့်သူ မရှိသလောက်နည်းပါးပါကြောင်း၊ ရုပ်သံမီဒီယာများက နှိုးဆော်ပေးနေသော်လည်း ရုပ်သံမီဒီယာများကို ကြည့်ရှုရန် အချို့နေရာဒေသများတွင် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ကျေးရွာများတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ ကော်မရှင်ပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲမတိုင်မချင်း နှိုးဆော်မှုများကို အစဉ်တစိုက် ဆောင်ရွက်ပေးရန် အစီအစဉ်များကို တိုးချဲ့ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးမြင့်နိုင် (အဖွဲ့ဝင်)
မဲစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအနေဖြင့် မိမိတာဝန်ကျရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် သွားရောက် စိစစ်ပါသော်လည်း မဲစာရင်းမှားယွင်းမှု၊ လိုအပ်နေမှုများကို တိတိကျကျ တင်ပြထားရှိခြင်း မရှိပါကြောင်း၊ မိမိတို့နေဖြင့် တိတိကျကျတင်ပြသော စာရင်းများကို ထည့်သွင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မဲစာရင်းပြုစုရေးအတွက် သက်ဆိုင်ရာပါတီများ လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ကြေညာထားပါကြောင်းနှင့် ပါတီများက သေသေ ချာချာပူးပေါင်းဆောင်ရွက်ပြီး ပြင်ဆင်ဖြည့်စွက်ရန် ပေးပို့လာပါက အချိန်မရွေး မဲစာရင်းထဲတွင် ပြင်ဆင်သွားမည်ဖြစ်ပါကြောင်း၊ ယခုမဲစာရင်းသည်လည်း အခြေခံမဲစာရင်းသာဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် တွေ့ကြုံရသည့် အခက်အခဲများကို ပိုမို ပြည့်စုံမှန်ကန်အောင် ဖြည့်စွမ်းနိုင်သည့်နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲစာရင်းကို အပြီးသတ် ကြေညာပြီးချိန်တွင်လည်း ၁၄ ရက်အတွင်း တောင်းဆိုလွှာ၊ ပြင်ဆင် ကန့်ကွက်လွှာများဖြင့် တောင်းဆိုနိုင်ပါကြောင်း၊ နည်းဥပဒေ အရ လျှောက်လွှာပုံစံ(၃)ကို ကိုယ်စားလှယ်မှ တစ်ဆင့် တောင်းဆိုနိုင်သော်လည်း လျှောက်လွှာပုံစံ(၄)နှင့် ပုံစံ(၄-ဂ)များအတွက် သက်ဆိုင်ရာမဲဆန္ဒ ရှင်များ ကိုယ်တိုင်က ဖြည့်စွက် လာရောက်တင်သွင်းရန် သတ်မှတ်ထားပါကြောင်း၊ ရွေးကောက်ပွဲနှင့်ပက်သက်၍ မဲစာရင်းများမှန်ကန်ရန် ဆောင်ရွက်ရန်နည်းလမ်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အရှိန်အဟုန်ဖြင့်ေ ဆာင်ရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
