မိမိအနေဖြင့် အများပြည်သူများ သိရှိလိုသော မော်တော်ယာဉ် မှတ်ပုံတင်ခြင်းနှင့် ယာဉ်အမှတ်များနှင့် စပ်လျဉ်းသည့်မေးခွန်းကိုမေးမြန်းလိုပါကြောင်း၊ (၁) မော်တော်ယာဉ်များ မှတ်ပုံတင်ရာတွင် ယာဉ် အမှတ်များကို အင်္ဂလိပ်နံပါတ်များ ပြောင်းလဲတပ်ဆင်ပေး လျက်ရှိရာတွင် မည်သည့်အတွက် ထိုသို့ ပြောင်းလဲ တပ်ဆင်ပေးရသည်ကိုသိရှိလိုပါကြောင်း၊ (၂) မော်တော်ယာဉ် နံပါတ်ပြားများတွင် တပ်ဆင်ထားတပ်ဆင်ရာတွင် နံပါတ်ပြားအရောင်များ၊ ရေးသားထားသည့် အင်္ဂလိပ်အက္ခရာများ၏ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်ကို သိရှိလိုပါကြောင်း၊ (၃) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ကနေ ထုတ်ပေးထားသည့် နံပါတ်ပြားများမဟုတ်ဘဲ တခြားနံပါတ်ပြားများ တပ်ဆင်သွားလာလျက် ရှိသည့်အတွက် အဆိုပါယာဉ်များနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
မော်တော်ယာဉ်များကို မှတ်ပုံတင်ရာတွင် ယခင်က ယာဉ်အမှတ်များကို မြန်မာအက္ခရာ၊ မြန်မာ ဂဏန်းများနှင့် အသုံးပြုခဲ့ပါကြောင်း၊ မော်တော်ယာဉ်များမှတ်ပုံတင်ထားသော တိုင်းဒေသကြီး/ ပြည်နယ်များကို အလွယ်တကူသိရှိနိုင်ရန်အတွက် ယာဉ်နံပါတ်ပြားများတွင် တိုင်းဒေသကြီး/ ပြည်နယ်များ ကုတ်များထည့်သွင်းရန် ဦးစွာစဉ်းစားခဲ့ပြီး ဖြစ်ပါကြောင်း၊ အာဆီယံ နိုင်ငံများရှိ မော်တော်ယာဉ်နံပါတ်ပြားများ၏ ရေးသားဖော်ပြချက်များကိုလေ့လာရာတွင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် မော်တော်ယာဉ်နံပါတ်ပြား၏ ရှေ့အက္ခရာသည် ၎င်းတို့၏ ဘာသာ စကားဖြစ်၍ နောက်ဂဏန်းများသည် အင်္ဂလိပ်အက္ခရာများဖြစ်ပါကြောင်း၊ ကျန်အာဆီယံနိုင်ငံများတွင် မော်တော်ယာဉ်နံပါတ်ပြားကို အင်္ဂလိပ်စာလုံးနှင့် ဂဏန်းများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ တကာနှင့် ဆက်ဆံရာတွင်လည်း လွယ်ကူစေရန်အတွက် ယာဉ်အမှတ်အသားများကို အင်္ဂလိပ် စာလုံးများနှင့် ရေးသားမှုကို တစ်ပါတည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မော်တော်ယာဉ် အမှတ်များကို အင်္ဂလိပ် နံပါတ်ပြားများအဖြစ်ပြောင်းလဲခြင်းကို ၃-၇-၂၀၁၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါပြီး တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီ အပါအဝင် စုစုပေါင်း ၁၅ ခုကို သက်ဆိုင်ရာ အင်္ဂလိပ်အက္ခရာအတိုကောက်စာလုံးများဖြင့် တစ်ပါတည်း ထည့်သွင်းသတ်မှတ် အသုံးပြုခဲ့ပါကြောင်း။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် မော်တော်ယာဉ်များ၏ မှတ်ပုံတင်ထားသည့် တိုင်းဒေသကြီး/ ပြည်နယ်များကို အလွယ်တကူ သိရှိနိုင်ခြင်း၊ ယာဉ်တိုက်ခိုက်မှုတွင် လွယ်ကူမှန်ကန်စွာ ဖော်ထုတ် နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည့် နိုင်ငံခြားသားများကို အထောက် အကူပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း။
မော်တော်ယာဉ်နံပါတ်ပြား၏ အရောင်များနှင့်စပ်လျဉ်း၍ ယာဉ်ကိုအသုံးပြုသော လုပ်ငန်းအမျိုး အစားနှင့်အဖွဲ့အစည်း ကွဲပြားစေရန်အတွက် သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ ယာဉ်အမျိုးအစားအလိုက် အရောင်သတ်မှတ်ချက်များအနေဖြင့် သံရုံးအဖွဲ့အစည်းပိုင်ယာဉ်များကို အောက်ခံရောင်အဖြူ စာလုံးအရောင်အနက်၊ သာယနာပိုင်ယာဉ်များကို အောက်ခံရောင် အဝါ စာလုံးအရောင်အနက်၊ ခရီးသွားလုပ်ငန်းယာဉ်များကို အောက်ခံအရောင်အပြာ စာလုံးအရောင်အဖြူ၊ ကိုယ်ပိုင်ယာဉ်၊ ဆိုင်ကယ်ယာဉ်များကို အောက်ခံအရောင် အနက်၊စာလုံး အရောင်အဖြူ၊ အငှားယာဉ်၊ နောက်တွဲယာဉ်များကို အောက်ခံ အရောင်အနီ၊ စာလုံးအရောင်အဖြူ၊ လှူဒါန်းယာဉ်များကို အောက်ခံအရောင်အစိမ်း၊ စာလုံးအရောင်အဖြူ၊ နိဗ္ဗာန်ယာဉ်များကို အောက်ခံအရောင် နီညို၊ စာလုံးအရောင်အဖြူစသည်ဖြင့် ခွဲခြားသတ်မှတ်ပေးထားခဲ့ပါကြောင်း။
မော်တော်ယာဉ် နံပါတ်ပြားများတွင် ပါရှိသော အင်္ဂလိပ်စာလုံးများသည် မော်တော်ယာဉ် အသုံးပြုသော လုပ်ငန်းနယ်ပယ်နှင့် အဖွဲ့အစည်းများကို ခွဲခြားသိရှိစေရန်ဖြစ်ပါကြောင်း၊ သာသာနာပိုင်ယာဉ်များအတွက် RLG (RELIGIOUS)၊ နိဗ္ဗာန်ယာဉ် HSE (HRARSE)၊ သံရုံး/သံတမန်ယာဉ် CD (CORP DIPLOMATIC)၊ အဖွဲ့အစည်းပိုင်ယာဉ် UN (UNITED NATION ) စသဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း။
ထိုသို့သတ်မှတ်ရာတွင် ရာသက်ပန်အငှားယာဉ် AA,BB,CC ယာဉ်အမှတ်များကို သီးခြားယာဉ်အမှတ်များသတ်မှတ်ပြီး ကျန်ယာဉ်အမျိုးအစားအားလုံးကို ရောက်ရှိမူသေ နံပါတ်များဖြင့် သတ်မှတ်ပေးထားခဲ့ပါကြောင်း၊ RLG၊ HSE ၊ CD ၊ UN စသည့် ယာဉ်အမှတ် အမျိုးအစားများကို ကနဦးမှတ်ပုံတင်ရာတွင် ပြည်ပတင်သွင်းရန်မှတ်ပုံတင်ခကို ကင်းလွတ် ခွင့်ပြုထားခဲ့ပါကြောင်း၊ ရာသတ်ပတ်အငှားယာဉ် AA,BB,CC အမျိုးအစားများကို ကိုယ်ပိုင်ယာဉ် အဖြစ်ပြောင်းလဲသုံးစွဲ၍ မရပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ခံသည့် ယာဉ်များကို နယ်မြေမပြောင်းရ၊ ကိုယ်ပိုင်ယာဉ်အဖြစ်ပြောင်းလဲခြင်းများ၊ ရောင်းချ၍ အမည်ပြောင်းလဲခြင်းများ ခွင့်မပြုဟူသော ကန့်သတ်ချက်ဖြင့် ပြည်ပတင်သွင်း မှတ်ပုံတင်ခကို မူလတန်ဖိုး FOB ၅၀ ရာခိုင်နှုန်း ကောက်ခံ၍ AA,BB,CC ယာဉ်အမှတ်သတ်မှတ်ပြီး Taxi ယာဉ်အဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေ ၁၃၇ တွင် ယာဉ်တွင်တပ်ဆင်ထားသော မှတ်ပုံတင် အမှတ်သည် ထင်ရှားပေါ်လွင့်ခြင်းမရှိလျှင် သို့မဟုတ် မှတ်ပုံတင်အမှတ်ပြားပုံသဏ္ဍန်ဖြစ်နေလျှင် ထို ယာဉ်ကို မမောင်းနှင်ရ သို့မဟုတ် မမောင်းနှင်စေရဟု ဖော်ပြထားရှိပါကြောင်း။
အင်္ဂလိပ် အက္ခရာနံပါတ်ပါ နံပါတ်ပြားများကို ပြောင်းလဲတပ်ဆင် လိုကြောင်း လာရောက်လျှောက်ထားပါက ပြောင်းလဲဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားသော နံပါတ်ပြားမဟုတ်ဘဲ အခြား နံပါတ်များ တပ်ဆင်သွားလာလျက်ရှိသော ယာဉ်များကို လိုင်စင်မဲ့ယာဉ်ဟု သံသယရှိနိုင်သည့်အတွက် မော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားများနှင့် စိစစ်ခြင်း၊ လိုအပ်ပါက ရုံးမှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများပြုလုပ်၍ အကြောင်းပြန်ကြားပေးခြင်းအားဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးနန္ဒကျော်စွာ(ဒဂုံ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မော်တော်ယာဉ်အက္ခရာနံပါတ်ပြားများကို တပ်ဆင်ရာတွင် အင်္ဂလိပ်နံပါတ်ပြားများအပြင် နံပါတ်ပြားများ၏ ဘေးပတ်လည်တွင် ရောင်ပြန် LED မီးလုံးလေးများကို တပ်ဆင်ထားထားသည့် ကိစ္စရပ်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၏ တရားဝင် နံပါတ်ပြား တပ်ဆင်ထားခြင်းမဟုတ်သည့် ယာဉ်များကိုလည်း မည်သို့မျှ အရေးယူလို့ရနိုင်ဖွယ်ရာ မရှိပါကြောင်း၊ ထို့အပြင် သာသနာပိုင်ယာဉ်ကို RELIGIOUS ကို RLG ဟူ၍ အက္ခရာသတ်မှတ်ခြင်းကို လက်ခံနိုင်သော်လည်း နိဗ္ဗာန်ယာဉ် HRARSE (HSE) ကို Ambulance ယာဉ်များတွင် တပ်ဆင်ခြင်း သင့်လျော်ခြင်းမရှိသည့်အတွက် ပြန်လည်ပြောင်းပေးနိုင်ခြင်း ရှိ/မရှိကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
မိမိတို့ကညနတွင် မော်တော်ယာဉ်များ ကနဦး မှတ်ပုံလာတင်ချိန်တွင် အရှေ့၊ အနောက်၊ ဘယ်ညာ ဟူ၍ ဓာတ်ပုံသုံးပုံနှင့် မှတ်တမ်းတင်ထားရှိပါကြောင်း၊ နောက်တစ်ကြိမ် နောက်သက်တမ်းတိုးချိန်တွင် ယခင် မှတ်တမ်းတင်ထားသော ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးပြီး အချို့သော ပုံသဏ္ဍာန်မတူသည့် အချက်များကို ပြန်လည်ပြင်ဆင်ခိုင်းပါကြောင်း၊ မိမိတို့ဆီသို့ သက်တမ်း တိုးချိန်တွင် ကညနမှ သတ်မှတ်ထားသော နံပါတ်ပြားမဟုတ်ပါက သက်တမ်းတိုးခွင့်မပြုဘဲ သတ်မှတ် ပေးထားသော နံပါတ်ပြားကိုသာ ပြောင်းလဲတပ်ဆင်စေပြီးမှ သက်တမ်းတိုးခွင့် ပြုပါကြောင်း၊ သို့သော် မိမိတို့ဆီတို့ သက်တမ်းတိုးသည့်ရက်သည့် တစ်နှစ်လျှင် တစ်ရက်သာဖြစ်သည့်အတွက် ကျန်ရက်များ တွင် ထိုကဲ့သို့ တပ်ဆင်မောင်းနှင်နေကြသည့်မော်တော်ယာဉ်များလည်းရှိပါကြောင်း၊ အဆိုပါ ကိစ္စရပ်များအတွက် မြန်မာနိုင်ငံယာဉ် ထိန်းရဲတပ်ဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
HSE အက္ခရာသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ နိဗ္ဗာန်ယာဉ်နှင့် လူနာတင်ယာဉ် ကန့်သတ်ချက်များ ကွဲပြားပါကြောင်း၊ မှတ်ပုံတင်ပေးခြင်းသည် နိဗ္ဗာန်ယာဉ်အတွက်သာ မှတ်ပုံတင်ပေးခြင်းဖြစ်ပါကြောင်း၊ HSE နံပါတ်သည်လည်း နိဗ္ဗာန်ယာဉ်အတွက်သာ ဖြစ်ပါကြောင်း။
လူနာတင်ယာဉ်များကို အခြားသောယာဉ်များနှင့် နံပါတ်များကို တစ်တွဲတည်းထားရှိခြင်းဖြစ်ပြီး လူနာတင်ယာဉ်များနှင့် ပတ်သက်သည့်သတ်မှတ်ချက်များရှိပါကြောင်း၊ HSE ကို ယခင်က နိုင်ငံခြားက ဝင်သည့်ယာဉ်များကိုပေးပါကြောင်း၊ လူနာတင်ယာဉ်တင်သွင်းသည့်လမ်းကြောင်းသည် အခြားယာဉ်များကဲ့သို့ အလားတူပင်ဖြစ်ပြီး မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိဘဲ မှတ်ပုံတင်ပေးပါကြောင်း၊ လူနာတင်ယာဉ်ဖြစ်ရန် First Aid ကုသနိုင်ရန် ကန့်သတ်ချက်များရှိခြင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများက ၎င်းတို့၏ ငွေကြေးရရှိရေးအတွက် လူနာတင်ယာဉ်များ သုံးခြင်းတို့ကြောင့် ယခင်တုန်းက လူနာတင်ယာဉ်များကို မှတ်ပုံတင်မပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ယာဉ်များကို နှစ်လည်မှတ်ပုံတင်လာသည့်အချိန်တွင် အဆိုပါကိစ္စရပ်များ ဖြစ်ပေါ်ခြင်း မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
