စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ပေါင်ဆိုင်ကျေးရွာတွင် ဧက ၅၀၀ ခန့် ရွှေများထွက်သည်ဟုဆိုကာ ၂၀၁၁ ခုနှစ်မှစပြီး လက်ယက်တွင်းများ တူးဖော်နေရာမှ ကုမ္ပဏီကြီးများဝင်ရောက်လာပြီး အကွက်များရိုက်ကာ ဝင်ရောက်တူးဖော်လာကြပါကြောင်း၊ ထိုသို့ လုပ်ကိုင်သော ကုမ္ပဏီကြီးများတွင် သတ္တုတွင်းဝန်ကြီးဌာနမှ တရားဝင်လုပ်ကိုင်ခွင့် ကျထားသော ကုမ္ပဏီများ ရှိသကဲ့သို့ တရားမဝင်ကုမ္ပဏီများကလည်း ၂၀၁၁ ခုနှစ် ၅ လပိုင်းခန့်က စပြီးတူးဖော်လာကြပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တောင်ကုန်းများ ကုန်သလောက်ရှိပြီး သယံဇာတများ ကုန်ဆုံးသွားသည့်အခါ မြေဇာပုံကြီးများ၊ ချိုင့်ကြီးများကို ပြန်လည်ပြုပြင်ပေးခြင်းမရှိဘဲ တရားမဝင် ပြန်လည်ထွက်ခွာသွားကြပါကြောင်း၊ ၎င်းရွှေတွင်းများက မျှောတိုက်ချလိုက်သည့်မြေများသည် ချင်းတွင်းမြစ်အတွင်းကို တိုက်ရိုက်ရောက်ရှိသွားပြီး မြစ်ရေများနောက်ကျိပြီး သောင်များ ဖြစ်ထွန်းလာကာ ချင်းတွင်းမြစ်သည် တဖြည်းဖြည်း တိမ်ကောလာပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းများတွင်လည်း လုပ်ကွက်များ မအောင်မြင်ဘဲ ထွက်ပြေးသွားသည့် ကုမ္ပဏီများကို ၎င်းတို့မထွက်ခွာမီ ဂေဟစနစ် ပျက်စီးသွားခြင်းများ တွေ့ရှိသော်လည်း ပြန်လည်ပြုပြင်ရန် တောင်းဆိုထားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့စာချုပ်ချုပ်ဆိုထားသော စာချုပ်ထဲတွင် ပျက်စီးသွားသည့် ဂေဟစနစ်များကို ပြန်လည်ပြုပြင်ပေးရန် သစ်ပင်များ ပြန်လည်စိုက်ပျိုးပေးရန် ပါရှိသော်လည်း စာချုပ်ပါစည်းကမ်းအတိုင်း ပြန်လည်ပြုပြင်ပေးခဲ့ခြင်း မရှိပါကြောင်း၊ စာချုပ်များ ဖောက်ဖျက်ပြီး တိတ်တဆိတ် ထွက်ခွာသွားသည်ကို ဒေသအာဏာပိုင်များက သိရှိသော်လည်း မည်သည့်အရေးယူဆောင်ရွက်မှုမှ ယခုအချိန်အထိ မရှိပါကြောင်း၊ ယခုအခါ ခန္တီးမြို့နယ်၊ ပေါင်ဆိုင်ကျေးရွာတစ်လျှောက် သယံဇာတများ ကုန်သွားပြီဖြစ်သောကြောင့် မြစ်အထက်ပိုင်းရှိ တိုက်တီးနှင့် တကုန်းကြားတွင် တရားမဝင်ပြန်လည် တူးဖော်နေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်ပံတောင်းတောင်၊ စံပယ်တောင်များသာ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်း တစ်လျှောက် တောတောင်များလည်း ပျောက်ကွယ်သွားပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ခန္တီးမြို့နယ်၊ ပေါင်ဆိုင်ကျေးရွာရှိ တရားမဝင် ရွှေလုပ်ကွက်လုပ်ကိုင်နေသော ကုမ္ပဏီများကို စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဝန်ကြီးဌာနမှ သိရှိခြင်း ရှိ/မရှိ၊ ဂေဟစနစ်ပျက်စီးသွားခြင်းများကို ပြန်လည်ပြုပြင်ပေးခြင်းမရှိသော တရားဝင် တူးဖော်ခွင့်ရရှိသည့် ကုမ္ပဏီများ၊ တရားမဝင်တူးဖော်နေသော ကုမ္ပဏီများကို အရေးယူခြင်း ရှိ/မရှိနှင့် ချင်းတွင်းမြစ်တစ်လျှောက် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ ကြောင့် တောတောင်များပျောက် ကွယ်သွားခြင်း၊ ရွာလုံးကျွတ် ပျောက်ကွယ်သွားခြင်း၊ ဂေဟစနစ် ပျက်စီးသွားခြင်းများကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအနေဖြင့် သိရှိမှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပေါင်ဆိုင်ကျေးရွာ၌ တရားမဝင် ရွှေလုပ်ကွက်လုပ်ကိုင်သည်ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍ ခန္တီးမြို့နယ်ရှိ ပေါင်ဆိုင်ကျေးရွာဧရိယာတွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသော ခန္တီး ကျောက်မျက်ရတနာ နယ်မြေ သတ်မှတ်ထားသော ဧရိယာအတွင်း ကျရောက်လျက်ရှိပါကြောင်း၊ အဆိုပါ ဧရိယာအတွင်း၌ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ အသေးစား/အကြီးစား ရွှေတူးဖော်မှုလုပ်ကွက်များ တရားဝင်ခွင့်ပြုချ ထားပေးခဲ့ခြင်းမရှိပါကြောင်း၊ ထို့အပြင် တရားမဝင်ရွှေတူးဖော်မှုနှင့် ပတ်သက်ပြီး တင်ပြတိုင်ကြားလာမှု မရှိခြင်းနှင့် ခန္တီးကျောက်မျက်ရတနာနယ်မြေအဖြစ် သတ်မှတ်ထားသော ဧရိယာ ဖြစ်နေခြင်းတို့ကြောင့် ဝင်ရောက်စစ်ဆေးနိုင်ခြင်းမရှိပါဘဲ တင်ပြတိုင်ကြားလာမှုများ ရှိလာပါကလည်း သတ္တုတွင်းဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကွပ်ကွဲမှုဖြင့် ကွင်းဆင်းစစ်ဆေး ဖမ်းဆီးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရေအားလျှပ်စစ်တည်တံ့မှုကြောင့် ပြန်လည်ပြုပြင်ခြင်း မရှိသော တရားဝင်ရွှေတူးဖော်ခွင့်ရရှိသော ကုမ္ပဏီများအား မည်ကဲ့သို့ အရေးယူခြင်းရှိ/မရှိနှင့်စပ်လျဉ်း၍ ထမံသီရေအားလျှပ်စစ်စီမံကိန်း သတ်မှတ်ဧရိယာအတွင်း တရားဝင်ရွှေလုပ်ကွက်များ ချထားပေးမှုမရှိပါကြောင်း၊ ၎င်းဧရိယာအတွင်း တရားမဝင် ရွှေသတ္တုတူးဖော်ခြင်းများ ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲမြန်မာ့ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကွင်းဆင်းစစ်ဆေး အရေးယူခြင်းများ ပြုလုပ်နိုင်ရေး စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း။
ချင်းတွင်းမြစ်တစ်လျှောက် တရားမဝင်ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် တောတောင်များနှင့် ရွာလုံးကျွတ် ပျောက်ကွယ်သွားသည်ဆိုသည့် ကိစ္စနှင့်စပ်လျဉ်း၍ ချင်းတွင်းမြစ်တစ်လျှောက်တွင် တရားမဝင် ရွှေသတ္တုတူးဖော်မှုကြောင့် တောတောင်များ ပျောက်ကွယ်သွားခြင်း၊ ကျေးရွာများ ရွာလုံးကျွတ် ပျောက်ကွယ်သွားခြင်း အစရှိသည့် သတင်းအချက်အလက်များ ယနေ့အချိန်အထိ လက်ခံရရှိမှု မရှိခြင်း မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင်လည်း ထိုသို့ ပျောက်ကွယ်သည်ဆိုသည့် သတင်းအချက်များ မရှိခြင်းတို့ကြောင့် ထို့သို့သော သတင်းအချက်အလက်များ တိကျခိုင်မာစွာ ရရှိရေး မေးမြန်းစုံစမ်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး သတ္တုတွင်းစီမံကိန်းရုံးအနေဖြင့် တရားမဝင် ရွှေသတ္တု တူးဖော်လုပ်ကိုင်ဆောင်ရွက်မှုများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ချင်းတွင်းမြစ် ဝဲယာတစ်လျှောက်တွင်လည်း ရွှေတူးဖော်သည့် လုပ်ကွက်များအား မြစ်ကမ်းဘေးမှ အနည်းဆုံး အကွာအဝေး ပေ ၃၀၀ ကျော် ချန်လှပ်နိုင်ရေး စိစစ်ကြပ်မတ်လျက်ရှိပြီး လုပ်ကွက်များ ပြန်လည်အပ်နှံသည့်အခါတွင်လည်း လုပ်ကွက်များအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သော ပြန်လည် မြေဖို့ပြုပြင်ခြင်း၊ အစားထိုးနှစ်ရှည်ပင်များအား သတ်မှတ်ချက်နှင့်အညီ ပြန်လည်စိုက်ပျိုးစေခြင်းများကို သက်ဆိုင်ရာကုမ္ပဏီများအား တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် လုပ်ကွက်ပြန်လည် အပ်နှံမှုအတွက် တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ကန့်ကွက်ရန် မရှိကြောင်း သဘောထားမှတ်ချက် ရယူပြီးမှသာ စနစ်တကျ ပြန်လည်အပ်နှံစေလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
