(ဂ)-သဘာဝဘေးဒဏ်ကြောင့်တောင်သူလယ်သမား များ၏စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးမှုအတွက်စိုက်ပျိုး စရိတ်ချေးငွေအကြွေးများအားဆိုင်းငံ့ထားပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၄)ရက်မြောက်နေ့ (၂၈.၅.၂၀၁၅)

ဦးမြင့်ဦး (သနပ်ပင်)၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်း မိုးများစွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ မြို့နယ်များမှာ စပါးစိုက်ဧကများစွာပျက်စီးဆုံးရှုံးခဲ့ခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် အဆိုအဖြစ်တင်ပြ၍ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးပြီး ထောက်ပံ့မှုအပြည့်အဝမရရှိသော တောင်သူ လယ်သမားများ၏ တင်ပြချက်များနှင့်အတူ နိုင်ငံတော်သမ္မတကြီးထံကို မေတ္တာရပ်ခံစာပေးပို့ခဲ့သည့်အတွက်  သမ္မတကြီးက ပြန်လည်စိစစ်ပြီးတင်ပြရန် မြို့နယ်ကိုညွှန်ကြားခဲ့ပါကြောင်း၊၊ သို့သော် တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးခြင်းမရှိဘဲ မြို့ပေါ်သို့ ခေါ်ယူစစ်ဆေးခံရခြင်းတို့ကြောင့် အလုပ်အကိုင်းများ ပျက်ခြင်းနှင့် စရိတ်စက များ ထပ်မံကုန်ကျခြင်းများကို ကြုံတွေ့ခဲ့ရပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးများစွာရွာသွန်းခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့နယ်များတွင် စပါးခင်းနှင့် စိုက်ပျိုးသီးနှံများ  ထိခိုက်ပျက်စီးခြင်းများ ထပ်မံဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်ကို တင်ပြခဲ့သော်လည်း ထောက်ပံ့မှုအကူအညီများ လုံးဝမရရှိခဲ့ကြပါကြောင်း၊ ယခုအချိန်သည် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်ရခြင်းဖြစ်သည့်အတွက် အကြွေး နွံနစ်နေတဲ့တောင်သူလယ်သမားတွေမှာ အခက်အခဲများစွာ ကြုံနေကြရပပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးထိခိုက် ဆုံးရှုံးမှုများကို ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်ထိရောက်စွာ ပံ့ပိုးပေးနိုင်ခြင်းရှိ/မရှိနှင့် အမှန်တကယ်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်သော တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးများအား တစ်စုံတစ်ရာလျော်ပေးခြင်း သို့မဟုတ် အကြွေးများဆိုင်းငံ့ ထားနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းသဘာဝဘေးအန္တရာယ်များကျရောက်မှုကြောင့် စိုက်ပျိုးသီးနှံံများ ထိခိုက်ပျက်စီးမှုအပေါ် အချိန်မီတင်ပြပါက ပံ့ပိုးပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးမှ စိစစ်ထောက်ခံ တင်ပြချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပါက ပြည်ထောင်စုအစိုးရအဖွဲ့မှ ထိထိရောက်ရောက်ပံ့ပိုး ကူညီ ပေးလျက်ရှိပါကြောင်း၊     

လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ချေးငွေရွှေ့ဆိုင်း ပေးရန် ကိစ္စနှင့်ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နည်းဥပေဒ၏ အခန်း ၆၊ အပိုဒ် ၃၀ အရ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုဖြစ်ပြီး ပျက်စီးချိန်တွင် အချိန်နှင့်တစ်ပြေးညီတင်ပြပါက မြို့နယ်ဘဏ်ခွဲမှကွင်းဆင်းစစ်ဆေး၍ သတ်မှတ်သည့်အတိုင်းအတာအထိ ပျက်စီးသည်ဆိုလျှင် ဒေသ အာဏာပိုင်များ၏  အဆင်‌့ဆင့်သောထောက်ခံချက်ဖြင့် ချေးငွေပေးဆပ်ခြင်းကာလကို ဘဏ်က ရွှေ့ဆိုင်းပေးနိုင်ပါဟု ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊

ဖော်ပြပါနည်းဥပဒေ အခန်း ၆၊ အပိုဒ်  ၃၀ အရ ချေးငွေပေးဆပ်ကာလကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ရွှေ့ဆိုင်းပေးနိုင် သော်လည်း ထုတ်ချေးငွေများသည် ထောက်ပံ့ငွေမဟုတ်ဘဲ ချေးငွေအမျိုးအစားဖြစ်၍ သတ်မှတ် ကာလအတွင်း အတိုးနှင့် တကွ ချေးငွေအပြည့်အဝ ပြန်လည်ပေးဆပ်ရသည့်အပြင် ချေးငွေဖြစ်သဖြင့် လျော်၍မရနိုင်ပါကြောင်း၊  သို့သော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ဘဏ်ခွဲအနေဖြင့် ၂၀၁၂ ခုနှစ်၊ မိုးချေးငွေတွင် တောင်သူ ၅ ဦး၊ ကြွေးကျန် ၂.၀၃ သန်း၊ ၂၀၁၂ ခုနှစ်၊ ဆောင်းချေးငွေတွင် တောင်သူ ၆ ဦး၊ ကြွေးကျန် ၂.၀၅ သန်း၊ ၂၀၁၃ ခုနှစ်၊ မိုးချေးငွေတွင် တောင်သူ ၆၁၀ ဦး၊ ကြွေးကျန် ၄၄၉.၀၇ သန်းနှင့် ၂၀၁၃ ခုနှစ်၊ ဆောင်းချေးငွေမှာ တောင်သူ ၄၁၆ ဦး၊ ကြွေးကျန် ၁၃၆.၅၆ သန်း၊ စုစုပေါင်း ကြွေးကျန် ၅၈၉.၆၉ သန်းပေးဆပ်ရန် ကျန်ရှိနေပါကြောင်း၊

ထို့အပြင် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ချေးငွေညွှန်ကြား စာအပိုဒ် ၃(က) တွင် အချိန်စေ့ရောက်ပြီး နှစ်စဉ်ချေးငွေ၊ နှစ်တိုချေးငွေ၊ နှစ်ရှည်ချေးငွေများ၏ အရစ် ကျငွေအရင်း၊ အတိုးများ ပေးချေရရန်နှင့် ချေးငွေ မပြေကျေသူများအား ချေးငွေထုတ်ချေးခြင်း မပြုရဟုဖော်ပြပါစည်းကမ်းချက်အတိုင်း ကြွေးဟောင်းမပြေပါက ကြွေးသစ်ရရှိနိုင်မည်မဟုတ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေများနှင့်အညီ တောင်သူ လယ်သမား များ စိုက်ပျိုးရေးလုပ်ကိုင်ရာမှာ သင်‌့တင့်သော ငွေကြေးအရင်းအနှီးရရှိစေရေး၊ ဒေသအလိုက် ငွေကြေး အရင်းအနှီးလိုအပ်ချက်ကို အချိန်မီအချိန်ကိုက် ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကို ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့ကစတင်ပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်များက တစ်ပြိုင်နက်ထုတ်ချေးပေးလျက်ရှိပါကြောင်း။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးငွေများဟာ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် အတိုးဖြင့်ရယူရသော ချေးငွေများဖြစ်ခြင်း၊  မြန်မာ့စီးပွားရေးဘဏ်မှလည်း အများ ပြည်သူများ စုဆောင်းအပ်နှံထားတဲ့ စုဆောင်း ငွေများမှ ထုတ်ချေးခြင်းဖြစ်ပါ၍ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ကနေပြီးတော့ ထုတ်ချေးငွေများကို ဆိုင်းငံ့ခြင်းသာ ဆောင်ရွက်ပေးနိုင်ပြီး လျော်ပစ်ရန်မဖြစ်နိုင် ပါကြောင်း ပြန်လည် ဖြေကြားပါသည်။

ဦးမြင့်ဦး(သနပ်ပင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တော် ဦးစိုးနိုင်က  တောင်သူလယ်သမား၊ အခွင်‌့အရေးကာကွယ်ရေးနဲ့ အကျိုး စီးပွားမြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေအတိုင်း ၂၀၁၅ ခုနှစ်၊ စိုက်ပျိုးရာသီအမီ အကျိုးသက်ရောက်မှု ရှိအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းအတည်ပြု ထားပြီးဖြစ်ပါကြောင်း၊ ယခုအချိန်သည် စိုက်ပျိုးရာသီဖြစ်ခြင်းကြောင့် ယင်းအဆိုနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို သိရှိလိုပါကြောင်း၊  ပဲခူးတိုင်းတစ်ခုတည်းတွင်သာ စိုက်ပျိုးစရိတ်ကို ချေးငွေကို လယ်သမားများ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ကို သိမ်းဆည်းပြီးမှ ချေးငွေးထုတ်ခြင်းဖြစ်ပါကြောင်း၊ ဥပဒေအရ တစ်ခြား ဘဏ်များတွင်လည်း ပေါင်နှံနိုင်မည်ဖြစ်သော်လည်း မူရင်းလက်မှတ် မရှိပါက ပေါင်နံှနိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ယခုနှစ် စိုက်ပျိုးစရိတ်ချေးရာတွင် ပဲခူးတိုင်းတစ်ခုတည်းသာ ဆက်လက်၍ ပုံစံ-၇ တွေကိုသိမ်းပြီး ချေးငွေ ချေးပေးမည် ဟုတ်/မဟုတ်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း

ဥပဒေ၊ နည်းဥပဒေများကို ပြည်ထောင်စုလွှတ်တော်၏ ပြင်ဆင်ချက်နှင့်အတူ နည်းဥပဒေကို ရေးဆွဲ ပြဋ္ဌာန်း နိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊  တောင်သူလယ်သမားများ အတွက် အဓိကလိုအပ်ချက်တွေဖြစ်သော နည်းပညာ၊ ပံ့ပိုးပစ္စည်း၊ စက်မှုလယ်ယာထွန်ယက်ရေးနှင့်ချေးငွေများကို မိမိတို့ ဌာနအနေဖြင့် တတ်နိုင်ဆုံး တောင်သူလယ်သမားများအကျိုးအတွက် ဦးစားပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ မိမိတို့အနေဖြင့် တောင်သူလယ်သမားများအရင်းအနှီး ရရှိရန် ချေးငွေနှင့် ပတ်သက်၍ အထူးအလေးထားဆောင်ရွက် နေပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် တောင်သူလယ်သမားတွေ အချိန်မီရရှိနိုင်ရန်အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာနကို အကြိမ်ကြိမ်သွား ရောက်ပြီးတော့ အစိုးရအဖွဲ့ကို တင်ပြပြီးဆောင်ရွက်၍ မနှစ်က အတိုင်း အတိုးသက်သာသောအတိုးနှုန်းထား ပြန်လည်ရရှိရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ချေးငွေညွှန်ကြားလွှာများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်နဲ့အတူ သက်ဆိုင်ရာတွေက အတည်ပြုချက်ရရှိချိန်တွင် ညွှန်ကြားချက်ထုတ်ပြန်ပြီးသည်နှင့် စိုက်ချိန်အမီ ချေးငွေထုတ်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် မေလ ၁၈ ရက်နေ့တွင် တောင်သူလယ်သမားများ အရင်းအနှီးရရှိအောင် စတင်ထုတ်ချေးပေးနေပြီးဖြစ်ပါကြောင်း၊ ပုံစံ -၇နှင့် စပ်လျဉ်း၍  အသေးစိတ်ညွှန်ကြားချက်ကို ရုပ်သံလွှင့် မည်ဖြစ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပုံစံ-၇ မိတ္တူကို  ရက်ကြိုပေးရန်လိုအပ်ပါကြောင်း၊ ထို့နောက် မိမိတို့က ပိုင်ဆိုင်မှုရှိအပေါ် မှန်ကန်ခြင်းရှိ/ မရှိ်စစ်ဆေး၍ မှန်ကန်ပါက ထုတ်ချေးပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။