ဒီမိုကရေစီဖော်ဆောင်နေသော မိမိတို့၏ နိုင်ငံတော်ကြီးတွင် ခေတ်နှင့်အညီ လိုက်လျောညီထွေမှုမရှိသော၊ ကိုက်ညီမှုမရှိသော ဥပဒေများကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များပါ အတည်ပြု ရေးဆွဲပြဋ္ဌာန်းခဲ့ကြပါကြောင်း၊ အတည်ပြုရေးဆွဲခဲ့သော ဥပဒေများကို သက်ဆိုင်ရာနိုင်ငံတော်အကြီးအကဲမှလည်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ဥပဒေအချို့သည် ဥပဒေသာထွက်ပေါ်လာပြီး ယနေ့ထက်တိုင်အချိန်မီ နည်းဥပဒေကို ထုတ်ပြန်ထားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ နည်းဥပဒေကို အချိန်မီထုတ်ပြန်ထားခြင်း မရှိသည့်အတွက်ကြောင့် ပိုမိုပြည့်စုံနိုင်ရန် ဥပဒေတစ်ခုကို အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် ဥပဒေနှင့်အတူ နည်းဥပဒေများကို အချိန်မီအမြန်ဆုံး ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဥပဒေတစ်ရပ်ပြဋ္ဌာန်းသည့်အခါ ဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ပါက နည်းဥပဒေများထုတ်ပြန်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတစ်ရပ်ရပ်ကို အပ်နှင်းသည့် ပြဋ္ဌာန်းချက်ကို ဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းလေ့ရှိပါကြောင်း၊ ဥပဒေတစ်ရပ်ရပ်ပြဋ္ဌာန်းခြင်းသည် တိုက်ရိုက်ဥပဒေပြုခြင်း (Direct Legislation) ဖြစ်ပြီး နည်းဥပဒေများထုတ်ပြန်ခြင်းသည် တစ်ဆင့်ခံဥပဒေပြုခြင်း (Indirect or Subordinate Legislation) ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေတစ်ရပ်ပြဋ္ဌာန်းသည့်အခါ ပုဒ်မ ၉၇ (က) (၁) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို နည်းဥပဒေများထုတ်ပြန်နိုင်ခွင့်ကို အပ်နှင်းနိုင်သကဲ့သို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေတစ်ရပ်ပြဋ္ဌာန်းသည့်အခါတွင် ပုဒ်မ ၁၈၉ (က) (၁) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့အစည်းတစ်ရပ်ရပ်ကို နည်းဥပဒေ ထုတ်ပြန်ခွင့်များကို အပ်နှင်းနိုင်ပါကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များက ဥပဒေများ ပြဋ္ဌာန်းသည့်အခါတွင် သက်ဆိုင်ရာအဖွဲ့အစည်းများကို နည်းဥပဒေများ ထုတ်ပြန်နိုင်ခွင့်၊ အပ်နှင်းသည့်ပြဋ္ဌာန်းချက်များ၊ ဖော်ပြလေ့ရှိပါကြောင်း၊ ဥပဒေတစ်ရပ်ရပ်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုက လိုအပ်သောနည်းဥပဒေများကို ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းချက်သည် နည်းဥပဒေများကို မဖြစ်မနေထုတ်ပြန်ရမည့်သဘောမဟုတ်ဘဲ သက်ဆိုင်ရာစီမံခန့်ခွဲသည့်အဖွဲ့အစည်းက ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်အခါ နည်းဥပဒေများ ထုတ်ပြန်နိုင်ရန် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နည်းဥပဒေများ ထုတ်ပြန်ရန် လိုအပ်သောဥပဒေများရှိသကဲ့သို့ နည်းဥပဒေထုတ်ပြန်ရန်မလိုအပ်သော ဥပဒေများလည်း ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နည်းဥပဒေထုတ်ပြန်ရန် လိုအပ်ခြင်းရှိ/မရှိသည် ဥပဒေတစ်ခုချင်း၏ သဘောသဘာဝအပေါ်တွင်လည်း မူတည်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ခေတ်အဆက်ဆက်ပြဋ္ဌာန်းခဲ့သော ဥပဒေများကို လေ့လာရာတွင် နည်းဥပဒေထုတ်ပြန်ခြင်းမရှိသော ဥပဒေများလည်း များစွာရှိသည်ကို တွေ့ရှိရပါကြောင်း၊ သာဓကအားဖြင့် လွတ်လပ်ရေးမရမီကပြဋ္ဌာန်းခဲ့သော Penal Code, The Arms Act, The Public Property Protection Act,1947, The Myanmar Official Secrets Act ပါလီမန်ခေတ် ကပြဋ္ဌာန်းခဲ့သော ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုအက်ဥပဒေ၊ ၁၉၅၅ ခုနှစ် ကလေးသူငယ်များအက်ဥပဒေ၊ ၁၉၅၈ ခုနှစ် မသန်မစွမ်းဖြစ်လာသူများ အလုပ်ရရှိရေး အက်ဥပဒေ၊ တော်လှန်ရေးကောင်စီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ၁၉၆၄ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေ၊ ပြည်သူ့လွှတ်တော်ခေတ်က ပြဋ္ဌာန်းခဲ့သော ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ၊ လောင်းကစားဥပဒေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့တဲ့ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ စသည့် ဥပဒေများသ်ည နည်းဥပဒေ ထုတ်ပြန်ခဲ့ခြင်း မရှိသော ဥပဒေများဖြစ်ပါကြောင်း။
၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးပုဒ်မ ၁၃ (ခ) တွင် ဥပဒေတစ်ရပ်ရပ်တွင် ဥပဒေအာဏာတည်သည့်နေ့ရက်ကို အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိပါက ထုတ်ပြန်ကြေညာသည့် နေ့ရက်၌ စတင်အာဏာတည်မည်ဖြစ်သည်ကို ပြဋ္ဌာန်းထားပါကြောင်း သို့ဖြစ်ပါ၍ ဥပဒေတစ်ရပ်အတွက် နည်းဥပဒေ ထုတ်ပြန်ခြင်းမရှိစေကာမူ ယင်းဥပဒေသည် အာဏာတည်သည့်အတွက် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ပြဋ္ဌာန်းလိုက်သည့် ဥပဒေတစ်ခုချင်း၏ သဘောသဘာဝအရ နည်းဥပဒေထုတ်ပြန်ရန် မလိုသည့်အတွက် နည်းဥပဒေ ထုတ်ပြန်ခြင်းမရှိသော ဥပဒေများ၊ နည်းဥပဒေထုတ်ပြန်ရန် လိုအပ်သည့်အတွက်ကြောင့် နည်းဥပဒေထုတ်ပြန်ပြီးဖြစ်သော ဥပဒေများ၊ နည်းဥပဒေထုတ်ပြန်ရန် စိစစ်ဆောင်ရွက်ဆဲဖြစ်သော ဥပဒေများ ဟူ၍ အသီးသီးတွေ့ရှိရပါတယ်။ ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နည်းဥပဒေကို လိုအပ်ချက်နှင့်အညီ အမြန်ထုတ်ပြန်ရသည်များ ရှိသကဲ့သို့ ဥပဒေပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခြေအနေ၊ ပေါ်ပေါက်ချက်များ အပေါ် အခြေခံလျက် ကာလတစ်ခုထိ အချိန်ယူလေ့လာပြီးမှ နည်းဥပဒေများကို လိုအပ်သလို ထုတ်ပြန်ရသည်ကိုလည်း တွေ့ရှိရပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်းထားသော ဥပဒေများအရ နည်းဥပဒေ ထုတ်ပြန်မှု အခြေအနေကို မေးမြန်းခဲ့ရာ ကချင်ပြည်နယ်တွင် ဥပဒေ ၁၈ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၇ ခု ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကယားပြည်နယ်တွင် ဥပဒေ ၄ ခု ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၁ ခုနှင့် လုပ်ထုံးလုပ်နည်း ၁ ခု ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်တွင် ဥပဒေ ၇ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၁ ခု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်တွင် ဥပဒေ ၁၄ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဥပဒေ ၃၇ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၂၃ ခုနှင့် လုပ်ထုံးလုပ်နည်း ၅ ခုထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဥပဒေ ၂၀ ခု ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၁၄ ခု ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဥပဒေ ၁၄ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၁ ခု ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ဥပဒေ ၁၉ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၄ ခု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဥပဒေ ၂၆ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၁၄ ခု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်တွင် ဥပဒေ ၂၈ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၁ ခုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဥပဒေ ၂၁ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၄ ခု ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဥပဒေ ၁၈ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပါကြောင်း၊ ရှမ်းပြည်နယ်တွင် ဥပဒေ ၂၁ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေထုတ်ပြန်ခဲ့မှုမရှိသေးပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဥပဒေ ၂၅ ခုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ၅ ခုထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများအနေဖြင့် နည်းဥပဒေထုတ်ပြန်ရန် လိုအပ်သည့် ဥပဒေများအတွက် သက်ဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ပြဋ္ဌာန်းဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် နည်းဥပဒေများကို ထုတ်ပြန်ရန် လိုအပ်ခြင်းရှိ/မရှိနှင့် နည်းဥပဒေထုတ်ပြန်ရန်လိုအပ်သော ဥပဒေတစ်ရပ်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းက ဥပဒေတစ်ခုချင်း၏ သဘောသဘာဝအလိုက် သုံးသပ်ဆောင်ရွက်ရသဖြင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ အနေဖြင့်လည်း နည်းဥပဒေထုတ်ပြန်ရန် လိုအပ်ပါက ထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နန်းစေအွာ (ဘားအံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့နိုင်ငံတွင် အများဆုံးမှီတင်းနေထိုင်ကြသော အခြေခံအကျဆုံးလူတန်းစားဖြစ်သည့် တောင်သူလယ်သမား အကျိုးစီးပွားအတွက် တောင်သူလယ်သမား၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ထုတ်ပြန်ပြီးဖြစ်သည့်အတွက် နည်းဥပဒေထုတ်ပြန်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်စပ်လျဉ်း၍ ယင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အတည်ပြုရန် ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်တွင် အဆုံးအဖြတ်ရရန် ပါရှိပါကြောင်း၊ နည်းဥပဒေသည်လည်း သက်ဆိုင်ရာကို ဝန်ကြီးဌာနနှင့် ကော်မတီများက ပြဋ္ဌာန်းရန် ရောက်နေပြီဟု သိရှိရပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်သည့်ဥပဒေကြမ်းကို အတည်ပြုပြီးမှသာ နည်းဥပဒေများကိုလည်း ထုတ်ပြန်နိုင်မည်ဖြစ်သောကြောင့် အချိန်ကွာခြားမှုများ ရှိနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
