မိမိတို့ နိုင်ငံတွင်း စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်အောင် တည်ဆောက် နေချိန်တွင် နိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို လေ့ကျင့်ဆောင်ရွက်ပေးမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးရာတွင် နိုင်ငံခြားဘာသာစကားများ ကျွမ်းကျင်စွာ တတ်မြောက်အောင် ဆောင်ရွက်ပေးခြင်း၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ခြင်းသည် သိပ္ပံနည်းပညာနှင့် စီမံအုပ်ချုပ်မှု နယ်ပယ်များတွင် တစ်ဦးချင်း အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အတွက် သော်လည်းကောင်း အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဗဟိုဌာန ( Human Resource Development Centre) ကို ဖွင့်လှစ်ပြီး နိုင်ငံ့ဝန်ထမ်းများအတွက် အင်္ဂလိပ်ဘာသာစကားကို အဓိကထားပြီး လေ့ကျင့်သင်ကြားပေးနေပါကြောင်း သိရှိရပါသည်။ ၎င်း ဘာသာစကားအပြင် အခြား နိုင်ငံခြားဘာသာ စကားများကိုလည်း ကျွမ်းကျင်မှုရှိအောင် မည့်သို့ လေ့ကျင့်သင်ကြားပေးနေပါသနည်း၊ ကွန်ပျူတာသင်တန်းများ ကိုလည်း လေ့ကျင့်သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိ၊ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးနေသည်ဆိုပါလျှင် အဆင့်အတန်း အားလုံးကို လေ့ကျင့်သင်ကြားပေးရန် နှစ်စဉ်မည်သို့သော အစီအမံများချမှတ်ပြီး လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုး တိုးတက်အောင် မည်သို့ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန(Human Resource Development Centre) HRD ကို ၁၉၉၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနများအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် HRD အစီအစဉ်ဖြင့်ဖွင့်လှစ်သော အင်္ဂလိပ်စာ သင်ကြားမှုဘာသာရပ်အပြင် ကွန်ပျူတာတတ်ကျွမ်းမှု သင်တန်းများကိုပါ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သင်တန်းအစီအစဉ် ၂၀၀ ခုဖြင့် ဘွဲ့၊ ဒီပလိုမာလက်မှတ်ရသင်တန်းများကို ဖွင့်လှစ်ပြီး သင်တန်းသားပေါင်း ၂၅၇၇၆၇ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းများတွင် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများအပြင် အခြားပြင်ပမှ စိတ်ဝင်စားကြသော သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသူများ တက်ရောက်သင်ကြားနိုင်ပါကြောင်း၊ ထို့အပြင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်များမှ အွန်လိုင်းစနစ်ဖြင့် ဘွဲ့၊ ဒီပလိုမာ၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်ပို့ချ လျက်ရှိပါကြောင်း၊ Web-Based Teaching System များသည် နိုင်ငံတကာတွင်အသုံးပြုလျက်ရှိပြီး လုပ်ငန်းခွင်မှ ပညာဆက်လက်ဆည်းပူးလိုသူများ၊ စာသင်ခန်းတွင် အချိန်ပြည့်မတက်ရောက်နိုင်သူများအတွက် ဖြည့်ဆည်းပေးနိုင်သည့် စနစ်တစ်ခု ဖြစ်ပြီး Web-Based Teaching System စနစ်သည် ICT နယ်ပယ်တွင် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့်စနစ်လည်း ဖြစ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် HRD အစီအစဉ်ဖြင့် ICT နှင့် သက်ဆိုင်သည့်သင်တန်းများကို ရန်ကုန်တက္ကသိုလ် တွင် Web-Based Teaching System for MSc (Computer Science)၊ Post-Graduate Diploma in Computer Application၊ Web-Based Teaching System for Diploma in Computer Science ၊ Post-Graduate Diploma in Computer Science ရန်ကုန်ပညာရေးတက္ကသိုလ်တွင် (Post-Graduate Diploma in Multimedia Arts)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် (Web-Based Teaching System for LLB ၊ Web-Based Teaching System for Diploma in Law) ၊ ဒဂုံတက္ကသိုလ်တွင် (Basic Computer Training)၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (Post-Graduate Diploma in Multimedia Arts)၊ မန္တလေးနိုင်ငံခြား ဘာသာသင်တက္ကသိုလ်တွင် (Basic Computer Training ၊Advanced Computer Training)၊ တောင်ငူ တက္ကသိုလ်တွင် (Diploma in Software Engineering)၊ ပြည်တက္ကသိုလ်တွင် (Diploma in Computer Studies) နှင့် အဆင့်မြင့်ပညာဦးစီးဌာန(အထက်မြန်မာပြည်)တွင် (Diploma in Information Technology ) သင်တန်းများအား နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
