(င)-ထီးချိုင့်မြို့နယ်၊မြတောင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် တိုးချဲ့ကျောင်းဆောင် သစ်အတွက်ရန်ပုံငွေခွင့်ပြုချထားပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၃.၁၀.၂၀၁၄)

ဦးစိုးစိုး (ထီးချိုင့်) ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား စုစုပေါင်း ၁၈၁၇ ဦးရှိသည့်အတွက် လက်ရှိစာသင်ခန်းနှင့် ကျောင်းသား ညီမျှမှုမရှိကြောင်း၊ အဆိုပါ စာသင်ခန်းလို၏ အပ်ချက်များဖြည့်ဆည်းနိုင်ရန် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် တိုးချဲ့ကျောင်းဆောင်သစ် ပေ ၁၂၀ ထ ၃၀၊ နံကပ်သွပ်မိုး နှစ်ထပ်အဆောက်အဦ ရန်ပုံငွေ ချထားပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနမှ အမှုတွဲများအဖြစ် တင်ပြလျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုငွေမရရှိသေးကြောင်း၊ သို့ဖြစ်ပါ၍ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းကို တိုးချဲ့ကျောင်းဆောင်သစ် အမှန်လိုအပ်နေသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့် အညီ ပေ ၁၂၀ × ၃၀ RC နှစ်ထပ်ကျောင်းဆောင်သစ်အား ခွင့်ပြုရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ၂၀၁၅-၁၆ ဘဏ္ဍာရေး ငွေလုံးငွေရင်းတည်ဆောက်ရေးခေါင်းစဉ်အောက်မှ အန္တရာယ်ရှိကျောင်း (၅)ကျောင်း၊ ဥပဓိရုပ်မကောင်းသောကျောင်း (၅)ကျောင်း၊ သိပ္ပံတစ်ကျောင်း၊ မူကြို (၇)ကျောင်း၊ လွှတ်တော်ကိုယ်စားလှယ်မှတင်ပြသောကျောင်း (၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၉ ကျောင်းအတွက် ငွေကျပ် ၆၁၅.၆ သန်း လျာထားတင်ပြဆောင်ရွက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် လိုအပ်လျက်ရှိသော ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် မူကြိုကျောင်းဆောင် ၆၀ ပေ × ၃၀ ပေ၊ သွပ်မိုးအုတ်ညှပ် တစ်ထပ်ဆောင်ဆောက်လုပ်ရန် ငွေကျပ် ၂၁.၆၀ သန်းကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေခေါင်းစဉ်အောက်မှ လျာထားတင်ပြပြီး ဖြစ်ပါသဖြင့် အဆိုပါကျောင်းတွင် တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။