(ဂ)-အုတ်တွင်းမြို့နယ်၊ပြည်သူ့အားကစားကွင်းဘော လုံးပွဲကြည့်စင်အား ပြု ပြင်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၂)ရက်မြောက်နေ့ (၂၆.၅.၂၀၁၅)

ဦးညီညီမြင့်(အုတ်တွင်း မဲဆန္ဒနယ်)အားကစားကွင်းနှင့် အားကစားရုံများအတွက်ကို SEA Game ပြိုင်ပွဲရှိသည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပါကြောင်း၊ သို့သော်လည်း မိမိတို့အနေနှင့် စေတနာရှင်၊ အလှူရှင်များပေါင်းပြီး အားကစားကွင်းအတွင်းပြုပြင်ခြင်း၊ ခြံစည်းရိုးကာခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပွဲကြည့်စင်အနေဖြင့် အုတ်တိုင်များဆွေးမြေ့ခြင်း၊ အမိုး၊ အကာ၊ အခင်းများပျက်စီး ယိုယွင်းခြင်းများ ရှိနေသည့်အတွက် ဘောလုံးပွဲလာရောက်ကြည့်ရှုသော ပရိသတ်များအတွက်များစွာ အန္တရာယ်ကြီး လာပါကြောင်း၊ အုတ်တွင်းမြို့နယ် ပြည်သူ့အားကစားကွင်းရှိ ဘောလုံးပွဲကြည့်စင်အား ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုပြင်ပေးမည်ဖြစ်ကြောင်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း
အဖြေ

အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ပြည်သူ့အားကစားကွင်းကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် မြို့မိမြို့ဖများမှနေပြီး ဘောလုံးကွင်းမြေသားမြှင့်တင်ခြင်း၊ ခြံစည်းရိုး ပတ်လည်ကာရံခြင်းနှင့် အဆင့်ခြောက်ဆင့်ပါ ပွဲကြည့်စင်အား တည်ဆောက်ပေးခြင်းများကို ပြီးခဲ့သည့် ၁၈-၁-၂၀၁၃ ရက်နေ့တွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အားကစားဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်း လျာထားချက်များမှာ ပါဝင်ခြင်းမရှိသည့်အတွက် အုတ်တွင်းမြို့နယ်ရှိ ပြည်သူ့အားကစားကွင်း၏ ပွဲကြည့်စင်ကို အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်နှင့် ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းခဲ့ရာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ဦးစားပေးမြို့နယ်အဖြစ် ထည့်သွင်းထားပေးရန်နှင့် အားကစားဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၁၅-၁၂-၂၀၁၄ ရက်နေ့တွင် ညှိနှိုင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါညှိနှိုင်းချက်အပေါ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ပြန်ကြားရာတွင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေစာရင်းကို ၉.၁၂.၂၀၁၄ ရက်နေ့မတိုင်မီ စာရင်းချုပ်ပြီးဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေအနေဖြင့် ဆောင်ရွက်ရပါက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ RE သို့မဟုတ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း BE တွင် ထည့်သွင်းလျာထား ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။