ကျေးလက်နေ တောင်သူလယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းခွင်တွင် ပိုးထိခြင်းကြောင့် ကွယ်လွန်ရသည့် ဖြစ်စဉ်များ များပြားလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယခုအချိန်တွင် မြွေဆိပ်ဖြေဆေးများကို အလျင်မီစွာထုတ်လုပ်လာနိုင်ခြင်း၊ ပြည်ပအကူအညီများရရှိခြင်းတို့ကြောင့် ကုစားနိုင်ရန် အခွင့်အလမ်းများပွင့်လင်းလာသော်လည်း တောင်သူလယ်သမားများ၏ ဘဝ လုံခြုံရေးအတွက် ထိရောက်သောအကျိုးပြုစီမံချက်များဖြင့် ဆောင်ရွက်နိုင်ရန် ကိန်းဂဏန်းများ စိစစ်မှုကိုလည်း မှန်ကန်စေရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာန၊ ဆေးဝါး နှင့် စားသောက်ကုန်လုပ်ငန်း အမှတ်(၁)ဆေးဝါးစက်ရုံ(ရန်ကုန်)၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် မြွေဆိပ်ဖြေဆေးပုလင်းပေါင်း ၈၀၀၀၀ လုံး ထုတ်လုပ်မည့်စီမံချက်၌ နှစ်စဉ် မြွေပွေး ကိုက်ခံရမှုဖြစ်စဉ် ၁၀၀၀၀ ခန့်ရှိကြောင်းနှင့် နှစ်စဉ်ပျမ်းမျှ ၄၃၅ ဦးခန့်သေဆုံးလျက်ရှိကြောင်း ဖော်ပြထားသော်လည်း သြစတြေးလျနိုင်ငံ၊ Adelaide တက္ကသိုလ်၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂၀၀၀ ခန့်သည် မြွေကိုက်ခံရမှုကြောင့် သေဆုံးလျက်ရှိသည်ကို ကွဲပြာခြားနားစွာ လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကိန်းဂဏန်း များ၏ မြေပြင် အခြေအနေမှန်ကို မှန်ကန်စွာဖော်ထုတ်စီမံချက်ချမှတ်ရေးစေခြင်းဖြင့် မှန်ကန်သော ကိန်းဂဏန်းများအပေါ်တွင် အခြေခံပြု၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြွေကိုက်ခံရမှုဖြစ်စဉ် အနည်းအများအပေါ် အချိုးညီစွာကူညီပံ့ပိုးနိုင်ရန်အတွက်လည်း အရေးတကြီး လိုအပ်လျက်ရှိ သည်ကို သုံးသပ်ရရှိပါကြောင်း၊ ထို့ကြောင့် (၁) နှစ်စဉ်ဖြစ်ပွားလျက်ရှိသော ဒေသအလိုက် မြွေကိုက်လူနာများနှင့် ကွယ်လွန်သူများ၏ ကိန်းဂဏန်းမှန်ကန်စွာရရှိရေးအတွက် မည်ကဲ့သို့ စီစဉ်ထားရှိပါကြောင်းနှင့် လက်လှမ်းမမီသောဒေသမှ မြွေကိုက်ခံတောင်သူလယ်သမားများနှင့် အခြေခံလူတန်းစားများအတွက် နောက်ဆက်တွဲဖြစ်ပေါ်လျက်ရှိသော ဝေဒနာရှင်များအား ကုစား ပေးရန် မည်သို့သောအစီအစဉ်များရှိ/မရှိနှင့် (၃) ပြည်ပမှ ကူညီဆောင်ရွက်ပေးမည့် အလှူငွေ သို့မဟုတ် ဆေးဝါးပစ္စည်းများကို မည်ကဲ့သို့စနစ်တကျ စီမံထားရှိဆောင်ရွက်ထားပါကြောင်း မေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှု အောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)မှ မြွေဆိပ်ဖြေဆေးများကို နိုင်ငံတော်လိုအပ်ချက်ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် နှစ်အလိုက် တိုးမြှင့်ထုတ်လုပ်ရန် စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မြွေဆိပ်ဖြေဆေးအလုံးပေါင်း ၈၀၀၀၀ ထုတ်လုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ထားသော နှစ်အလိုက် မြွေကိုက်မှုနှုန်းနှင့် မြွေကိုက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ပျမ်းမျှချက်အပေါ် အခြေခံ၍ စီမံချက်ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းဇယားများအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အများဆုံးမြွေကိုက်မှုဖြစ်စဉ်မှာ နှစ်စဉ် ၁၅၀၀၀ ခန့်ဖြစ်ပြီး မြွေကိုက်မှုကြောင့် ပျမ်းမျှသေဆုံးမှုမှာ ၂၀၀၅ မှ ၂၀၁၀ ခုနှစ်အတွင်း ၄၃၅ ဦးနှင့် ၂၀၀၅ မှ ၂၀၁၂ ခုနှစ်အထိ ပျမ်းမျှသေဆုံးမှုမှာ ၃၉၃ ဦး ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပြည်တွင်းမြွေကိုက်ခံရမှုများ အတွက် အထိရောက်ဆုံးသော မြွေဆိပ် ဖြေဆေးကို နိုင်ငံတော်လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် မြွေဆိပ်ဖြေဆေး အဆောက်အဦသစ်အား GMP စနစ်နှင့်အညီ တည်ဆောက်လျက် ရှိသည့်အပြင် ခေတ်မီနည်းစနစ်များနှင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ရန် အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သြစတြေးလျနှင့် ဘရာဇီးလ်နိုင်ငံတို့မှအကူအညီများကို ရယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ဖြင့် လိုအပ်သော လေ့လာရေးခရီးစဉ်များလည်း စေလွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သြစတြေးလျနိုင်ငံ မြန်မာ့ ကျန်းမာရေးဆိုင်ရာ သြစတြေးလျ အကူအညီပေးရေးအဖွဲ့၏ Improving the Health Outcomes for Snake Bite Victims in Myanmar စီမံချက်အရ ၂၀၁၅ မှ ၂၀၁၇ အတွင်း နည်းပညာဖလှယ်မှုဆိုင်ရာသင်တန်းများနှင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်း အကူ အညီ၊ အထောက်အပံ့များရရှိရေးအတွက် ဆောင်ရွက်ထားခြင်း၊၊
စက်မှု ဝန်ကြီးဌာနဆေးဝါးစက်ရုံ(အင်းစိန်)မှ မြွေဆိပ်ဖြေဆေးတာရှည်အထားခံနိုင်မှု တိုးတက် စေရန်နှင့် လျှပ်စစ်မီးလုံလောက်စွာမရရှိသော ကျေးလက်ဒေသများတွင် မြွေဆိပ်ဖြေဆေး ပျက်စီးမှုနှင့် ပြုန်းတီးမှုများကာကွယ်ရန် ဧခဲခြောက်မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုနှင့် အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာနည်းပညာနှင့် စက်ပစ္စည်းများ ထပ်မံရရှိရေးအတွက် ဆောင်ရွက်ခြင်း၊ ဘရာဇီးလ်နိုင်ငံနှင့် နည်းပညာပူးပေါင်းရေးသဘောတူညီချက်ဖြင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု ဆိုင်ရာ ဝန်ထမ်းများအား ဘရာဇီးလ်နိုင်ငံသို့ ပညာသင်စေလွှတ်နိုင်ရေး၊ ဘရာဇီးလ်နိုင်ငံမှ ပညာရှင်များ မြန်မာနိုင်ငံသို့လာရောက်၍ နည်းပညာဖြန့်ဝေပေးနိုင်ရေးများအတွက် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးသတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် Health Management Information System (HMIS)ကို ထူထောင်လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်း အဆိပ်ရှိမြွေကိုက် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုဆိုင်ရာအချက် အလက်များ Morbidity နှင့် Mortality Data များကို သတ်မှတ်ပုံစံများဖြင့် စုစည်းဆောင်ရွက်လျက် ရှိသည့်အပြင် အခြေခံကျန်းမာရေးဝန်ထမ်းများက တာဝန်ကျရာနယ်မြေအတွင်း အဆိပ်ရှိမြွေကိုက်လူနာဆိုင်ရာ အချက်အလက်များကို စုစည်းပေးပို့ကာ အဆိုပါအချက်အလက်များကို နှစ်စဉ်ဖော် ပြလျက်ရှိပါသောကြောင့် မိမိတို့၏ သတင်းအချက်အလက်များသည် Coverage ကောင်းကောင်းဖြင့် ဆောင်ရွက်ထားခြင်းကြောင့် ကျွန်တော်တို့ အနီးစပ်ဆုံးမှန်ကန်လျက် ရှိပါကြောင်း၊ လက်လှမ်းမမီသောဒေသမှ မြွေကိုက်ခံတောင်သူလယ်သမားများနှင့် အခြေခံ လူတန်းစားများ အတွက် အရေးပေါ်မြွေဆိပ်ဖြေဆေးထိုးနိုင်ရန် တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများအထိ သက်ဆိုင်ရာမြို့နယ်များမှတစ်ဆင့် မြွေ ဆိပ်ဖြေဆေးများကို ပေးပို့ပြီး အဆင်သင့်ထားရှိခြင်းနှင့် နောက်ဆက်တွဲ ကျောက်ကပ်ပျက်စီးပါက ကျောက်ကပ် သွေးသန့်စင်ရန်အတွက် Peritoneal Dialysis နှင့် Haemodialysis တို့ပြုလုပ်၍ ကုသပေးနိုင်ရန်စီစဉ်ထားရှိပြီး အခမဲ့ကုသပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မြို့နယ်အဆင့်် ဆေးရုံများအထိ ပြုလုပ်နိုင်ရန်အတွက် သင်တန်းပေး လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးများကိုလည်း Haemodialysis Center များဖွင့်လှစ်ပေးနိုင်ရန် ၂၀၁၅ ခုနှစ်တွင် စီမံချက်ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊
ပြင်ပအကူအညီအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကူညီထောက်ပံ့မှုကို ၁၉၉၉ ခုနှစ်က စတင်ပြီး ၂ နှစ်လျှင်တစ်ကြိမ် Budget Allotment ချပေး၍ လုပ်ငန်းသုံးခုဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများအနက် ပထမလုပ်ငန်းသည် မြွေကိုက်ခံရသော မြို့နယ်များကို နှစ်စဉ် အလှည့်ကျသွားရောက် သင်တန်းပေးခြင်း၊ ဒုတိယလုပ်ငန်းအနေဖြင့် Peritoneal Dialysis နှင့် Haemodialysis ခေါ် ကျောက်ကပ်များဆေးသည့် လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်ဆရာဝန်များကို တစ်လကြာသင်တန်းပေးသည့် အစီအစဉ်များ ဆောင်ရွက် ပေးခြင်း၊ တတိယလုပ်ငန်းအနေဖြင့် Education and Information စသည့် နံရံကပ်ပိုစတာ၊ လက်ကမ်းကြော်ငြာ၊ စာအုပ်များဖြန့်ဝေခြင်းနှင့် အသုံးပြုရမယ့် Computer, Copier များကို WHO မှ အလျဉ်းသင့်သလို စီမံချက်များကို ထောက်ပံ့ ပေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြည်ပအကူအညီထောက်ပံ့မှုအသစ်အနေဖြင့် သြစတြေးလျနိုင်ငံ Adelaide University ထောက်ပံ့မှုကို အကောင်အထည်ဖော်ရန်အတွက် Letter of Agreement ထိုးရန် စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ဆေးဝါးစက်ရုံက ထောက်ပံ့ပေးနိုင်သော အင်အားအနေဖြင့် ၂၀၁၃-၁၄နှင့် ၂၀၁၄-၁၅ တွင် စုစုပေါင်း ၁၉၉၁၈၁ လုံး မြွေဆိပ်ဖြေဆေးရရှိပြီး မြန်မာပြည်တစ်ပြည်လုံးသို့ို ၁၂၁၆၆၆ လုံးဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် လက်ကျန် ၄၈၅၇၇ လုံးရှိပြီးအခု ၂၀၁၅-၁၆ တွင် မြန်မာနိုင်ငံဆေးဝါးစက်ရုံက ၇၆၀၀၀ ရရှိမည်ဖြစ်သည့် အတွက် ၂၀၁၅-၁၆ အတွက် လုံလောက်စွာရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
