စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ခုတင်(၁၆)လုံးဆံ့ ကိုယ်ထူကိုယ်ထ တည်ဆောကခဲ့သည့် ဆေးရုံကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်လှမြင့်ဆွေမှ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ဆေးရုံတည်နေရာမှာ ရွှေမင်းဝံရပ်ကွက်၊ ၂၁ လမ်း၊ ၂၅ x ၂၆ လမ်းကြားတွင်တည်ရှိပြီး တောင်မြောက်အရှည် ၁၂၀ ပေ၊ အရှေ့အနောက်အရှည် ၂၈၀ ပေရှိသော ဆေးရုံဝန်းမြေဧရိယာအတွင်း တည်ရှိပြီး (၁) ခုတင် (၁၆)လုံးဆံ့ဆေးရုံ၊ (၂)ဆေးရုံ ရုံးခန်း အဆောက်အဦတစ်လုံး၊ (၃) ဆရာဝန်နေရန် အဆောက်အဦတစ်လုံး၊ (၄) တာဝန်ကျသူနာပြုဆရာ/မများနေရန် နှစ်ခန်းတွဲတိုက်နှစ်လုံး စုစုပေါင်းအဆောက်အဦ ငါးလုံးရှိသည့် ဆေးရုံဖြစ်ပါကြောင်း၊ ရေမီးအပြည့်အစုံနှင့် တာဝန်ကျဆရာဝန်၊ သူနာပြုဆရာ/မများဖြင့် ကုသပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် ကိုယ်ထူကိုယ်ထ ဆေးရုံဖြစ်သည့်အတွက် ၁၉၉၆ ခုနှစ်မှစပြီး ငွေကြေးအခက်အခဲကြောင့် ယနေ့အချိန်အထိ ဆေးရုံကို ဆက်လက်ဖွင့်လှစ်ကုသနိုင်ခြင်းမရှိတော့ပါကြောင်း၊ အဆိုပါ ဆေးရုံအား နိုင်ငံတော်စီမံချက်ဖြင့် ပြန်လည်ဖွင့်လှစ် ပေးနိုင်မည်ဆိုပါက အိမ်ခြေ ၁၅၀၀၊ လူဦးရေ ၅၀၀၀ ကျော်ရှိသည့် ရွှေမင်းဝံရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းစက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)၊ နီလာဦး ရပ်ကွက်၊ တောင်ညိုကျေးရွာ၊ ရေကားကျေးရွာ၊ ကျောက်တာကျေးရွာမှ ပြည်သူများလည်း အချိန်နှင့်တပြေးညီ ဆေးဝါးကုသမှု ခံယူနိုင်ကြမည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ မြေနေရာအကျယ်အဝန်းနှင့်တကွ ဆေးရုံအဆောက်အဦများပါ အရန်သင့်၊ အဆင်သင့်ရှိပြီးဖြစ်သော (၁၆)ခုတင်ဆံ့ ဒေသန္တရဆေးရုံအား နိုင်ငံတော် စီမံချက်ဖြင့် ပြန်လည်ဖွင့် လှစ်၍ ပြည်သူများအား ဆေးကုသပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်သည် စစ်ကိုင်းမြို့တွင် ရပ်ကွက် ၁၈ ရပ်ကွက် ရှိသည့်အနက် အိမ်ထောင်စု ၉၅၂ ခုနှင့် လူဦးရေ ၅၀၉၆ ဦးရှိသော ရပ်ကွက်တစ်ခုဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့ ခုတင် ၂၀၀ ဆံ့ အထူးကုဆေးရုံကြီးနှင့် ၆ မိုင်ခန့်အကွာအဝေးတွင်သာ တည်ရှိပါကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရွှေမင်းဝံ ရပ်ကွက်ပိုင်ဆေးခန်းအား ကျန်းမာရေးဝန်ကြီးဌာနအပိုင် ဒေသန္တရ ကျန်းမာရေးဌာနခွဲအဖြစ် ခွင့်ပြုမိန့်ရရှိပါက ရပ်ကွက်ပိုင်မြေကွက်နှင့် အဆောက်အဦများ လွှဲပြောင်းလှူဒါန်း ပေးမည်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ရွှေမင်းဝံရပ်ကွက်သည် စစ်ကိုင်းမြို့ပေါ်တွင် တည်ရှိပြီး ပြည်သူ့ဆေးရုံကြီးနှင့် ၆ မိုင်ခန့်သာဝေးကွာပြီး လူဦးရေထူထပ်သည့် ရပ်ကွက်တစ်ခုဖြစ်သောကြောင့် တိုက်နယ်ထားရှိရန် မလိုအပ်သေးသောကြောင့်၊ ဒေသန္တရ ကျန်းမာရေးဌာခွဲ အဖြစ် ဖွင့်လှစ်ရရှိနိုင်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုချက် ရရှိရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အကယ်၍ ဒေသန္တရကျန်းမာရေးဌာနခွဲ အဖြစ် ဖွင့်လှစ်ခွင့်ရရှိမည်ဆိုလျှင် ဆရာဝန်တစ်ဦး၊ သူနာပြုသုံးဦး၊ သွားဖွာဆရာမငါးဦး၊ ကြီးကြပ်-၂ ငါးဦးနှင့် အခြားဝန်ထမ်းခြောက်ဦး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
